၂၀၂၂ ခု ဖေဖော်ဝါရီလ ၇ ရက်နေ့ဟာ ၇၅ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ ဖြစ်ပါတယ်။ ပြည်ထောင်စုသန္ဓေတည်ရာနေ့လို့လည်းဆိုနိုင်တဲ့ သျှမ်းပြည်အမျိုးသားနေ့ရဲ့ ၇၅ နှစ်မြောက်မှာ သျှမ်းပြည်တွင်းနေတိုင်းရင်းသားအချင်းချင်းသာမက သျှမ်းအချင်းချင်းမှာပါ ပြည်ထောင်စုနိမိတ်ဖြစ် ထွန်းနေတာမရှိခဲ့ပါဘူး။ ဒီအတွက် သျှမ်းပြည်တွင်းနေလူငယ်တွေအတွက်လည်း အနာဂတ်ပြည် ထောင်စုတည်ထောင်ဖို့အတွက် လမ်းပျောက် နေသယောင်ဖြစ်နေပါတယ်။ ၇၅ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အပေါ် ကနေ့ခေတ် သျှမ်းလူငယ်တချို့ရဲ့အမြင်ကို စုစည်းဖော်ပြထားပါတယ်။
“သျှမ်းပြည်အမျိုးသားရေးနဲ့ ငြိမ်းချမ်းရေးဟာ သျှမ်းလူမျိုးတစ်မျိုးတည်းနဲ့ သက်ဆိုင်တာမဟုတ်”
TSU (Tai Student Union) အဖွဲ့၀င်
သျှမ်းပြည်တောင်ပိုင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ သျှမ်းလူငယ်တစ်ယောက်
“အခုလက်ရှိ အခြေအနေ သျှမ်းပြည်ရဲ့ ငြိမ်းချမ်းရေးက သျှမ်းပြည်ပေါ်မှာ ရှိနေတဲ့ လူမျိုးစုတိုင်းနဲ့ သက်ဆိုင် နေတယ်၊ ပထဝီနယ်မြေ အခြေအနေရေအရော သမိုင်းကြောင်းအရရော ကြည့်မယ်ဆိုရင် သျှမ်းနဲ့ တခြား ညီနောင်လူမျိုးစုတွေဟာ ဒီဖက်ဒရယ် သျှမ်းပြည်ကြီးပေါ်မှာ အတူတကွ နေထိုင်လာတာ ကြာခဲ့ပါပြီ၊ ဒါကြောင့် မလို့ သျှမ်းပြည် ရဲ့ အမျိုးသားရေးနဲ့ ငြိမ်းချမ်းရေးဟာလည်း သျှမ်းလူမျိုးတစ်မျိုးတည်းနဲ့ သက်ဆိုင်နေတာ မဟုတ် ပါဘူး၊ ဒီသျှမ်းပြည်က လူမျိုးစု အားလုံးနဲ့ သက်ဆိုင်နေတာကိုလည်း သတိချပ်စေချင်ပါတယ်။ ဖေဖော်ဝါလ ၇ ရက်နေ့မှာ ကျရောက်တဲ့သျှမ်းပြည် အမျိုးသားနေ့ကနေစပြီးတော့ သျှမ်းလူကြီးတွေ နိုင်ငံရေးခေါင်းဆောင် တွေကို ပြောချင်တာက လူငယ်တွေကို လူငယ်တွေရဲ့ အနာဂတ်ကို အသုံးချပြီး လူတစ်ဦး တစ်စု ကောင်းစားဖို့ အတွက် လုပ်ဆောင်နေတာထက် မိဘပြည်သူတွေရဲ့ အကျိုးကို ငဲ့ညှာပြီးတော့ သယ်ပိုးစေချင်ပါတယ်။”
“လက်ရှိအခြေအနေဟာ အနာဂတ် သျှမ်းပြည်ဖက်ဒရယ်အတွက် အဟန့်အတားဖြစ်စေနိုင်”
TSU (Tai Student Union) ရဲ့ ဗဟိုကော်မတီ၀င် စိုင်းခေးတိုင်း
“ဒီဖေဖော်ဝါရီလ ၇ ရက်နေ့ကို သျှမ်းအမျိုးသားနေ့ဆိုတာထက်၊ သျှမ်းပြည်အမျိုးသားနေ့လို့ ပိုသုံးစေချင်ပါတယ်၊ ဘာလို့လဲဆိုရင် ပြီးခဲ့တဲ့ ၁၉၄၇ မှာ သျှမ်းပြည်က နယ်ရှင်စော်ဘွားတွေ သမိုင်းဝင်စည်းလုံးနိုင်ခဲ့တဲ့ နေ့ထူးနေ့ မြတ်တစ်ရက်ဖြစ်ခဲ့တယ်။ နယ်ရှင်စော်ဘွားတွေ ထဲမှာ သျှမ်းမဟုတ်တဲ့တခြားလူမျိုးစု စော်ဘွားတွေလည်း ပါဝင် ခဲ့လို့ သျှမ်းပြည်အမျိုးသားနေ့လို့ သုံးမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေပါတယ်။ လက်ရှိ သျှမ်းပြည် ရဲ့ အခြေအနေ က တော်တော်လေးကို ဆိုးရွားတဲ့ အခြေအနေလို့ ပြောရမယ်။ ဒီသျှမ်းပြည်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေရော ပြီး တော့ ဒီစစ်အာဏာသိမ်းတာကြောင့်နဲ့ ကိုဗစ်ရဲ့ အကျိုးဆက်တွေကြောင့်ရော တပြိုင်တည်းကို အကုန်လုံး ခံလိုက် ရတဲ့ အတွက် တော်တော်လေးကို ဆိုးရွားပါတယ်။ ဒီလို သျှမ်းပြည်သူလူထုတွေ အကြပ်အတည်း ထဲရောက်နေ တဲ့အချိန်မှာ ဒီသျှမ်းပြည်က သျှမ်းခေါင်းဆောင်တွေ ရော တခြားလူမျိုးစုက ခေါင်းဆောင်တွေကပါ အမျှော်အမြင် ရှိရှိနဲ့ဖြေရှင်းသင့်ပါတယ်။ အခုဖြစ်နေတဲ့ တိုင်းရင်း သားအချင်းချင်းတိုက်ပွဲတွေက ရှေရှည် အတွက် မကောင်း ဘူး ။ နောင်တစ်ချိန်ကျရင် သျှမ်းပြည်မှာ မရှိဖူးတဲ့ လူမျိုးရေးပဋိပက္ခတွေတောင် ဖြစ်သွား နိုင်ပါတယ်။ အဲ့လိုဖြစ်သွားပြီဆိုရင် သျှမ်းပြည်တိုင်းရင်းသားတွေ မျှော်လင့်ထားတဲ့ ငြိမ်းချမ်းစွာ အတူရှင်သန် နေထိုင်နိုင်ရေး အိပ်မက်ဟာလည်း ပြိုကွဲပျက်စီးသွားနိုင်တာပေါ့။ အဲ့ဒါကြောင့် သျှမ်းခေါင်းဆောင်နဲ့ တခြားလူမျိုးစုခေါင်းဆောင်တွေ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းသင့်ပါတယ်။ နဂိုကတည်းက သျှမ်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နောက်ကျနေတာကြောင့် မငြိမ်းချမ်းမှုတွေ ဆက်လက်ပြီး ဖြစ်ပွားနေမယ်ဆိုရင် ကျနော်တို့ သျှမ်းပြည်ကြီးဟာ တခြားပြည်နယ်တွေ ပြည်မတွေထက် နောက်ကျနေလိမ့်မယ်။ ပြီးတော့ စစ်အာဏာရှင် တော်လှန်ရေးကိုလည်းမမေ့သင့်ပါဘူး။ ဒီဟာက သျှမ်းပြည် ဖက်ဒရယ် ရဖို့အတွက် ကြီးမားတဲ့ အဟန့်အတား ဖြစ်ပါတယ်။ ဒါကြောင့် သျှမ်းလူငယ်တစ်ယောက်အနေနဲ့ သျှမ်းပြည်ကြီး ငြိမ်ချမ်းဖို့ မျှော်လင့်ပါတယ်။”
“ကျား ၂ ကောင် တစ်ဂူတည်းမှာ အတူတူ မအောင်းနိုင်ရင်တောင်မှ အချင်းချင်းကိုက်သတ်တာတော့မဖြစ်စေလို ”
ထုင့်မောဝ်ဒေသက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တဉီး
“သျှမ်းပြည်အမျိုးသားနေ့ဆိုတာ ပြီးခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျနော်တို့ တောင်တန်းဒေသ နယ်ရှင် စော်ဘွားတွေ စုပေါင်းပြီး သျှမ်းအလံကို သတ်မှတ်ခဲ့တဲ့နေ့လည်း ဖြစ်တယ်ပေါ့နော်။ နောက်တစ်ခုက အဲ့ ၁၉၄၇ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက သျှမ်းလူကြီးနိုင်ငံရေးခေါင်းဆောင်တွေ စိတ်တူကိုယ်တူ ဆွေးနွေး ဆုံးဖြတ်ချနိုင်ခဲ့ပြီးနောက်ပိုင်း အဲလို စိတ်တူကိုယ်တူမှုမျိုး ထပ်ပြီးမရှိတော့ဘူး။ ဒါကြောင့် ဒီ ဖေဖော်ဝါရီလ ၇ ရက်နေ့ဟာသျှမ်းသမိုင်းမှာ စံပြနေ့ရက်တစ်နေ့ဖြစ်တယ်၊ ပြီးတော့တော်လှန်ရေးခုနှစ်ဖြစ်တဲ့ ၁၉၆၂ မှာလည်း ကျနော်တို့သျှမ်းပြည်ထဲမှာ အသီးသီးတော်လှန် ပုန်ကန် မှုတွေ ပြုလုပ်ခဲ့တယ်။ အဲ့လို တသီးတဖွဲ့နဲ့ တော်လှန် ခဲ့ပေမယ့် ကျနော်တို့လိုချင်တဲ့ တစ်ခုတည်းပဲ။ ဒီမိုကရေစီ ဖက်ဒရယ်နဲ့ သျှမ်းပြည်လွတ်လပ်ဖို့ပဲ တစ်ခုတည်းပဲ။ ဒါမဲ့ လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် သျှမ်းလူကြီး တွေ ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေ မပူးပေါင်းနိုင် တဲ့အပြင် သျှမ်းပြည်ကိုမှီတင်းနေထိုင်ကြတဲ့ တခြားလူမျိုးစုတွေ ဖြစ်တဲ့ တအာန်း(ပလောင်)တို့ဆိုတာလည်း သျှမ်းလူမျိုးကို ထိုးစစ်ဆင်နေကြတယ်။ သျှမ်း အချင်းချင်းလည်း ထိုးစစ်ဆင်နေကြတယ်။ လွန်ခဲ့တဲ့ ၇၅ နှစ်မှာသာ တစ်ကြိမ်တည်းရှိခဲ့ဖူးတဲ့ သျှမ်းပြည်ရဲ့ စည်းလုံးညီညွှတ်မှုဟာ အခုဆိုရင် သျှမ်းပြည်သူတွေအတွက် ဝမ်းနည်းစရာဖြစ်နေပြီ။ သျှမ်းစစ်တပ်တွေ သျှမ်းနိုင်ငံရေးပါတီတွေ သျှမ်းလူထုတွေကြား စည်းလုံးညီညွတ်မှု မလုပ်နိုင်ခဲ့လို့ – ဆိုရိုးစကားအတိုင်း ကျားနှစ်ကောင် တစ်ဂူထဲမှာ အတူတူ နေလို့မရဘူး – ဆိုသလိုဖြစ်နေပါပြီ။ သို့ပေမယ့် အခုလို တစ်ဂူထဲမှာ အတူတူ နေလို့မရတာတောင်မှ သျှမ်းလူမျိုးအချင်းချင်းသတ်ဖြတ်ညှင်းဆဲတာတွေ မဖြစ်အောင် သတိထားလုပ်ဆောင်သွားဖို့ သျှမ်းပြည်သူလူထုနဲ့ သံဃာတော်တွေ စုပေါင်းပြီး အကြိမ်ကြိမ် မေတ္တာရပ်ခံပြောဆိုခဲ့တယ်။ ဒါပေမဲ့ သျှမ်းခေါင်းဆောင်တွေကပဲ ပြည်သူတွေရဲ့ အသံကို မနားထောင်ခဲ့လာလား။ အချင်းချင်းကို ပြင်းထန်စွာ ထိုးစစ်ဆင်နေကြတယ်။ တိုက်ကြလို့ ပြိုပျက် ပျက်စီးသွား တဲ့ အရာတွေကို ပြင်ပေးတဲ့သူတွေကလည်း ဒီသျှမ်းပြည်သူတွေပဲဖြစ်နေတယ်။ လွန်ခဲ့တဲ့ ၇၅ နှစ်တုန်းက သျှမ်းပြည် သူတွေ နဲ့ သျှမ်းနိုင်ငံရေးခေါင်းဆောင်တွေ တစည်းတဝေးတည်းဖြစ်ပြီး ဖက်ဒရယ်သျှမ်းပြည်ဖြစ် အောင် နေနိုင်ခဲ့ကြသလို ဒီ ၇၅ နှစ်မြောက်တဲ့ သျှမ်းပြည် အမျိုးသားနေ့ကနေလည်း ကျနော်တို့ သျှမ်းပြည်သူတွေ သျှမ်းခေါင်းဆောင်တွေ စုပေါင်းပြီး ကျနော်တို့ သျှမ်းပြည်ကြီး တိုးတက်ဖွဲ့ဖြိုးလာအောင်လုပ်ကြပါလို့ ပြောချင်တယ်။”
“သျှမ်းပြည်ဖက်ဒရယ်အတွက် သျှမ်းခေါင်းဆောင်များ မာနတွေ ခဝါချချိန်တန်ပြီ”
သျှမ်းပြည်မြောက်ပိုင်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နန်းယိင်းဟွမ်
“ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ သျှမ်းတွေကို နိုင်ငံရေး စစ်ရေး ဆုံးဖြတ်ချက်ချတဲ့နေရာ လက်တွေ့ကျကျ တွေးခိုင်းစေချင်တယ်။ ပြည်ထောင်စုထဲမှာနေလို့ ဗမာနဲ့ လည်းဆက်ဆံရေးကောင်းမွန်ရမယ်။ ဘယ်ချိန်မဆို ငါတို့သျှမ်း နိုင်ငံတကာ နေရာတိုင်းရှိတဲ့မျိုး လူမျိုးကြီး ဆိုပီး မာနတခွဲသား ဘယ်ဟာမှ အဖတ်မလုပ်ချင် မဆက်ဆံ မပေါင်းသင်းချင်တာမျိုးမလုပ်သင့်ဘူး ကိုယ်နဲ့ ပူးပေါင်းလာချင်သူ/ အဖွဲ့စည်းကိုလည်း ဆွေးနွေးဖို့ လမ်းဖွင့်ပေးသင့်တယ် ခေတ်မှီနိုင်ငံရေး အတိုင်းတွေးကြဖို့ ပြောင်းလဲမှုနဲ့အတူ သျှမ်း ပေါ်လစီ အမျိုးသား စိတ်ဓာတ် ခံယူချက် ပြောင်းဖို့လိုတယ် ။ လိုက်လျောညီထွေနေထိုင်တတ်ဖို့လိုတယ် ။ No one is an island သျှမ်းနာမည်ခံ တပ် ၂ တပ် ခေါင်းဆောင် ထိပ်တိုက်ထိုင်ပီး မဆွေးနွေးနိုင်သေးသရွေ့ သျှမ်းပြည်ငြိမ်းချမ်းရေး သျှမ်းနှင့်အတူနေ အခြားတိုင်းရင်းသား ဆက်ဆံရေး ဝေးနေကြရဦးမှာဘဲ။ မြန်မာပြည်တွင်းငြိမ်းချမ်းရေးဆို မမျှော်လင့်နဲ့ဦး ၊ သျှမ်းဆိုတဲ့လူမျိုးကိုကာကွယ်ဖို့ လက်နက်ကိုင်ထားကြတာဘဲ။ ပြည်သူတယောက်အနေနဲ့ တောင်း ဆိုချင်တာက မာန ခဝါချပြီးဆွေးနွေးနည်းလမ်းအဖြေရှာကြစမ်းပါ ။ သျှမ်းအမျိုးသားရေးအတွက် အမှန်တကယ် လုပ်တယ်ဆိုရင်ပေါ့။ ပြည်သူတွေက မြင်နေ ကြားနေရ ဘာမှသာ မတုံ့ပြန်နိုင်တာ သျှမ်းတွေကို ဖြစ်စေချင်အောင်မြင်စေချင်ကြတာဘဲ။ အချင်းချင်းသတ်မယ့်အစား သျှမ်းလူမျိုး ဂုဏ်တက်ဖို့ အမျိုးသားရေး လေးပဲ အားစိုက်လုပ်ပေးကြဖို့တောင်းဆိုပါတယ်။ ခုတော့နယ်မြေလုနေတာပဲမြင်တယ်။ ဗမာဘက် နိုင်ငံတော် နဲ့ချီပီး အလုပ်လုပ်တာ ငါတို့ဟာပြည်ထောင်စုထဲက လူမျိုးနွယ်စု တစုမျှသာ ဆိုသာ မမေ့စေချင်ဘူး ။ အမျိုးသား ရေး စိတ်နဲ့သာလုပ်ရင် အတူတူအောင်မြင်နိုင်တယ်။ အကျိုးအမြတ်ခံစားခွင့်ရှိတယ် ။ ကဏ္ဍအသီးသီးက ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်မိပါတယ်။ မတူညီတဲ့နိုင်ငံတွေတောင် အကျိုးအမြတ်တခုအတွက် သယံဇာတ တခုထဲအတွက် စာချုပ်ချုပ်ဆို ပူးပေါင်းအကျိုးတူလုပ်နိုင်တာ။ သျှမ်းက လူမျိုးအတွက် အမျိုးသားအတွက် အရင်းတည် တည်ထောင်ထားပီး တပ်ဖွဲ့Army အနေနဲ့ အတူတူမပူးပေါင်းနိုင်ဘူးလား။ သျှမ်းလူမျိုး မျိုးပြုတ်မှ သာ ဆွေးနွေးနိုင်ကြမာလား။ မာနမကြီးကြပါနဲ့ ။ အဲလိုလုပ်ကြလို့ မဖြစ်သင့်တာတွေဖြစ်ကုန်ပြီ။ ထိုင်ကြည့်ပီး ငြိမ်နေနိုင်ကြတာ အံ့ဩတယ်။ လိုင်းပေါ်လည်း နိုင်ငံရေးခေါင်းဆောင် တယောက်အနေနဲ့ အကြီးကဲ အနေနဲ့ ကိုယ်တာဝန်ယူထားတဲ့ ရာထူးအပေါ် သိတတ်မှုရှိပါ ။ ကျင့်ဝတ်ရှိကြပါ။ သျှမ်း community organization နဲ့ပူးပေါင်းတာ အလုပ်မာပဲချန်ခဲ့ပါ ။ လိုင်းပေါ်မတင်ပါနဲ့ တဘက်ရန်သူက ကိုယ့်စာ အရေးသားကြည့်ရုံနဲ့ ကိုယ့်အဖွဲ့ဘာလုပ်မလဲ ကြိုသိနိုင်တယ် ။အစစရာ ဆင်ခြင်နိုင်ကြပါစေ။ တနေ့တော့ အဆင်ပြေလာမှာပါ ။ ဘာဖြစ်နေနေ တိတ်တိတ်လေးပဲ လုပ်ဆောင်စေချင်တယ်။ အောင်မြင်မှပဲပြည်သူကိူချပြစေချင်တယ် ။ သျှမ်းကိုအများကြီးမျှော်လင့်ထားပါတယ်။ ဖြစ်စေချင်တယ်။ နေရာအနှံ့ကူညီမယ့်သူလည်း အသင့်ရှိ ထားနေကြပါတယ်။ အမျိုးသားနေ့မှာ အမျိုးသားစိတ်ဓာတ်ပြန်လည်ပေါ်ပေါက်လာဖို့ အမျိုးသားစိတ်ဓာတ်နဲ့အလုပ်လုပ်ကြဖို့မျှော်လင့်တယ်။ ကိုယ်ကျိုးနည်းလေ target ပိုရောက်မြန်လေပဲ ။ ”
“စည်းလုံးညီညွတ်ရေးအတွက် ၇၅ နှစ်ပြည့် မှသည် အမုန်းပွါးသည့်ရန်စကား ရှောင်ကြားကြစေလို”
သီပေါမြို့နယ်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် နန်းမွမ်းမွမ်းပေါင်း
“တိုင်းရင်းသားတွေ ကြားထဲမှာ ခါတိုင်းဆိုရင် ကျမတို့က ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ နေခဲ့ကြတာ လေနော့၊ နှစ်ပေါင်း ၇၀ ကျော်မက ဒီလိုပဲ နေခဲ့ကြတာ၊ ဒါပေမယ့် ဒီလို ကာလမှာ အဲ့လို မဖြစ်သင့်ဘူးလို့တော့ မြင်မိတာပေါ့၊ တိုင်းရင်းသားတွေ ကြားထဲမှာ ဒီလို အမုန်းပွားစေမယ့် ပဋိပက္ခတွေ ရန်ညိုးတွေဖြစ်စေမယ့် စကားတွေကို လျှော့ချသင့်တယ်လို့ မြင်ပါတယ်။ အမုန်းပွားစေမယ့်စကားတွေကိုလည်း မပြောဖို့ မီဒီယာတွေမှာပဲဖြစ်ဖြစ်၊ ဖေ့ဘုတ်ပေါ်မှာပဲဖြစ်ဖြစ် အားလုံးကို စည်းလုံးညီညွတ်စေမယ့် စကားကိုပဲ ပြောစေချင်တယ်၊ ခါတိုင်းလိုပဲ စည်းစည်းလုံးလုံးနဲ့ တိုင်းရင်းသားပေါင်းစုံကို စည်းလုံးညီညွတ်စွာနဲ့ မြင်ချင်တယ်။ ဒါပေမယ့် မဖြစ်နိုင်ခဲ့ဘူး ဆိုရင်တောင်မှ အားလုံးရဲ့စိတ်ထဲမှာ ညီညွတ်စေချင်တာပေါ့နော်။ ညီညွတ်စေချင်တယ် စည်းလုံးစေချင်တာပေါ့။ အားလုံး စည်းလုံးညီညွတ်ကြဖို့ပဲ တိုက်တွန်းနိုးဆော်ချင်ပါတယ်။ ဒီ ၇၅ နှစ်ပြည့် အလွန်မှာရော နောင်လာနောက်သားတွေအတွက်ရောပေါ့နော်။”
“၇၅ နှစ်ရှိပြီ သေနတ်သံကမစဲသေးဘူး”
သျှမ်းပြည်တောင်ပိုင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဉီး
“ သျှမ်းပြည်အမျိုးသားနေ့ဟာ ဒီနှစ်ဆိုရင် ၇၅ နှစ်တိုင်ခဲ့ပြီ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာလည်း နှစ်ပေါင်း ၇၀ကျော် ကြာခဲ့ပေမယ့်လည်း အခုထက်ထိ သေနတ်သံက မစဲသေးဘူး၊ ပိုဆိုးတာက စစ်တပ်က အာဏာ သိမ်းလိုက်တော့ တိုင်းရင်းသား ဒေသမှာရော၊ ပြည်မမှာရော ဒီ လက်နက်ကိုင် ပဋိပက္ခဖြစ်ပြီးတော့ ပိုဆိုးလာတယ်။ တိုင်းရင်းသားတွေကလည်း ပိုပြီး ဒုက္ခ ကြုံလာခဲ့တယ်။ အဓိက ပြောချင်တာက မြန်မာနိုင်ငံထဲမှာ ပါတဲ့ တိုင်းရင်းသားတွေအားလုံးအနေနဲ့က တရားမျှတမှု၊ လွတ်လပ်မှု၊ သာတူညီမျှရှိမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမှု စတဲ့ အနှစ်သာရပြည့်ဝတဲ့ ဖက်ဒရယ် ဒီမိုကရေစီကြီး ပေါ်ထွန်းလာဖို့အတွက် အားလုံး စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်သွားစေချင်တယ်။”