Tuesday, January 27, 2026

မြန်မာ့နွေဦးတော်လှန်ရေးတွင် “ဖိုဝါဒ လွှမ်းမိုးသော စကားဝိုင်း” များက အဟန့်အတားဖြစ်စေ

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ချီတက်သွားမည်ဟု ကမ္ဘာသိ ကြွေးကြော်နေသော မြန်မာ့နွေဦးတော်လှန်ရေးတွင် ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများက အဟန့်အတားဖြစ်စေသည့်အတွက် ဝေဖန်ထောက်ပြရန် လိုကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က ပြောကြားလိုက်သည်။

“ဖိုဝါဒကြီးစိုးတဲ့ စကားဝိုင်းတွေ ဒီလိုထပ်ပြီးတော့ ရှိနေတယ်ဆိုရင် အနာဂတ်မှာ သွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တရားမျှတရေးဆိုတဲ့ဟာတွေ ပိုပြီးတော့ အလှမ်းဝေးစေတာဖြစ်တယ်။ အဲ့ဒါကြောင့် ဒီလိုမျိုးဟာတွေကို ကျမတို့ လက်မခံနိုင်ဘူး၊ ဒါတွေက ပြောရမယ်၊ ဒီဟာတွေ ပပျောက်အောင် လုပ်ဆောင်ရမယ်ဆိုတဲ့ စဉ်းစားချက်တွေနဲ့ ဒီပြပွဲတွေကို လုပ်ဆောင်ရတာဖြစ်ပါတယ်”ဟု နာင်းမို့မို့က ဓာတ်ပုံပြခန်းတွင် ပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲတွင် ပြောသည်။

Photo – Credit ( ဖိုဝါဒ လွှမ်းမိုးထားသည့် ဓာတ်ပုံပြပွဲ)

နွေဦးတော်လှန်ရေးတွင် နေရာပေါင်းစုံ ကဏ္ဍပေါင်းစုံမှာ တက်တက်ကြွကြွ ပါဝင်နေကြသည့် အမျိုးသမီးများစွာ ရှိသော်လည်း အမျိုးသမီးများနှင့် တိုက်ရိုက် ဆက်စပ်နေသည့် အကြောင်းအရာများကို ဆွေးနွေးသည်ကအစ မြေပြင်တွင်လုပ်ဆောင်နေသော အမျိုးသမီးအသံများ မပါဝင်သည်ကို တွေ့ရကြောင်း နာင်းမို့မို့က ဆိုသည်။

“အမျိုးသမီးတွေရဲ့ ပါဝင်မှုလို့ ပြောတဲ့အခါမှာ အမျိုးသား‌တွေက သူတို့ရှိနေတဲ့ နေရာကနေ ဖယ်ပေးဖို့ကို ကျမတို့ ပြောနေတာမဟုတ်ဘူး။ အမျိုးသားတွေရှိနေတဲ့ အဲ့ဒီနေရာမှာ အမျိုးသမီးတွေကလည်း ပါဝင်နေရမယ်။ အမျိုးသမီးတွေက အဲ့နေရာတွေမှာ သူတို့ရဲ့အသံတွေ ထွက်နေရမယ်၊ သူတို့ရဲ့ သုံးသပ်ချက်တွေ ရှိနေရမယ် ဆိုတဲ့ဟာကို ပြောတာဖြစ်တယ်”ဟု နာင်းမို့မို့ က စကားဝိုင်းဆွေးနွေးပွဲတွင် ပြောသည်။

Photo – Credit ( ဖိုဝါဒ လွှမ်းမိုးထားသည့် ဓာတ်ပုံပြပွဲ)

ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းဖြစ်မြောက်အောင် စီစဉ်သူများ၊ ပွဲဖြစ်မြောက်အောင် နည်းပညာအရ အရင်းအမြစ်အရ ကူညီပံ့ပိုးပေးနေသည့် အဖွဲ့အစည်းများတွင် တာဝန်ရှိပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ Guest Speaker များအနေဖြင့်လည်း ဖိုဝါဒကြီးစိုးမှုကို ငြင်းဆန်ရန် အားလုံး၌ တာဝန်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

ဓာတ်ပုံပြပွဲတွင် ပင်မမီဒီယာနှင့် ဒေသခံမီဒီယာ ပလက်ဖောင်းများပေါ်မှာ ပြုလုပ်နေသည့် ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများကို အဓိက ထောက်ပြထားသည်။

Photo – Credit ( ဖိုဝါဒ လွှမ်းမိုးထားသည့် ဓာတ်ပုံပြပွဲ)

ဒုတိယအကြိမ် ပြုလုပ်သည့် ပြပွဲပိုစတာ နှင့် ပတ်သက်ပြီး လူမှုကွန်ယက်ပေါ် စတင်ထုတ်ပြန်ချိန်က ဝေဖန်အကြံပေးမှုများ၊ ခြိမ်းခြောက်စိန်ခေါ်မှုများနှင့်အတူ မေးခွန်းပေါင်း မြောက်များစွာကို ကြုံခဲ့ရကြောင်း သိရသည်။

“ဒီပြပွဲမှာ သုံးတဲ့ ပိုစတာတွေဆိုတာက တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး ဖေ့စ်ဘွတ်တခွင်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပြီးတော့မှ ရောက်လာတဲ့ပုံတွေဖြစ်တယ်။ ဒီဟာက ခွင့်ပြုချက်ယူဖို့ မလိုဘူးလို့ ယူဆတယ်။ အဲ့တာကြောင့် ခွင့်ပြုချက် မတောင်းထားပါဘူး။ မတောင်းတဲ့အတွက်လဲ ကျင့်ဝတ်ကို ထိခိုက်တယ်လို့လဲ မယူဆပါဘူး”ဟု သံလွင်ပြည်သူ့မူဝါဒ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ယိင်းလောဝ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit ( ဖိုဝါဒ လွှမ်းမိုးထားသည့် ဓာတ်ပုံပြပွဲ)

ပြပွဲပိုစတာတွင် ပါဝင်သည့် ဦးဆောင်ဆွေးနွေးသူများ၏ ဓာတ်ပုံနှင့်ပတ်သက်ပြီး ၎င်းတို့သည် နွေဦးတော်လှန်ရေး၌ ကဏ္ဍအသီးသီးမှာ ဦးဆောင်နေသူတွေ ဖြစ်သည့်အလျောက် ထောက်ပြဝေဖန်ရန် ဓာတ်ပုံခွင့်ပြုချက်ယူဖို့ မလိုအပ်ဘဲ အများပြည်သူသို့ ပြသထားသည့် အမျိုးသားသီးသန့် ဆွေးနွေးသော စကားဝိုင်းများရဲ့ ပိုစတာကနေ ယူသုံးထားတာကြောင့် ကျင့်ဝတ်နှင့် မည်သို့မျှ ထိခိုက်မှု မရှိဟု ယိင်းလောဝ်က ဆက်ပြောသည်။

“ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တိုင်းမှာ အမျိုးသမီးတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်မှုပေါ့နော်၊ ပိုစတာမှာ ပါတဲ့အနီရောင်အစက်တွေက အဲ့ဒါကိုပြောတာ။ Where are the Women? အမျိုးသမီးတွေ ဘယ်မှာလဲ ဆိုတဲ့မေးခွန်းကို ထုတ်ချင်တာ၊ အဲ့ဒါကို ထုနဲ့ထည်နဲ့ ပြချင်တာ”ဟု ယိင်းလောဝ်က ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ သံလွင်ပြည်သူ့မူဝါဒလေ့လာရေးအဖွဲ့နှင့် SEA-Junction အဖွဲ့ ၃ ဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ယခု ဓာတ်ပုံပြပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘန်ကောက်အနုပညာနှင့် ယဉ်ကျေးမှုစင်တာ (BACC) စတုတ္ထထပ်တွင် အောက်တိုဘာလ ၁၇ ရက်မှ ၂၉ ရက်နေ့အထိ ပြသထားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြောက်ပိုင်းခေါ်သံနှင့် နွေဦးတော်လှန်ရေး၏ ဟန်ချက်ညီစစ်ဆင်ရေး

0
နိဒါန်း စစ်အာဏာသိမ်းကာလအစကတည်းက လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ပြည်သူလူထု၏ နွေဦးတော်လှန်ရေးသည် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်နှိမ်နင်းဖြိုခွင်းမှုများကြောင့် မိမိကိုယ်ကို ခုခံ ကာကွယ်နိုင်ရေးမှ ရရာလက်နက်စွဲကိုင်တော်လှန်ရေးအထိ အရွေ့အပြောင်းမြန်ဆန်ခဲ့ရသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် “တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် ခုခံတော်လှန်စစ်” ဆင်နွှဲ ကြရန် ကြေညာသည်အထိ အာဏာသိမ်းစစ်အုပ်စုအား...

အမျိုးသမီးတစ်ဦး အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့တွင် အမျိုးသမီး တစ်ဦးကို စစ်အာဏာသိမ်း ဆန့်ကျင်မှုကြောင့် မိုင်းတုံမြို့ တရားရုံးက အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် အမိန့်ချလိုက်ခြင်းဖြစ်ပြီး အမှုရင်ဆိုင်ကာလ ၃ လကျော်မှ အမိန့်...