သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ မြို့မဈေးကြီး မီးလောင်ခြင်းကြောင့် ဈေးအတွင်း ဆိုင်တန်း ၂ တန်း မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။
ယနေ့ (ဖေဖော်ဝါရီလ ၂ ရက်) နံနက် ၂ နာရီခန့်မှ စတင်၍ ပန်ဆိုင်းမြို့မဈေးကြီး မီးလောင်ကျွမ်းခဲ့ပြီး ဈေးအတွင်းရှိ ဆိုင်တန်း ၂ တန်း မီးလောင်ပျက်စီးခဲ့ရကာ ဈေးသူဈေးသားများနှင့် အရံမီးသတ်တပ်ဖွဲ့တို့က နံနက် ၄ နာရီခွဲကျော်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ပန်ဆိုင်းမြို့ဒေသခံများက ပြောသည်။
“ဈေးထဲက ဆိုင်တန်း ၂ တန်း၊ ဈေးဆိုင်ခန်းအနေနဲ့ ပြောရရင် စုစုပေါင်း ၄၀ ကျော် မီးလောင်သွားတယ်။ မီးထဲပါသွားတဲ့ ကုန်မာဆိုင်က သွပ်နဲ့သံတွေကို စည်ပင်က ကားနဲ့ ပြန်လာသယ်နေတယ်။ ဆိုင်ခန်းတွေက မီးလောင်ပြာကျသွားတာတွေကို ကားကြီးနဲ့ သယ်ထုတ်နေတာ ၁၀ စီးကျော် ရှိတယ်”ဟု ပန်ဆိုင်းမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပန်ဆိုင်း မြို့မဈေးတွင် နံနက် ၂ နာရီကျော်က မီးစတင်လောင်ကျွမ်းခဲ့ရာ ဈေးသူဈေးသားများနှင့် အရံမီးသတ်တပ်ဖွဲ့မှ မီးသတ်ကားများအပြင် နံနက် ၃ နာရီကျော်တွင် တရုတ်နိုင်ငံဘက်မှ မီးသတ်ကားတစ်စီးလည်း လာရောက်မီးငြိမ်းကူခဲ့ကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။
“ဘာကြောင့်လောင်တယ်ဆိုတာတော့ သေချာမသိရသေးဘူး။ ခန့်မှန်းကြတာကတော့ ဝါယာရှောခ့်ကြောင့် မီးလောင်တယ်လို့ ပြောနေကြတယ်။ ဘာလို့ဆိုရင် မနေ့က မီးပျက်တော့ ညမှ မီးပြန်လာတယ်ပြောတယ်။ ပုံမှန် ဈေးထဲကမီးကို main ချတယ်၊ မနေ့က main မချရတော့ ဝါယာရှောခ့်ဖြစ်ပြီး လောင်တာဖြစ်မယ်”ဟု ပန်ဆိုင်းမြို့မဈေးအနီး နေထိုင်သည့် ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။
အဆိုပါ ဆိုင်ခန်း (၄၀)ကျော် မီးလောင်သွားခြင်းနှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးခဲ့ရသည့် တန်ဖိုးအသေးစိတ်ကို မသိရှိရသေးဘဲ လူထိခိုက်မှု မရှိကြောင်း ပန်ဆိုင်းမြို့ ဒေသခံများထံမှ သိရသည်။
မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ဒီဇင်ဘာ လလယ်မှစ၍ လျှပ်စစ်မီးကို ကိုးကန့်တပ်ဖွဲ့ MNDAA က တရုတ်နိုင်ငံမှတဆင့် သွယ်တန်းပေးပြီး တစ်ယူနစ်လျှင် တရုတ်ယွမ်ငွေ ၂ ယွမ် (မြန်မာငွေ ၈၀၀ ကျပ်ခန့်) ဖြင့် ကိုးကန့်တပ်ဖွဲ့MNDAA ထံသို့ မီတာခ ပေးသွင်းရကြောင်း ပန်ဆိုင်းဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အပြင် မိုးမိတ်မြို့တွင်လည်း ဇန်နဝါရီလ ၁၉ ရက် ညအချိန်က စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးမိတ်မြို့မဈေး တစ်ခုလုံးနှင့် ပြည်သူနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း မိုးမိတ်ဒေသခံများထံမှ သိရသည်။
အလားတူ လွိုင်ကော်မြို့ပေါ် ဈေးပိုင်းရပ်ကွက်ရှိ (၂)ထပ်စျေးတဝိုက်နှင့် ပြည်သူနေအိမ်များကိုလည်း ဇန်နဝါရီလ ၂၆ ရက်တွင် စစ်ကောင်စီက မီးလောင်ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း Jobs From Kayah မှ ထုတ်ပြန်ထားသည်။