Thursday, January 29, 2026

သမိုင်းဝင်သီပေါဟော်နန်းကို လေ့လာစရာနေရာအဖြစ် သျှမ်းလူငယ်များထားရှိလို

ကမ္ဘာကျော် သီပေါဟော်နန်းကို နောင်လူငယ်များလေ့လာနိုင်သည့် သမိုင်းဝင်နေရာတခုဖြစ်ရန် လိုအပ်ကြောင်း သျှမ်းလူငယ်များက ပြောဆိုလိုက်သည်။

သီပေါဟော်နန်းကို ဇွန် ၂၀ ရက် က သီပေါစော်ဘွား၏ မျိုးဆက်ဖြစ်သူ ခွန်ထွန်းဦး ကိုယ်တိုင် သျှမ်းပြည် ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူဖြစ်သည့် အောက်စဖိုဒ့် ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ နှင့် သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့ အဖွဲ့ချုပ် ဥက္ကဌ ဆရာတော် ဒေါက်တာ ပညာနန္ဒ တို့ရှေ့မှောက်တွင် ရေစက်ချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

 

Photo by Hsipaw Palace/ facebook

သီပေါဟော်နန်းအားရေစက်ချ လှူဒါန်းခဲ့သည့်အပေါ် လက်ရှိ ဟော်နန်းတွင်နေထိုင်သည့် စော်ဘွားမိသားစု ကန့်ကွက်မှုများလည်းရှိကြောင်း တွေ့မြင်ရသည်။

လက်ရှိ သီပေါဟော်နန်း တွင် သီပေါစော်ဘွား စဝ်ကြာဆိုင် ၏ နောင်တော် စဝ်အုံကြာ၏ သားအရင်း စဝ်ဦးကြာ နေထိုင်နေကြောင်းသိရသည်။

သျှမ်းလူထုအများစု အနေဖြင့် ဟော်နန်းကို လူတဦးတယောက်တည်း မဟုတ်ဘဲ အများပိုင်သည့် သမိုင်းဝင် နေရာတခုဖြစ်ရန် လေ့လာနိုင်သည့် နေရာဖြစ်စေခြင်းကြောင်း သျှမ်းလူငယ်များက သျှမ်းသံတော်ဆင့်ကို ပြောဆိုလာကြသည်။

“ ဟော်နန်း ကို မိသားစု တစ်စုကနေပြီး ယူတာ မျိုး နေထိုင် နေတာကို သိပ်သဘောမကျဘူး။ အဲ့ကြောင့်မလို့ အခုအများပိုင်လိုမျိုး သံဃာတော်တွေကို လှူလိုက် ဒီလို ပုံစံမျိုးဖြစ်သွားတာကတော့ သဘောကျတယ်” ဟု သျှမ်းပြည် မြောက်ပိုင်း ကျောင်းသား သမဂ္ဂ နန်းမွေလျန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သီပေါ ဟော်နန်းသည် သျှမ်းလူမျိုးများ၏ အမွေအနှစ်ဖြစ်ပြီး၊ သီပေါဟော်နန်း အတွင်း ဖြစ်ပျက်သည့် ဇာတ်လမ်းများ၊သီပေါစော်ဘွားကြီး စဝ်ကြာဆိုင်၏ သမိုင်းတို့ကို လူငယ်များ ထပ်ဆင့်လေ့လာနိုင်ရန် အထိမ်းအမှတ် ပြယုဒ် တခုဖြစ်ကြောင်း လည်း နန်းမွေလျန်း က ဆိုသည်။

သျှမ်းပြည်တဝှမ်းရှိ သျှမ်းစော်ဘွားများ၏ ဟော်နန်းများကို ပြန်ပြီး ေ လ့လာကြည့်မည်ဆို ပါက ဟော်နန်း တချို့ မှာဖျက်ဆီးခံရခြင်း၊ တချို့မှာ အာဏာရှင် စစ်အစိုးရ ၏ သိမ်းဆည်းခြင်းများ ခံခဲ့ရသည်။

သျှမ်းပြည် ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူဖြစ်သည့် အောက်စဖိုဒ့် ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ နှင့် သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့ အဖွဲ့ချုပ် ဥက္ကဌ ဆရာတော် ဒေါက်တာ ပညာနန္ဒ တို့ရှေ့မှောက်တွင် ရေစက်ချ အမျှပေးဝေသည့်ပုံ (Photo by Nang San San Aye/ Facebook)

“ သံဃာတော် တွေ ထိန်းသိမ်းထားတဲ့ဟော်နန်းတချို့ ကျမ သိသလောက်က လဲချားဟော်ရှိတယ်။ အဲ့လိုဟော်ကျတော့ မပျက်စီးဘဲ နဲ့ ဆက်လက် ထိန်းသိမ်းသွားနိုင်တယ်။ အဲ့ကြောင့် သီပေါ ဟော်ကို သံဃာတော်တွေ ထိန်းသိမ်းတာ ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်” ဟု နန်းမွေလျန်းက သူ၏ အမြင်ကို သုံးသပ်ပြောကြားလိုက်သည်။

လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် က သီပေါ စော်ဘွား စဝ်ကြာဆိုင်၏ တူတော် ဖြစ်သည့် စဝ်ခွန်ထွန်းဦးသည် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့သည်။

ထိုစဉ်က သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီဖြစ်ခဲ့သည့် စဝ်သုစန္ဒီ(ခေါ်) အင်ငယ်ဆားဂျန့်နှင့် တွေ့ဆုံကာ မဟာဒေဝီ က သီပေါဟော်နန်းအပြင် ၎င်းတို့ပိုင်ဆိုင်သည့် ပစ္စည်းများကို စီမံခန့်ခွဲပိုင်ခွင့် ကို ခွန်ထွန်းဦးအား ပေးအပ်ခဲ့ကြောင်း သိရသည်။

Photo by Nang San San Aye/ facebook

သီပေါ ဟော်နန်းသည် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်သည့်နေရာတခုဖြစ် သော်လည်း ပြန်လည် ပြုပြင်ထိန်းသိမ်းမှု အားနည်းနေကြောင်း၊ ရေရှည် ဆက်လက်ထိန်းသိမ်းနိုင်ရန် အတွက် မိသားစု တစုတည်းမဟုတ်ဘဲ သျှမ်းတမျိုးသားလုံး အတွက် ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ကြောင်းလည်း သျှမ်းလူငယ်များက မှတ်ချက်ပြုလိုက်သည်။

“ သံဃာတော် တွေ လက်အောက် မှာရှိတာကောင်းတယ်လို့မြင်တယ်။ ဟော်နန်းက ခဏခဏပိတ်တယ်။ စိတ်ဆန္ဒအရ ပိတ်လိုက် ဖွင့်လိုက် ကျတော့ ခရီးသွား လုပ်ငန်းလည်း ထိခိုက်တာရှိတယ်။ အဲ့ကြောင့် ကျနော်တို့က အဲ့ဒါတွေကို သဘောမကျဘူးပေါ့နော်” ဟု သျှမ်းပြည်မြောက်ပိုင်းက လူငယ် တဦးဖြစ်သည့် စိုင်းမှိုင်း က ဆိုသည်။

သီပေါ ဟော်နန်းနှင့် ပတ်သက်ပြီး သီပေါမဟာဒေဝီ ကိုယ်တိုင် ရေးဖွဲ့ခဲ့သည့် “ Twilight Over Burma” စာအုပ်နှင် ရုပ်ရှင် ဇာတ်ကားကြောင့် ကမ္ဘာခရီးသွားဧည့်သည်များအထူး စိတ်ဝင်စားလျှက်ရှိသည်။

လက်ရှိ သီပေါဟော်နန်းသည် စဝ်ဦးကြာ၏ ဂရံ အမည်ပေါက်ဖြစ်ပြီး၊ ဟော်နန်းကြီး ထိန်းသိမ်းစောင့်ေ ရှာက်လာခဲ့သည်မှာ နှစ်ပေါင်း ၆၀ နီးပါး ရှိခဲ့ပြီ ဖြစ်ကြောင်း TAI HOME လူမှု ကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ထို့ကြောင့် စဝ်ဦးကြာအနေဖြင့် ဟော်နန်းနှင့် ပတ်သက်ပြီး တရားဥပဒေ ကြောင်းအရ တရားစွဲဆိုသွားမည် ဟုလည်း TAI HOME တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် ၁၉၆၂ က ပျောက်ဆုံးနေသည့် သီပေါ စော်ဘွားသည် လက်ရှိ အချိန်ထိ အမှုမှန် မပေါက်သေးဘဲ စော်ဘွားရဲ့ သမိုင်းကြောင်းကို သျှမ်းပြည်လူငယ်သာမက မြန်မာပြည်လူငယ်များ သိရှိပြီး၊ ထိုနေရာကို သမိုင်းဝင် နေရာအဖြစ် ဖွင့်လှစ်ပေးရန်လည်း သျှမ်းလူငယ်များက တိုက်တွန်းပြောဆိုလိုက်သည်။

ထိုသတင်း နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် အနေဖြင့် လက်ရှိ ဟော်နန်းတွင်နေထိုင်သည့် သူများကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News