Thursday, April 25, 2024

ခိုလမ်မြို့မြေယာသိမ်းဆည်းမှု တရားလို (စစ်တပ်)ဘက်မှ တရားရုံး တက်ရန်ပျက်ကွက်

Must read

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့နယ် မြေယာပြဿနာတွင် တရားလိုဖြစ်သောအစိုးရ တပ်မတော်ဘက်မှ တကြိမ်တခါမျှ တရားရုံးမတက်သေးကြောင်း စုံစမ်းသိရသည်။

Photo by Ko Hla Htwe/ facebook

လွန်ခဲ့သည် ဇွန် ၉ ရက်တွင် လယ်ယာမြေများသိမ်းဆည်းထားသော ခိုလမ်မြို့နယ် အခြေစိုက် အမှတ် ၆၆ ခြေလျင်တပ်ရင်း သည် မြေပိုင်ရှင် တောင်သူ ၄၇ ဦးကို နမ့်စန်မြို့နယ် တရားရုံးတွင် တရားလို အဖြစ် တရားစွဲဆို ခဲ့သည်။

အဆိုပါ တရားစွဲဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး နမ့်စန်မြို့နယ် တရားရုံးမှ ရုံးချိန်း ၄ ကြိမ် ခေါ်ယူခဲ့သော်လည်း တရားလို ဖြစ်သည့် အစိုးရ တပ်မတော်ဘက်မှ တရားရုံးကို တကြိမ် တခါမျှ မလာခဲ့ကြောင်း တရားစွဲဆိုခံထားရသည့် တောင်သူ ဦးလှထွန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အကုန်လုံးဆို ဒီခေါက်ပါရင် ၅ ခေါက်ရှိပြီ။ ရုံးချိန်းက ၄ ကြိမ်မြောက် တရားလို တစ်ခါမှ မလာသေး။နက်ဖန် (၁၀) ရက်နေ့မှာ တရားလို ကို စစ်ဆေးမယ်လို့ သိရပါတယ်။ သူတို့ လာမလားတော့ မသိရသေးဘူး” ဟု ဦးလှထွန်း က ပြောသည်။

ခိုလမ် အခြေစိုက်တပ်နှင့် တောင်သူများ အငြင်းပွားမှုဖြစ်နေတဲ့မြေယာပေါ် တပ်မှ ပျိုးပင်များလာစိုက်

ထို့ကြောင့် တရားစွဲဆိုခံရသည့် တောင်သူတချို့ သည် အသက်ကြီးပြီး ကျန်းမာရေး မကောင်းသဖြင့် သွားလာရခက်ခဲနေကြောင်း၊ ထို့ကြောင့် တရားရုံးရက်ချိန်းကို တရားစွဲဆိုခံရသူ ၄၇ ဦး မသွားစေ ချင်ဘဲ တောင်သူကိုယ်စားလှယ်ထားပြီး ရင်ဆိုင်ရန် ဇွန် ၂၉ ရက်က နမ့်စန်မြို့နယ် တရားသူကြီးထံကင်းလွှတ်ခွင့် တင်ပြခဲ့ရာ ပယ်ချခံခဲ့ရကြောင်း တောင်သူများကပြောသည်။

“တရားစွဲခံရတဲ့ တောင်သူ ၄၇ ယောက်ဆိုတော့ ကားတွေ ခက်တယ်။ အသက်ကြီးတဲ့သူတွေလည်းရှိတယ်။တချို့က နေမကောင်းကြဘူး။ နောက် အလုပ်ချိန်လည်း ဖြစ်တဲ့အတွက် ကင်းလွှတ်ခွင့်တောင်းတာ တရား သူကြီးကမပေးဘူး။ ပယ်ချတယ်။ ကင်းလွှတ်ခွင့်ဆိုတာ တောင်သူ အကုန်လုံးကို မသွားစေချင်ဘူး ကိုယ်စားလှယ် ထားချင်တာ” ဟု တောင်သူ ဦးလှထွန်း က ရှင်းပြသည်။

ထို နမ့်စန်မြို့နယ် တရားသူကြီး မှပယ်ချလိုက်သည့် ကိုယ်စားလှယ် (၅) ဦးထားရှိရေး ကို လွိုင်လင်ခရိုင် တရားရုံးတွင် သွားရောက် တင်မည် ဟု သိရသည်။

“ ဒီတခါ တရားလို စစ်ပြီးလို့ရှိရင် တရားလို ရဲ့ ထွက်ဆိုချက် ကို တရားဝင် ပြန်တောင်းရမယ်။ အဲ့ထွက်စာ ကို လွိုင်လင်ခရိုင်ကို တင်မလို့။ နမ့်စန် မှာ က တရားသူကြီးက ကျနော်တို့ကိုယ်စားလှယ် ၅ ယောက်တောင်းတာ မပေးတော့ ကျနော်တို့အတွက် ခက်ခဲတယ်” ဟု တရားရင်ဆိုင်နေရသည့် တောင်သူတဦးကပြောပြသည်။

ယခု ကာလသည် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်သည့် ကာလဖြစ်ပြီး လူစုလူဝေး မလုပ်ရသည်ကို လိုက်နာရန် နှင့် တရားစွဲဆိုခံရသူများထဲတွင် သက်ကြီး ရွယ်အိုများ၊ မကျန်းမာသည့်သူများ ပါဝင်ကာ လက်ရှိသည့် စိုက်ပျိုးသည့် ရာသီဖြစ်သည့်အတွက် ကျင့်ထုံးအရ ခွင့်ပြုနိုင်ရန် လျှောက်ထားခြင်းကို တရားရုံးက လက်မခံကြောင်း တောင်သူများဘက်မှ ရှေ့နေကူညီလိုပါသည့် တရားလွှတ်တော် ရှေ့နေ ဦးတင်အောင်ဝင်း က ပြောသည်။

ပြီးခဲ့သည့်လက ပထမအကြိမ်ရုံးချိန်းတွင် တရားစွဲဆိုခံရ လယ်ယာမြေပိုင်ရှင်တဦး တရားရုံးတက်ရန်ပျက်ကွက်သဖြင့် အဆိုပါ လယ်ပိုင်ရှင်အား တရားရုံးရှောင်အဖြစ် စစ်တပ်က ထပ်မံတရားစွဲခဲ့သေးသည် ။

တောင်သူ ၆၄ ဦး ပိုင်ဆိုင်ထားသည့် မြေဧက (၁၃၅၃.၃၃)ဧက ကို နမ့်စန်မြို့နယ် ရလခ တိုင်းရုံးစိုက်ရာ ခိုလမ်မြို့နယ်ခွဲရှိ အမှတ် ၆၆ ခြေလျင်တပ်ရင်းမှ သိမ်းဆည်းခဲ့သည့်ပြီး လက်ရှိ တရားရင်ဆိုင်သည့် ကာလအတွင်း တပ်ဘက်မှ ပျိုးပင်များလာရောက် စိုက်ပျိုးထားကြောင်း သိရသည်။

ထိုတပ်သိမ်းမြေပေါ်တွင် တောင်သူများ နှစ်ပေါင်း ၄၀ကျော် စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး ၂၀၁၉ ခု ၈ လပိုင်းတွင်း တပ်ပိုင်မြေဖြစ်ကြောင်း တောင်သူများထံ လက်မှတ်ရေးထိုးပေးရန် အထွေထွေအုပ်ချုပ်ရေးရုံးမှ တဆင့် အစည်းအဝေး ခေါ်ယူခဲ့သည်။

လက်ရှိ သျှမ်းပြည် တဝှမ်းတွင် သျှမ်းပြည် လူထုများ၏ ဘိုးဘွားပိုင်မြေများကို တပ်မှ နေရာ အနှံ့သိမ်းယူမှုများကြောင်း နှစ်ပေါင်းများစွာ စိုက်ပျိုးရေးလုပ်ကိုင်ခဲ့သည့် တောင်သူများ စားဝတ်နေရေး ခက်ခဲရင်ဆိုင်မှုများကြုံတွေ့နေရသည်။

လွန်ခဲ့သည့် မေ လနှောင်းပိုင်းတွင်လည်း သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ၌ အစိုးရတပ်နှင့် ဆီဆိုင်မြို့နယ်ကျေးရွာ ၅ ရွာမှ တောင်သူများမြေယာ အငြင်းပွားမှု ဖြစ်ပွားကာ တပ်မတော်မှ ဒေသခံ တောင်သူ ၇၀ ကျော် ကို တရားစွဲဆိုထားသည်။

အစိုးရတပ် မြေယာ သိမ်းမှုသည် ယခုရက်ပိုင်း သျှမ်းတောင်ပိုင်းသာမက သျှမ်းပြည်မြောက်ပိုင်းတွင်လည်း သိမ်းဆည်းမှုများ ရှိနေသဖြင့် သျှမ်းပြည်သူများလည်း စိုးရိမ်ပူပန်မှု ဖြစ်ပွားနေသည်။

Leave a Comments

- Advertisement -spot_img

Latest article