Friday, May 17, 2024

ဆီဆိုင်တွင် တောင်သူများ ထွန်တုံးတိုက်ပွဲ ပြုလုပ်

Must read

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ် အတွင်း အစိုးရတပ်သည် တောင်သူများ၏ မြေယာများ၊ လယ်ထွန်စက်များကို သိမ်းဆည်းသွား သဖြင့် တောင်သူများက ထွန်တုံးတိုက်ပွဲ ပြုလုပ်သည်။

ဓာတ္ပံု Mg Mg/Facebook

မေလနှောင်းပိုင်းက အစိုးရ တပ်နှင့် ဆီဆိုင်မြို့နယ် ကျေးရွာ ၅ရွာ မှ တောင်သူများ မြေယာ အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် အစိုးရတပ်မှ ဒေသခံ တောင်သူ ၇၀ ကို တရားစွဲခဲ့ကြပြီး ၄င်းတို့၏ လယ်ထွန်စက် ၂၉ စီး ပါသိမ်းဆည်းခြင်းခံရကြောင်း ဆီဆိုင်မြို့နယ် ဒေသခံများ ပြောပြချက် အရ သိရသည်။

“စစ်တပ်က တောင်သူတွေရဲ့ လယ်ထွန်စက်ကို သိမ်းထားတော့ တောင်သူတွေက ကျွဲ နွားတွေ မရှိတော့ အရင်ကလို လူတွေ နဲ့ ပြန်လုပ်နေရတယ်။ စိုက်ပျိုးဖို့ အရမ်းအခက်ခဲ ဖြစ်နေကြတယ် ” ဟု ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

Photo by Mg Mg/Facebook

ဆီဆိုင်မြို့ အခြေစိုက် အမှတ် (၄၂၃) ခြေလျင်တပ်ရင်း နှင့် (၄၂၄) ခြေလျင်တပ်ရင်း များက မေလ ၃၀ ရက် တွင် မြေဧက ၉၀၀ကို သိမ်းယူခဲ့ကြောင်း သိရသည်။

“ဒီပြသနာက ဒီကနေ့ထိပဲ မပြီးသေးဘူး။ သူတို့ သိမ်းထားတဲ့ မြေတွေက ဘိုးဘွားပိုင်မြေဖြစ်တယ်။ ပြည်ထဲရေးမှာလည်း အမည်ပေါက်ဖြစ်ထားတယ်။ အခု တောင်သူတွေ အရမ်းဒုက္ခရောက်နေတယ်။ မိုးရာသီလည်း ရောက်ပြီ ပြောင်းတွေ စပါး တွေ စိုက်ပျိုးချိန်ရောက်ပြီလေ” ဟုဦးစံဝင်းမောင် ကပြောသည်။

လက်ရှိ မှာ စစ်တပ်မှ တောင်သူ ၇၀ ဦး ကို ဆီဆိုင်မြို့မ ရဲစခန်းတွင် ပုဒ်မ ၄၄၇ နှင့် အမှုဖွင့် ထားကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် ကျေးရွာ ၅ရွာ မှ ဒေသခံများသည် မြေအငြင်းပွားမှုကြောင့် စိုက်ပျိုးရေးကောင်းကောင်းမွန်မွန်မလုပ်နိုင်သလိုတဖက်တွင်လည်း မြေယာ အမှုကို ဆက်လက်ရင်ဆိုင်သွားရဦးမည်ဖြစ်သဖြင့် ခက်အခဲများ ရင်ဆိုင်နေရကြောင်းလည်း ဆီဆိုင်မြို့နယ် ဒေသခံ တောင်သူများက ဆိုသည်။

Photo by Mg Mg/ Facebook

“ ကျနော်တို့ ဒီမြေယာ မှာ စိုက်ပျိုးလာတာကြာပြီ၊ ဒီလယ်မလုပ်ရင် ကျနော်တို့ဘာသွားလုပ်ရမှာလဲ။ တဖက်ကလည်း ကိုဗစ်-၁၉ ဖြစ်တော့  နိုင်ငံခြားသွားလည်းမရဘူး။ တပ်က မတရားသိမ်းတာ၊ လုပ်နေတာ” ဟုဆီဆိုင်မြို့နယ် တောင်ယာလုပ်ကိုင်သူ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

စစ်တပ်မှ သိမ်းဆည်းသည့် မြေယာများသည် ပအိုဝ်း တောင်သူများပိုင်ဆိုင်သည့် မြေယာ များဖြစ်ကြောင်း၊ ကိုဗစ်ကာလ အတွင်း တောင်သူများ စားဝတ်နေရေး အတွက် လယ်ယာကောင်းမွန်စွာစိုက်ပျိုးနိုင်ရန် အတွက် အစိုးရတပ်အနေဖြင့် ကူညီပေးသင့်ကြောင်း လည်း ၎င်း တောင်သူက ပြောသည်။

မေ ၃၀ရက်တွင် တောင်သူများသည် မိမိပိုင်မြေယာပေါ် ထွန်ယက် စိုက်ပျိုးနေစဉ် တပ်မှ ဝင်ရောက်ကာ အမိန့်အာဏာပေးခြင်း၊ လယ်ထွန်နေသည့် စက်များ ကို ဆီဆိုင်ရဲစခန်းသို့ ပို့ဆောင်လိုက်သည့် ဗွီဒီယိုဖိုင်သည် လူမှုကွန်ယက် စာမျက်နှာတွင် တွေ့ရသည်။

ထို့ပြင် စစ်တပ် မြေယာသိမ်းခြင်းခံရသည့် တောင်သူများ၊ အမှုဖွင့်ခံရသည့် အသက်အရွယ်ကြီးသည့် အမျိုးသမီး များ ငိုကြွေးသည့် ရုပ်သံလည်း လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

အစိုးရ တပ်၏ မြေယာသိမ်းမှုသည် ယခုရက်ပိုင်း သျှမ်းပြည် တောင်ပိုင်း သာမက သျှမ်းပြည်မြောက်ပိုင်းတွင် သိမ်းဆည်းမှုများ ရှိနေသဖြင့် သျှမ်းပြည်သူများလည်း စိုးရိမ်ပူပန်မှု ဖြစ်ပွားနေကြသည်။

Leave a Comments

- Advertisement -spot_img

Latest article