ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြစ်ချောင်းများ ညစ်ညမ်းမှုသည် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ်မှုရှိကြောင်း ခိုင်လုံသည့်အထောက်အထားများ တွေ့ရှိရသဖြင့်၊ အစိုးရအနေဖြင့် သံတမန်လမ်းကြောင်းမှတစ်ဆင့် ဦးဆောင်ဖြေရှင်းပေးရန် အတိုက်အခံ ပြည်သူ့ပါတီ (People’s Party) က တိုက်တွန်းကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၄ရက်တွင် ပြည်သူ့ပါတီခေါင်းဆောင် နတ်သဖွန် (Natthaphong Ruengpanyawut) နှင့် ချင်းမိုင်အမတ် ပတ်သရာဖွန်(Pattharapong Leelaphat) တို့ပါဝင်သည့် ပါတီကိုယ်စားလှယ်အဖွဲ့က ဘန်ကောက်မြို့ရှိ တရုတ်သံရုံးသို့ သွားရောက်ကာ သံအမတ် ကျန်းကျန့်ဝေ (Zhang Jianwei) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တိုက်တွန်းမှုပေါ်ထွက်လာခြင်းဖြစ်သည်။

ပြည်သူ့ပါတီသည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသော ရေထုညစ်ညမ်းမှုသည် ထိုင်းပြည်တွင်းမှ စတင်ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံဘက်ခြမ်းရှိ သတ္တုတွင်းများကြောင့် ဖြစ်နိုင်ကြောင်း ညွှန်ပြနေသည့် သိပ္ပံနည်းကျ လေ့လာမှုများ၊ ရေနှင့် အနည်အနှစ် စစ်ဆေးချက်ရလဒ်များ၊ သတ္တုတွင်းပေါင်း ၂,၆၇၆ ခု၏ တည်နေရာများအပါအဝင် စာမျက်နှာ ၅၀၀ ကျော်ရှိသည့် အထောက်အထား စာရွက်စာတမ်းများကို တရုတ်သံအမတ်ကြီးထံ ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံရှိ အဆိုပါသတ္တုတွင်းများသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေပြီး ထိုသတ္တုတွင်းများမှ ကုန်ကြမ်းများကို တရုတ်နိုင်ငံသို့ တင်ပို့နေသည်မှာ ခိုင်လုံကြောင်း သက်သေပြနိုင်ပါက၊ ပေကျင်းအစိုးရအနေဖြင့် ၎င်းတို့၏ ပြည်တွင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေများအရ အရေးယူဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်သံရုံးဘက်က တုံ့ပြန်ခဲ့ကြောင်း မစ္စတာနတ်သဖွန် က ဆိုသည်။
တရုတ်သံရုံးအနေဖြင့် ထိုအချက်အလက်များကို စီစစ်သုံးသပ်ရန် ပေကျင်းဗဟိုအစိုးရထံ ပေးပို့သွားမည်ဟု အာမခံခဲ့ကြောင်းသိရသည်။
သို့သော် နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှု ပြဿနာသည် တရုတ်နိုင်ငံတစ်ခုတည်းက ဖြေရှင်း၍ ရနိုင်သော အရာ မဟုတ်ဘဲ ထိုင်း၊ မြန်မာနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းကိုလည်း တရုတ်အရာရှိများက ပြောခဲ့ကြောင်းသိရသည်။
တိုက်ရိုက်ထိခိုက်ခံစားနေရသည့် ထိုင်းနိုင်ငံဘက်ကသာ သံတမန်လမ်းကြောင်းအရ ဦးဆောင်နိုင်လျှင် တရုတ်နိုင်ငံက ကူညီပံ့ပိုးပေးရန် အသင့်ရှိနေမည်ကို ယုံကြည်ကြောင်း မစ္စတာနတ်သဖွန်က ပြောကြားခဲ့သည်။
ရရှိထားသော အချက်အလက်များသည် အတည်မပြုရသေးသည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အချက်အလက်မှန်များအပေါ်တွင် အခြေခံပြီး ဖြေရှင်းသင့်ကြောင်းနှင့် ခိုင်လုံသော သက်သေအထောက်အထားများ ရရှိလာသည့်အချိန်တွင်လည်း ထိုင်းနိုင်ငံ၏ကြိုးပန်းမှုကို တရုတ်ဘက်မှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ကိုးကား – Bangkok Post








Leave a Comments