တောင်ကြီးလူငယ်တွေ စစ်အာဏာကျရှုံးရေး နည်းမျိုးစုံဖန်တီးကာ ဆန္ဒထုတ်ဖော်

0

အာဏာရှင် ကျရှုံးရေးအတွက် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးလူငယ်တွေ က နည်းမျိုးစုံဖန်တီးကာ ဆန္ဒထုတ်ဖော်နေကြပါတယ်။

ယနေ့ (ဖေဖော်ဝါရီ ၁၇)ရက်တွင် တောင်ကြီးမြို့ပေါ် လမ်းမဘေးမှာ တေးဂီတ နဲ့ ငြိမ်းချမ်းစွာ သီဆိုပြီး ဆန္ဒထုတ်ဖော်ကြသလို၊ တချို့ကလည်း ထိုးချည်ဖြင့် လက်ကောက်ဝတ်ပြုလုပ်ပြီး ထိုင်သပိတ် ပြုလုပ်ကာ ဆန္ဒထုတ်ဖော်နေကြပါတယ်။

“ တချို့ကတော့ လမ်းလျှောက်ကြတယ်။ ထိုင်သပိတ်ရှိတယ်။ အမတို့ကလည်း ကိုယ်တက်တဲ့ ပညာနဲ သူငယ်ချင်းတွေကို စုလိုက်တယ်။ စုပြီးတော့မှ တီးတက်တဲ့သူက တီးတယ်။ သီချင်းဆိုတဲ့သူက ဆိုတယ်။ အဓိက လူတွေနည်းနည်း သတိထားမိအောင်ပေါ့။ အခုတော့ လူတွေအများ အမတို့နဲ့လာပါဝင်ကြတယ်” လို့ တေးဂီတဖြင့် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်တဲ့ လူငယ်အမျိုးသမီး မနောင်နောင် က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

စစ်ကောင်စီ က အာဏာသိမ်းယူမှုအပေါ်တွင် ဂီတတေးလူငယ်အများစုက မတရားမှုကို ပြုလုပ်နေကြောင်း၊ စစ်အာဏာကို တမြင်သိမ်းယူလိုတဲ့အတွက် ဖန်တီးခြင်းဖြစ်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

“ကျမတို့ကအရင်ကတော့ နိုင်ငံရေးလောကထဲကို အဲလောက်ထိတော့ နားမလည်ပါဘူး။ အဓိက ဒီလိုလုပ်တာတော့ အမေစုကို အမြန်ပြန်လွှတ်ပေးစေချင်တယ်။ သူအာဏာသိမ်းသွားတာက မတရားလုပ်မှုလို့ဘဲမြင်တယ်” ဟု တေးဂီတ အဖွဲ့တွင် ပါဝင်တဲ့ လူငယ် အမျိုးသား တဦး ကပြောပါတယ်။

စစ်အာဏာသိမ်းယူဟာ မြန်မာပြည်သားအားလုံးနဲ့သက်ဆိုင်ကြောင်း၊ အသက်အရွယ်အားလုံးထိခိုက်နိုင်ကြောင်းလည်း လူငယ်တွေ က ပြောပါတယ်။

“ ခုက လူငယ်တွေပဲ မဟုတ်တော့ဘူး။ လူကြီးပိုင်းတွေလည်း အများကြီးထိခိုက်လာတယ်။ စီးပွားရေးပိုင်းတွေလဲ ကျဆင်းလာမယ်။ လုပ်ငန်းတွေလည်း မလည်ပတ်နိုင်တော့ဘူး။ အခုလည်း ညဆို အင်တာနက်လိုင်းပိတ်တာတို့က အဓိပ္ပာယ် မရှိဘူး” လို မနောင်နောင် ကပြောပါတယ်။

စစ်အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံတဝှမ်း ည မထွက်ရ အမိန့် ထုတ်ပြန်ခဲ့ကာ ၊ ညတွင် ရဲနဲ့ တပ်သားတွေဟာ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူဟုယူဆရတဲ့ပုဂ္ဂိုလ်တွေကို လာရောက်ဖမ်းဆီးတာတွေပြုလုပ်ပါတယ်။
ဒါ့ကြောင့် လက်ရှိ မြန်မာပြည်သူတွေရဲ့ လုံခြုံရေးဟာ မိမိကိုယ်ကိုသာ ကာကွယ်နေရပြီး၊ လုံခြုံမှုလည်း မရှိကြောင်း လူငယ်တွေက ပြောဆိုပါတယ်။

“ည အချိန်တွင် ပြည်သူတွေကို ဆက်ဖမ်းတာတွေ အလိုမရှိဘူး” လို့ လူငယ်တွေက တပြိုင်တည်း အသံထွက်ပေါ်လာပါတယ်။

အစိုးရဝန်းထမ်းတွေ၊ ပုဂ္ဂလိက ဝန်ထမ်းတွေ အနေနဲ့လည်း စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ CDM ပူးပေါင်း ပါဝင်လှုပ်ရှားပေးကြပါရန်လည်း လူငယ်တွေက တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၁၇ ရက်ရှိခဲ့သော်လည်း တောင်ကြီးမြို့ပေါ်တွင် နေ့စဉ်နေတိုင်း စစ်အာဏာရှင် ကျရှုံးဖို့ အတွက် ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ရာ ယနေ့ဆိုရင် ၉ ရက်မြောက်နေ့လည်း ဖြစ်ပါတယ်။

Leave a Comments