သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ သျှမ်းကွန်မြူနတီကောလိပ် (Shan Community College) တွင် ပဉ္စမအကြိမ်မြောက် ဘွဲ့လက်မှတ် ပေးအပ်ချီးမြှင့်ပွဲ ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။
ယနေ့ (ဇွန်လ ၂၀ ရက်) နံနက်ပိုင်းတွင် ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ ကော်တိုင်းအဖွဲ့အစည်း (Kaw Dai Organization) မှ ဖွင့်လှစ်သည့် သျှမ်းကွန်မြူနတီကောလိပ် (Shan Community College) တွင် ပဉ္စမအကြိမ်မြောက် ဘွဲ့နှင်းသဘင်နှင့် အထက်တန်း အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သျှမ်းကွန်မြူနတီကောလိပ်မှ ကျောင်းသားကျောင်းသူ (၅၅) ဦး Associate Degree ဘွဲ့လက်ခံရယူခဲ့ပြီး သျှမ်းအမျိုးသားကျောင်းများမှ အထက်တန်းနှင့် GED အောင်လက်မှတ် ရရှိသူများ (၅၅) ဦး၊ စုစုပေါင်း (၁၁၀) ဦးတို့ကို ဘွဲ့လက်မှတ်နှင့် အောင်လက်မှတ် အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌ နန်းဟျိုးဆိုင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒီနှစ်က ကျောင်းသူ/သားတွေ အရင်နှစ်တွေထက် ပိုများလာတာပေါ့။ College က အောင်မြင်တဲ့သူရော၊ GED နဲ့ အထက်တန်း အောင်မြင်တဲ့သူတွေ များပြီး စုစုပေါင်း ၁၁၀ ယောက် ရှိတယ်။ ပြုလုပ်ခဲ့ဖူးတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ဒီတခေါက်က ကျောင်းသူ/သားတွေ အများဆုံး ဖြစ်တယ်။ College က အောင်မြင်တဲ့သူ ၅၅ ယောက်ရှိပြီး သူတို့ထဲက ပြည်ပ တက္ကသိုလ်တွေ ဆက်တက်ဖို့အတွက် အယောက် ၃၀ ကျော် ရှိထားပါတယ်” ဟု သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌ နန်းဟျိုးဆိုင် က ပြောသည်။





ယနေ့ ပြုလုပ်ခဲ့သည့် သျှမ်းကွန်မြူနတီကောလိပ် (၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ ကျောင်းသား/သူများ၏ မိဘဆွေမျိုးများနှင့် ကျောင်းတာဝန်ရှိသူများ စုစုပေါင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
Shan Community College မှ Associate Degree ဘွဲ့ရပြီးသည့် ကျောင်းသား/သူများသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Chiang Mai Rajaphat University နှင့် Payap University တက္ကသိုလ်များတွင် ၂ နှစ် ထပ်မံတက်ရောက်ကာ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လက်မှတ်များ ရရှိနိုင်မည်ဖြစ်သည်။
“အများစုကတော့ ထိုင်းနိုင်ငံ ချင်းမိုင်က CMRU တက္ကသိုလ်ကို တက်ကြမှာ ဖြစ်တယ်။ သူတို့ စိတ်ဝင်စားတဲ့ Hospitality နဲ့ Tourism ဘာသာရပ် အပိုင်းရယ်၊ နောက်တစ်ခုက IBM (International Business Management) ဘာသာရပ်အပြင် English for Communication ဘာသာရပ်ကိုလည်း ရွေးချယ်တက်ရောက်ကြမှာ ဖြစ်တယ်။ ဒီမေဂျာသုံးခုကို အဓိက ရွေးချယ်တက်ရောက်ကြတာ များတယ်” ဟု နန်းဟျိုးဆိုင် က ဆက်ပြောသည်။
ကော်တိုင်း (Kaw Dai Organization – ၵေႃတႆး) အဖွဲ့အစည်း လက်အောက်ရှိ အခြေခံပညာကဏ္ဍတွင် ၂၀၀၅ ခုနှစ်မှ စတင်ပြီး မိခင်ဘာသာစကားအခြေပြု သင်ကြားရေးစနစ်ဖြင့် သျှမ်းအမျိုးသားကျောင်းများ (ႁူင်းႁဵၼ်းၸိူဝ့်ၸၢတ်ႈ – Shan National School) ဖွင့်လှစ်ထားပြီး အထက်တန်းပြီးမြောက်သူများ အနေဖြင့် သျှမ်းကွန်မြူနတီကောလိပ်တွင် အဆင့်မြင့်ပညာ ဆက်လက်တက်ရောက်နိုင်သည်။

သျှမ်းကွန်မြူနတီကော်လိပ်အနေဖြင့် ထိုင်းနိုင်ငံ အဆင့်မြင့်တက္ကသိုလ်များနှင့် ချိတ်ဆက်မှုအဖြစ် ၂၀၁၉ ခုနှစ်တွင် ချင်းရိုင်းမြို့ရှိ Chiang Rai Rajaphat University နှင့်လည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် ချင်းမိုင်မြို့ရှိ Chiang Mai Rajaphat University ၊ Payap University တို့နှင့်လည်းကောင်း နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ အဆင့်မြင့်တက္ကသိုလ်အပြင် စင်ကာပူ၊ တရုတ်၊ စပိန်၊ မလေးရှား၊ ကနေဒါနိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်နေသည့် ကျောင်းသားလူငယ်ပေါင်း ၁၅၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။









Leave a Comments