Tuesday, April 16, 2024

သယံဇာတ တူးဖော်မှုကို ဖြေလျှော့ပေးမယ့် အစိုးရကို သျှမ်း/အရှေ့ လူထုလိုအပ်

Must read

“ တောင်တန်းတွေမှာ သစ်ပင်တွေမရှိတော့ဘူး။ တောင်ကတုံးတွေ ဖြစ်နေပြီ။ လယ်ယာတွေလည်း လုပ်လို့မရတော့ဘူး” ဆိုတဲ့အသံတွေကတော့ သျှမ်းအရှေ့ ဒေသခံ တွေရဲ့ ငြီးငြူသံတွေ ပါပဲ။

သျှမ်းအရှေ့ ရဲ့ တောင်တန်းတွေ ဟာ တချိန်တခါက သစ်ပင်တွေနဲ့ အုံ့ဆိုင်း စိမ်းလန်းစိုပြည်ပြီး အေးချမ်းသာယာခဲ့ပေမယ့် ယခုမှာတော့ သယံဇာတတူးဖော်မှုကြောင့် တောင်တန်းတွေပေါ်က စိမ်းမြမြ သစ်ပင်ကြီးတွေဟာ တရွေ့ရွေ့ပြုန်းတီး လျော့ပါးကာ တောင်ကတုံးအဖြစ်သို့ ရောက်ရှိလာပါပြီ။

သျှမ်းအရှေ့မှာ သယံဇာတ တူးဖော်မှုကြောင့် သစ်တောပြုန်းတီးမှုတွေဖြစ်ပွါးလာခြင်းဖြစ်ပြီး၊ ရေအရင်း အမြစ်ပျက်စီး လာတာ၊ ရာသီဥတု ဖောက်ပြန်လာတာတွေကြောင့် တောင်ယာလုပ်ငန်းကို မှီတင်းနေတဲ့ တောင်သူတွေ အတွက် အကျပ်အတည်း ကြုံတွေ့လာရပါတယ်။

“ တနှစ်ထက် တနှစ် ရေတွေခက်လာတယ်။ လယ်စိုက်ဖို့တောင်ရေမရှိဘူး။ သောက်ရေတောင်မရှိတော့ဘူး” လို့ ကျိုင်းတုံမြို့နယ် ဝမ်ကိန်ကျေးရွာ နေထိုင်တဲ့ လုံးလှမောင် က ညီးညူပါတယ်။

ဘိုးဘွားစဉ်ဆက် လယ်ယာ စိုက်ပျိုးမှုကိုသာ အဓိက အားကိုး ပြုလုပ်လာခဲ့ပြီး၊ ထို လယ်ယာစိုက်ပျိုးမှုကြောင့် မိသားစု ဝမ်းရေး သာမက သား၊သမီး ပညာသင်ကြားရေး နဲ့ အလှူအဒါန်းတို့ကို ပြုလုပ်ခဲ့ လုံးလှမောင် တယောက် လက်ရှိမှာတော့ ရေခက်ခဲမှုကြောင့် မိသားစု ဝမ်းရေးကို အနည်းရုန်းကန်း စုဆောင်းပြီး စားသောက်နေရပါတယ်။

“ အခုတော့ ကျနော်တို့ မိသားစု စားဖို့တောင် နိုင်နိုင်ဆိုတော့ သား၊သမီး ပညာရေးကတော့ မဖြည့်ဆည်းနိုင်မှာ တောင် တွေးပူနေရတယ်” လို့ လုံးလှမောင် တယောက် ပူပန်မှုတွေနဲ့ နှစ်စဉ်ဖြတ်သန်းနေရတာကို ပြောပြလာပါတယ်။

သျှမ်းရှေ့ တာချီလိတ်ခရိုင် အတွင်းမှာ လည်း ဓာတ်သတ္တုတူးဖော်မှုလုပ်ကွက်တွေကို တနှစ်ထက် တနှစ် ပိုများလာတာကြောင့် တာချီလိတ် တောင်သူများလည်း လယ်ယာစိုက်ပျိုးမှု ကျဆင်းလာလို့ စိုးရိမ်သောက ရောက်နေကြပါတယ်။

လက်ရှိမှာတော့ တာချီလိတ်ခရိုင် နားဟိုင်းလုံးကျေးရွာ ဒေသခံတွေရဲ့ ပူးဆွေးသောက ဟာ တရက်ထက် တရက်ပိုတိုးလာပြီး ကျေးရွာ ရွှေ့ပြောင်းရမယ့်အဆင့်ရောက်နေကြောင်းလည်း နာဟိုင်းလုံ ကျေးရွာ မှ ဆရာမ နန်းလာ က ပြောပါတယ်။

ရွေးကောက်ပွဲ ၂ကြိမ်ဆက်တိုက် ပြီးဆုံးပြီး အစိုးရ ပြောင်းလဲသွားပေမယ့် နာဟိုင်းလုံရဲ့ ဒုက္ခ နာဟိုင်းလုံရဲ့ ဘဝကိုတော့ မည်သည့် အစိုးရမှ လာရောက်ကြည့်ရှု့ခြင်း၊ လာရောက်ကူညီခြင်းကိုမရရှိခဲ့ဘဲ ဥပက္ခာပြုခြင်းကို ခံနေရတဲ့ ဒေသတခုလို့ ပြောရင်လည်း မမှားပေ။

မကြာမီ ရက်ပိုင်းကျင်းပမယ့် ရွေးကောက်ပွဲ ဟာ နားဟိုင်းလုံ တောင်သူတွေ အတွက် တော့ စိတ်ဝင်စားစရာ မဟုတ်တော့ကြောင်း၊ မည်သည့်အစိုးရတက်တက် နားဟိုင်းလုံ အရေး ကို စိတ်မဝင်စားရတဲ့အတွက် စိတ်မကောင်းကြောင်း လည်း ဆရာမ နန်းလာ က စိတ်မကောင်းစွာဖြင့် ပြောပြပါတယ်။

“ ကျမတို့ ဖြစ်နေတဲ့ ပြဿနာ ကို ဘယ်အစိုးရမှ လာမကြည့်ပေးဘူး။ အရင် NLD အစိုးရဆိုရင် ပိုတောင်ဆိုးသွားလာလို့။ ဒေသဖွံ့ဖြိုးရေး အတွက် ကုမ္ပဏီတွေလည်း လာမလုပ်ပေးဘူး။ ကျမတို့ ပြောတာပြောနေရတာ အားတောင်မရှိတော့ဘူး” လို့ဆရာမ နန်းလာ က နားဟိုင်းလုံဒေသခံတွေ ကြုံတွေ့နေရတာကို ပြောပါတယ်။

သျှမ်းရှေ့ တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာ အနီးရှိ တောင်ပေါ်မှာတော့ ဓာတ်သတ္တုတွေကို ၂၀၁၀ နောက်ပိုင်း မှစတင် တူးဖော်ခဲ့ကာ ယနေ့ထိတိုင် ဆက်လက်တူးဖော်မှုကြောင့် ကျေးရွာပြည်သူများ အခက်အခဲများစွာ ရင်ဆိုင်နေရပါတယ်။

သယံဇာတ တူးဖော်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူရှိခဲ့ပြီး၊ စားဝတ်နေရေး၊ လယ်ယာပျက်စီးမှုပေါင်းများစွာလည်းရှိနေ ကြောင်း၊ နောင်တက်လာမယ့် အစိုးရသစ်အနေဖြင့် နားဟိုင်းလုံကျေးရွာ ပြဿနာကို လာရောက်ကူညီပေးစေချင်ကြောင်း လည်း နားဟိုင်းလုံ ဒေသခံများက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ သျှမ်းရှေ့မှာ သတ္တုလုပ်ကွက်ပေါင်း (၈၀) ခု ခွင့်ပြုမိန့် ရထားကြောင်း စက်တင်ဘာ ၃၀ ရက် က ထုတ်ပြန်ခဲ့ပါတယ်။

ထို သတ္တုလုပ်ကွက်များမှာ အကြီးစား (၂)ခု၊ အလတ်စား (၁၃)ခု၊ အသေးစား (၅၆)ခု၊ စမ်းသပ်လုပ်ကွက် (၅)ခု၊ စမ်းသပ်ပြီး မြောက် (၄)ခု တို့ဖြစ်ကြောင်း သိရပါတယ်။

သျှမ်းရှေ့တွင် အကြီးစား လုပ်ကွက် ဧက (၂၄၇.၁) မှ ဧက ( ၅၁၈၉ ၁၀)အထိ အကျုံးဝင်ပြီး လုပ်ပိုင်ခွင့် သက်တမ်း (၁၅)နှစ်မှ (၅၀)ထိ လုပ်ခွင့်ရှိပါတယ်။

အလတ်စား လုပ်ကွက် ဧက (၂၄၇.၁) အထိ အကျုံးဝင်ပြီး သက်တမ်း (၁၀)နှစ် မှ (၁၅)နှစ် အထိ လုပ်ခွင့်ရှိပါတယ်။

အသေးစားလုပ်ကွက် မှာ (၃)မျိုးကွဲထားပြီး စက်မှုတွင်းထွက် ဖြစ်ပါက ဧက (၂၀)၊ သတ္တုဖြစ်ပါက ( ၁၀) ဧကနှင့် ရွှေတူးဖော်ဖြစ်ပါက (၄) ဧကဖြစ်ပြီး၊ သက်တမ်းက (၅) နှစ် မှ (၁၀)နှစ် အထိ လုပ်ခွင့်ပေးထားပါတယ်။

ကျိုင်းတုံမှာ ဧက သိန်းချီချထားတဲ့ လုပ်ကွက်မှာ လှပတဲ့ လွယ်မွေတောင်ပေါ်ဒေသ လည်းပါဝင်ပါတယ်။

ထိုလုပ်ကွက်တွေဟာ ပြည်သူတွေ ဒေသဖွံ့ဖြိုးရေးအတွက် မရှိလာနိုင်ကြောင်း လူထု ဘဝပျက်မှုတွေ စားဝတ်နေရေး အခက်အခဲတွေရင်ဆိုင်ကြုံရနိုင်ကြောင်းလည်း ရှမ်း( MATA) အဖွဲ့ဝင် တဦးဖြစ်တဲ့ မမီမီသိန်း ကပြောဆိုလိုက်ပါတယ်။

“ ဒီသတ္တု လုပ်ကွက်တွေ ချပေးသလောက် လူထုတွေ ဘာမှ မရဘူး။ ကျမတို့ လူထုက ဘဝတွေပျက်သွားတာပဲရှိတယ်။ ြ လူနေမှု ဘဝ ထိခိုက်တယ်။ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးတယ်” လို့ မမီမီသိန်း က ထောက်ပြပြောဆိုပါတယ်။

သယံဇာတ သတ္တုလုပ်ကွက် ကို သက်ဆိုင်ရာက ချပေးလိုက်ပြီး ထိုလုပ်ကွက်နေရာများမှာ နေထိုင်တဲ့ ဒေသခံနဲ့ ကုမ္ပဏီ ကြား ပဋိပက္ခဖြစ်ပွားမှုတွေ ဟာ မကြာခဏ ကြားနေရပြီး၊ ဒေသခံရဲ့မြေပြင်အသံကို တက်လာတဲ့ အစိုးရ တိုင်းက ဥပက္ခာပြုခံရတာကိုလည်း တွေ့မြင်နေရကြောင်း မမီမီသိန်း က ဝေဖန်ထောက်ပြလိုက်ပါတယ်။

သျှမ်းရှေ့မှာ သတ္တု သယံဇာတ တူးဖော်တဲ့ လုပ်ကွက်တွေ များစွာရှိနေပြီး၊ ယခု အစိုးရ သက်တမ်းမှာလည်း လုပ်ကွက်သစ်တွေ ထပ်မံချထားတဲ့အတွက် ဒေသခံတွေကတော့ နေ့စဉ်နဲ့အမျှ ထိုကိစ္စတွေနဲ့ ခေါင်းခဲမှုတွေ ကြုံနေရပါတယ်။

“ တောင်ပေါ်ဒေသကလူတွေကို သတ္တုတူးဖော်မယ့်ကုမ္ပဏီတွေက သွားပြီး ပြောရင် ကောင်းတာပဲပြောတယ်။ ဆိုးတာမပြောဘူး။ နောက် လမ်းတွေ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပေးမယ်ဆိုတာပြောတယ်။ တောင်ပေါ်ကလူတွေက အယုံလွယ်ပြီး လက်ခံကြတယ်” လို့ကျိုင်းတုံ ဒေသခံ နန်းဝမ်း က ပြောပါတယ်။

လာမယ့်အစိုးရသစ်သက်တမ်းမှာလည်း သျှမ်းရှေ့ ပြည်သူတွေ အတွက် ကောင်းမွန်တဲ့ ဘဝဖြစ်ဖို့အတွက် ဂရုစိုက်ပေးမယ့် အစိုးရကိုလိုချင်ကြောင်း၊ သယံဇာတ တူးဖော်မှုကို အားမပေးတဲ့ အစိုးရ လိုချင်ကြောင်း၊ သယံဇာတ တူးဖော်မှုဟာ တိုင်းရင်းသားလူမျိုးအတွက် ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်လာနိုင်တဲ့အတွက် မပြုလုပ်စေချင်ကြောင်းလည်း နန်းဝမ်းက ထောက်ပြပြောဆိုလိုက်ပါတယ်။

“ ကျမတို့ ဘဝတွေက ပိုဆိုးလာတာပဲရှိတယ်။ ကောင်းသွားတယ်ဆိုတာမရှိဘူး။ ဘယ်အစိုးရ ပဲတက်တက် ဒီလိုဖြစ်နေတော့ ကျမတို့ လည်း ဘယ်သူ့ကို အားကိုးရမှန်းတောင်မသိတော့ဘူး”လို့ အခက်အခဲပေါင်းများစွာ ကြုံနေရတဲ့ နန်းလာ တယောက် က ဝမ်းနည်းစွာဖြင့် ပြောဆိုလိုက်တဲ့ စကားဖြစ်ပါတယ်။

သယံဇာတနဲ့ သဘာဝ ပျက်စီးမှုတွေကြောင့် ဘဝတွေပျက်နေရတဲ့ သျှမ်းရှေ့တောင်သူလယ်သမားတွေဟာ ခေတ်အဆက်ဆက်ရဲ့ အုပ်ချုပ်သူတွေရဲ့ စီမံခန့်ခွဲမှုတွေ၊ သျှမ်းရှေ့ပြည်သူတွေကို ဥပက္ခာပြုမှုတွေကြောင့် ရွေးကောက်ပွဲအတွက်တွေဝေနေကြတာကိုလည်း တွေ့မြင်ရပါတယ်။

“ ကျနော် အခု ဘယ်သူကို မဲထည့်ရမှန်းတောင်မသိတော့ဘူး။ ကျနော်တို့ ဘဝတွေ အရင်လို လယ်ယာကောင်းကောင်း စိုက်ချင်တယ်။ အစိုးရ တွေက လိုအပ်တာရှိမှ ကျနော်တို့ဆီလာတာမဖြစ်စေချင်။ ကျနော်တို့ကို ပံ့ပိုးပေးမယ့် အစိုးရပဲလိုချင်တယ်” လို့ လုံးလှမောင် က ပြောဆိုလိုက်ပါတယ်။

သျှမ်းရှေ့ ပြည်သူတွေ ကတော့ ယခင်လို စိမ်းလန်းတဲ့ တောင်တန်းကြီးနဲ့အတူ စိမ်းစိုနေတဲ့ လယ်ယာစိုက်ပျိုးမှုတွေ ပြန်ဖြစ်အောင် နဲ့ လယ်ယာထွက်ကုန်အတွက် ဈေးကွက်ရှာဖွေပေးတဲ့အစိုးရ ကို မျှော်လင့်နေကြပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article