အနှစ်သာရရှိတဲ့ လွတ်လပ်ရေးနေ့ ဖြစ်ပြီလား

0

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဟာ နှစ်ပေါင်း (၇၃)နှစ်တိုင်ခဲ့ပေမယ့် လက်ရှိ အချိန်ထိ မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်မီးဟာ တောက်လောင်နေဆဲပါ။


ဒါကြောင့် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ ဟာ အနှစ်သာရ ရှိနေလား။ တိုင်းရင်းသားတွေလိုအပ်နေတဲ့ လွတ်လပ်ရေးနေ့ဟာ ဘယ်လိုအဓိပ္ပာယ်မျိုးလည်းဆိုတာကို နိုင်ငံရေးလေ့လာသုံးသပ်သူနဲ့ သျှမ်းပြည်တွင်နေထိုင်တဲ့ ပြည်သူတွေကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လှိုင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

တိုင်းရင်းသားအများစုလက်ခံနိုင်မယ့် ပြည်ထောင်စုကို မတည်ဆောက်နိုင်သေးလို့ပြည်တွင်းစစ်ဖြစ်နေတာ

ဦးမောင်မောင်စိုး

နိုင်ငံရေးလေ့လာသုံးသပ်သူ

အမှန်က ပြသာနာ ၂ ခုရှိတာပေါ့ဗျ။ တခုကလွတ်လပ်ရေးဆိုတာက နယ်ချဲ့လက်အောက် ကနေ ရခဲ့တဲ့ လွတ်လပ်ရေးပေါ့။ လွတ်လပ်ရေးအောက်မှာ ကျနော်တို့က ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ သဘောတူညီချက်၊ ပင်လုံကတိကဝတ်တို့နဲ့ လွတ်လပ်ရေးကို ရယူခဲ့တာကို။ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပတ်သတ်ပြီးတော့ တိုင်းရင်းသားတွေဖက်က စိတ်ကျေနပ်ဖွယ်မရှိတဲ့အချိန်မှာ ပြည်တွင်းစစ်ဖြစ်နေတာ။ တဖက်ကပြောရင် လွတ်လပ်ရေး ရလာလား ဆိုရင်တော့ အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရလာတာပေါ့။

ဒါပေမယ့် ပြည်ထောင်စု တရပ်ကို တည်ဆောက်နိုင်မလားဆိုတာတော့ တိုင်းရင်းသားအများစုလက်ခံနိုင်မယ့် ပြည်ထောင်စုကို မတည်ဆောက်နိုင်ဘူးလို့ပြောရမယ်။ ဒါကြောင့် ကျနော်တို့ ပြည်တွင်းစစ်ဖြစ်နေတယ်လို့ပြောရမှာပေါ့။


ပြည်ထောင်စုမတည်ဆောက်နိုင်တဲ့ ပြသာနာရှိတယ်။ ဗမာလက်အောက်ပြန်ရောက်သွားလို့ လွတ်လပ်ရေးမရဘူးဆိုတဲ့ အမြင်မျိုးနဲ့ ကြည့်တဲ့သူရှိတယ်။ ဒါပေမယ့် ကျနော်တို့ အခုပြောနေတဲ့ လွတ်လပ်ရေးဆိုတာ အင်္ဂလိပ်ကနေရတဲ့ လွတ်လပ်ရေးကို ပြောနေတာကို။ အခုကြည့်ရမှာက လွတ်လပ်ရေးဆိုတဲ့ ပြသာနာကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုတာနဲ့ ကြည့်ပြီးတော့ အဆင်ပြေမယ်ထင်ပါတယ်။

ပင်လုံကတိဝတ်တွေကို ဖွဲ့စည်းပုံထဲထည့်ရေးဆွဲမှ စစ်မှန်တဲ့လွတ်လပ်ရေးဖြစ်မှာ

စိုင်းအောင်မြင့်ဦး
ဥပဒေပညာရှင်

ကျနော်တို့က တိုင်းရင်းသားတွေမကဘူးပေါ့။ တနိုင်ငံလုံးကတော့ ဒီလွတ်လပ်ရေးကို အမည်ခံမယ် ဆိုတာကိုတော့ တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ခုချိန်ထိပြည်တွင်းစစ်က ကမ္ဘာမှာက အရှည်ကြာဆုံးဖြစ်နေတာလေ။ လွတ်လပ်ရေးနဲ အတူပေါက်ဖွားလာတဲ့ တန်းတူအခွင့်ရေးတွေ ကျနော်တို့ ပင်လုံကတိကဝတ် ကို မဖော်ဆောင်ပေးခဲ့တဲ့ ဦးဆောင်မှုတွေပေါ့။ ခေတ်အဆက်ဆက်က အစိုးရတွေကြောင့် ကျနော်တို့ ခုချိန်ထိလွတ်လပ်ရေးဟာ ပွဲကျင်းပတဲ့အနေအထားဘဲရှိပါတယ်။


သို့သော်အောက်ခြေမှာ ခံစားခဲ့ရလားဆိုတော့ မရခဲ့ဘူး။ ဒါကတော့ ခုချိန်ထိဖြစ်နေတာ။ ဒါတောင်မှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်နေကြတာ ။ စစ်မီးတွေက တောက်လောင်နေဆဲပေါ့ဗျ။


ကျနော်တို့နိုင်ငံရဲ့ထူးခြားချက်က ပြည်ထောင်တွေစုထားတဲ့ပြည်ထောင်စုပေါ့နော်။ လွတ်လပ်ရေးမရခင်က ကျနော်တို့သျှမ်း Federated Shan State ရှိတယ်။ ပြီးတော့ ပြည်မရှိမယ်။ ပြီးတော့ ကချင် Hill ရှိမယ်။ ကျနော်တို့ ၅ ပြည်ထောင်ကနေပေါင်းပြီးတော့ ကျနော်တို့ လွတ်လပ်ရေးကို အတူယူခဲ့တယ်။


ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျနော်တို့ စော်ဘွားတွေနဲ့ လွတ်လပ်ရေးအတူယူခဲ့ကြတာလေ။ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြတယ်။ ပင်လုံကတိဝတ်တွေ လုပ်ခဲ့တယ်။ အဲဒါတွေအကောင်ထည်ဖော်ဖို့ဆိုပြီးတော့ လုပ်ခဲ့တော့ ခေါင်းဆောင်တွေက လုပ်ကြံခံရပြီးနောက်ပိုင်းမှာ အစိုးရအဆက်ဆက်တွေက မလုပ်ပေးဘူး။ ဒီဟာကို ဖော်ဆောင်ပေးလိုက်မယ်ဆိုရင် ကျနော်တို့ရဲ့ လွတ်လပ်ရေးဟာ အဓိပ္ပါယ်ရှိသွားမှာ။

အခုလိုစစ်ပွဲတွေကလည်း ရှိလာမှာမဟုတ်ဘူး။


ပင်လုံကတိဝတ်တွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေမှာ ရေးဆွဲပြီးတော့ ချမှတ်ပေးမယ်ဆိုရင်တော့ ဒါစစ်မှန်တဲ့ လွတ်လပ်ရေးဆိုတာ ဖြစ်လာမှာပေါ့နော်။


သျှမ်း/မြောက်လူတွေအတွက်ကနေ့အထိ လွတ်လပ်မှု၊ငြိမ်းချမ်းမှု မခံစားရသေးဘူး

မိုင်းမိုင်

သျှမ်းပြည်အခြေစိုက် ကချင်လူမှုအဖွဲ့စည်း

အဓိကတော့သိတဲ့အတိုင်းဘဲ သျှမ်းမြောက်မှာနေတဲ့လူတယောက်အနေနဲ့တော့ ခုချိန်ထိ သျှမ်းမြောက်မှာ ငြိမ်းချမ်းတယ်ဆိုတာ မရှိသေးဘူး။ လွတ်လပ်ရေးနေ့ဆိုတဲ့ လွတ်လပ်မှု၊ငြိမ်းချမ်းမှုဆိုတာ အခုထိမခံစားရသေးတဲ့အတွက် အဲဒီအဖြေကို ဖြေဖို့အတွက် အဖြေမရှိသေးဘူး။

လွတ်လပ်ရေးဆိုတာ အကုန်လုံးသိတဲ့အတိုင်းဘဲ အပူပင်ကင်းမဲ့ပြီးတော့မှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ ယှဉ်တွဲနေထိုင်တဲ့ လွတ်လပ်ရေးမျိုးကို လိုချင်တယ်။ ပြီးတော့ လူတိုင်းက ကိုယ့်ကံကြမ္မာကို ဖန်တီးနိုင်တဲ့ မွေးရာပါအခွင့်အရေးကို အပြည့်ဝခံစားနိုင်တဲ့ လူတစ်ယောက်လိုရှင်သန်နေချင်တာပေါ့။ အဲဒါမှ စစ်မှန်တဲ့ လွတ်လပ်ရေးလို့ပြောလို့ရတာပေါ့။

စစ်မှန်တဲ့ လွတ်လပ်ရေးကို ရဖို့ဆိုလိုရှိရင် လူတယောက်ချင်းစီ၊ ဦးဆောင်တဲ့လူတိုင်းစီ အကုန်လုံးတာဝန်လို့ဘဲမြင်ပါတယ်။ အဓိကတော့ ဦးဆောင်တဲ့သူတွေ အကုန်လုံးပေါ့နော်။



လွတ်လပ်ရေး ကြေညာစာတမ်းပါအချက် ၃ ချက်နဲ့ပြည့်မှီမှ လွတ်လပ်ရေးရမှာ

ကိုဝင့်ထည်ကောင်းမြတ်


မြန်မာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပ

အဓိကတော့ လွတ်လပ်ရေးကြေညာစာတမ်းလည်းရှိတယ်။ လွတ်လပ်ရေး ကြေညာစာတမ်းမှာလည်း ကျနော်တို့ရတဲ့ လွတ်လပ်ရေးက ဒီမိုကရေစီကို အခြေခံရမယ်ဆိုတဲ့ စံနှုန်းတွေပါတယ်။ ပြီးတော့ တန်းတူညီမျှမှုဆိုတဲ့ စာသားတွေ လည်းပါတယ်။

လွတ်လပ်ရေး ကြေညာစာတမ်းပါတဲ့အတိုင်း ကျနော်တို့တွေက ပြည်ြ့ပည့်၀၀တော့ တနိုင်ငံလုံးက မရနေကြဘူး။ ဖက်ဒရယ်ကို ကျနော်တို့ အခြေခံတယ်။ ပင်လုံကို အခြေခံပြီးတော့ လွတ်လပ်ရေးကို ယူခဲ့ကြတယ်။ ဒါပေမဲ့ ကျနော်တို့က တကယ် ဖက်ဒရယ်လမ်းစဉ်အတိုင်းလည်း မသွားနေဘူး။


အခုချိန်ထိကတော့ ကျနော်တို့ လွတ်လပ်ရေးက အပြည့်အဝရပြီလားလို့တော့ ကျနော်တို့မျှော်မှန်းခဲ့တဲ့ ကျနော်တို့ပုံဖော်ခဲ့တဲ့ လွတ်လပ်ရေးကြေညာ စာတမ်းမှာ အချက်အလက်တွေအတိုင်းကတော့ မရသေးဘူးလို့တော့ ကျနော်ထင်မြင်ပါတယ်။


တန်းတူညီတူဖြစ်ဖို့အတွက် ကျနော်တို့က ဖက်ဒရယ်စနစ်နဲ့အညီ ဖက်ဒရယ်ပြည့်ဝတဲ့ နိုင်ငံဖြစ်ရင် ပိုပြီးပြည့်ဝတဲ့ လွတ်လပ်ရေးကို ရနိုင်တယ်။ ဒီမိုကရေစီ အပြည့်အဝမရှိသေးဘူးဆိုရင်လည်း ကျနော်တို့က လွတ်လပ်ရေးမရနိုင်သေးဘူးဆိုတဲ့ အတွက်ကြောင့်မလို့ ဒီမိုကရေစီ အပြည့်အဝရှိရမယ်။


နောက်တစ်ချက်ကတော့ လူ့အခွင့်ရေးပေါ့နော်။ လွတ်လပ်ရေးကြေညာစာတမ်းထဲမှာလဲ လူ့အခွင့်ရေးဆိုတာဟာကို ကျနော်တို့က အပြည့ပ်ဝထည့်ပြီး ပြောထားတာဖြစ်တယ်။ အဲဒီအတွက်ကြောင့်မလို့ ကျနော်တို့ အဓိက လူ့အခွင့်ရေးလည်းရှိရမယ်။ အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ တန်းတူညီတူမှု၊ ဖက်ဒရယ်လမ်းစဉ် ပြီးတော့ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနိုင်တဲ့ နိုင်ငံ အဲ ၃ ချက်ပြည့်ညီမှာပဲ ကျနော်တို့ လွတ်လပ်တယ်လို့ ပြောလို့ရမှာ ဖြစ်တယ်။

လွတ်လပ်ရေးရပြီးမှ ကျနော်တို့လွတ်လပ်ရေးဆုံးရှုံးတာ

စိုင်းဆေအွမ်မိုင်း
မိုင်းရယ်မြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁) ရွေးကောက်ခံရ လွှတ်တော်ကိုယ်စားလှယ်

ကျနော်အမြင်ပြောရမယ်ဆိုရင်တော့ လွတ်လပ်ရေးရဖို့အတွက်က အကုန်လုံးလက်တွဲပြီးတော့ တိုက်ပွဲဝင်ခဲ့တယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ တချို့လူမျိုးတွေသာ လွတ်လပ်ရေးရသွားတာ။ ကျနော်တို့က လွတ်လပ်ရေးဆုံးရှုံးတယ်လို့ဘဲ ခံစားရတယ်။


လွတ်လပ်ရေးရတယ်ဆိုတာက တဦးအပေါ်တဦး မှီခိုနေတယ်ဆိုတဲ့ သဘောမျိုးမဟုတ်ဘဲ ကိုယ်ဘာသာကို ရပ်တည်တဲ့သဘောမျိုးပေါ့။ ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ် အတူတကွနေထိုင်ဖို့ဆိုပြီးတော့ ။ လွတ်လပ်ရေးမတိုင်ခင်က ပင်လုံစာချုပ်ချုပ်ခဲ့ပေမယ့် ပင်လုံစာချုပ်ချုပ်ပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့၊ အမျိုးသားတန်းတူရေးတို့၊ ဒါတွေက မဖော်ဆောင်နိုင်ခဲ့လို့ လွတ်လပ်တဲ့ အနေအထားမျိုးကို မရခဲ့ဘူး။ ပြီးတော့ အကျိုးဆက်အနေနဲ့ ဖိနှိပ်ချုပ်ချယ်မှုနဲ့ ခုထိ ပြည်တွင်းစစ်တွေ ပဋိပက္ခတွေနဲ့ အတူပေါက်ဖွားခဲ့ရတယ်လို့ဘဲ ကျနော်မြင်တယ်။


လွတ်လပ်ရေးကို တန်းတူညီတူခံစားနိုင်တဲ့ အနေအထားတခုကိုရောက်ဖို့ဆိုရင် အဓိကကျတဲ့ ပင်လုံစာချုပ်ကနေပေးထားတဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်မှဘဲ ကျနော်တို့ဒီလွတ်လပ်ရေးရဲ့အနှစ်သာရ တိုင်းရင်းသားပေါင်းစုံ အတူတကွ ရရှိလိမ့်မယ်လို့ယုံကြည်တယ်။

Leave a Comments