နမ့်စန်မြို့နယ် တပ်မှ သိမ်းထားသည့်မြေပေါ် အပင်များလာရောက်စိုက်

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် တွင် တပ်မှ ဒေသခံ တောင်သူများထံ အတင်းအဓမ္မသိမ်းဆည်းထားသည့် မြေပေါ်တွင် ပျိုးပင်များ စိုက်ပျိုးထားကြောင်း စုံစမ်းသိရသည်။

Photo by Ko Hla Htwe/ facebook

ဇွန် ၉ ရက်တွင် တောင်သူ ၆၄ ဦး ပိုင်ဆိုင်ထားသည့် မြေဧက (၁၃၅၃.၃၃) ဧက ကို နမ့်စန်မြို့နယ် ရလခ တိုင်းရုံးစိုက်ရာ ခိုလမ်မြို့နယ်ခွဲရှိ အမှတ် ၆၆ ခြေလျင်တပ်ရင်းမှသိမ်းဆည်းခဲ့ပြီး၊ တောင်သူ ၄၇ဦးကို နမ့်စန်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခဲ့သည်။

တပ်မှ အတင်းအဓမ္မသိမ်းဆည်းထားသည့်မြေပေါ် တွင် ပျိုးပင်များလာရောက် စိုက်ပျိုးကြောင်း မြေသိမ်းခံရပြီး တရားစွဲဆိုခံထားရသည့် တောင်သူ ဦးလှထွန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တောင်သူ တစ်ချို့က သွားဖျက်ဆီးချင်နေတာ။ မကောင်းဘူးထင်တယ်လို့။ ကျနော်တို့ကို နောက်တစ်မှု ရအောင် လုပ်စေချင်တဲ့ ပုံစံမျိုးရှိတယ်” ဟု ဦးလှထွန်း ကဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများကို တင်ပြထားကြောင်းလည်း သိရသည်။

တပ်မှ သိမ်းဆည်းထားသည့် မြေပေါ်တွင် တောင်သူများ နှစ်ပေါင်း ၄၀ကျော် စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး ၂၀၁၉ ခု ၈ လပိုင်းတွင် တပ်ပိုင်မြေဖြစ်ကြောင်း ကနဦး ပိုင်ရှင်မှ လက်မှတ်ရေးထိုး ပေးရန် အထွေထွေ အုပ်ချုပ်ရေးရုံးမှ တဆင့် အစည်းအဝေး ခေါ်ယူခဲ့သည်။

“ အခု ကျနော်တို့တရားရင်ဆိုင်နေရတာ။ တရားရုံးကို ဇွန် ၂၄ရက်ကျရင် ထပ်သွားရမယ်။မြို့နယ် အဆင့်ဆင့်ကို စာတင်ပြသွားမယ် မရရင် နေပြည်တော်ထိ စာတင်မယ်” ဟု ဦးလှထွန်း က ပြောသည်။

တပ်မှ သိမ်းဆည်းထားသည့်မြေပေါ်တွင် ယူကလစ်ပင်များ နှင့် ဒေသခံ တောင်သူများမသိသည့် အပင်များ လာရောက်စိုက်ပျိုးထားကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင်လည်း မေလနှောင်းပိုင်းတွင် အစိုးရ တပ် နှင့် ဆီဆိုင်မြို့နယ်ကျေးရွာ ၅ ရွာမှ တောင်သူများမြေယာ အငြင်းပွားမှု ဖြစ်ပွားကာ အစိုးရတက်မှ ဒေသခံ တောင်သူ ၇၀ ကျော် ကို တရားစွဲဆိုထားသည်။

အစိုးရတပ် မြေယာ သိမ်းမှုသည် ယခုရက်ပိုင်း သျှမ်းတောင်ပိုင်းသာမက သျှမ်းပြည်မြောက်ပိုင်း တွင်လည်း သိမ်းဆည်းမှုများ ရှိနေသဖြင့် သျှမ်းပြည်သူများလည်း စိုးရိမ်ပူပန်မှု ဖြစ်ပွားနေသည်။

Leave a Comments

SHARE