Friday, April 19, 2024

သံလွင်မြစ်ပေါ်ရေကာတာ တည်ဆောက်ခြင်း ဆိုင်ရာစကားဝိုင်း ရန်ကုန်မြို့ ရှိ ဗြိတိသျှ ကောင်စီတွင် ပြုလုပ်

Must read

သံလွင်မြစ်ပေါ် ရေကာတာ တည်ဆောက်ခြင်း ဆိုင်ရာ စကားဝိုင်း နှင့် ရုပ်ရှင်ပြသခြင်းကို ရန်ကုန်မြို့ ရှိ ဗြိတိသျှ ကောင်စီ (British Council )တွင် ကျင်းပခဲ့သည်။

Photo Credit to Sai Khur Hseng- ရန်ကုန်မြို့ British Council တွင်ပြုလုပ်သော သံလွင်မြစ်ပေါ်ရေကာတာ တည်ဆောက်ခြင်း ဆိုင်ရာစကားဝိုင်းတွင် ဆွေးနွေးနေသော စိုင်းခေးဆိုင်

စကားဝိုင်းကို “ The Thanlwin: The Last Undammed River ” ဟု နာမည်ပေးကာ အောက်တိုဘာ ၁၅ ရက် ့ ညနေ ၅ နာရီမှ ရ နာရီအထိ ပြုလုပ်ခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် Action for Shan State River မှ စိုင်းခေးဆိုင်နှင့် Karen River Watch မှ စောသာပိုးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲရန် အတွက် ဆည်များ တည်ဆောက်ရမည် လျှပ်စစ်မီးများ ရအောင် လုပ်ရမည် ဟု သက်ဆိုင်ရာ က ပြောဆိုသည့်အပေါ် ကို ပါဝင်ဆွေးနွေးခဲ့သည့် စိုင်းခေးဆိုင် က “ အဲဒီအပေါ် ကျနော်ပြောချင်တာက မြန်မာနိုင်ငံမှာ ရေကာတာက လုပ်ပြီးတာ ၂၆ ခု။ မလုပ်ရသေးတာက ၅၀ ခုရှိသေးတယ်။ ရှမ်းပြည်မှာဆိုရင် ရွှေလီမြစ် ပေါ်ရေကာ ၊ကျိုင်းတောင်း မှာက ရေအားလျှပ်စစ်စီမံကိန်း ၊ နမ္မတူ ပေါ်မှာရေကာတာ စတာတွေမှာတင် ၁၀ ခုလောက်ရှိနေပြီလေ။ ဒီဒေသမှာ လျှပ်စစ်မရသေးလို့ လျှပ်စစ်မီးထုတ်ဖို့လုပ်နေတာလား ဆိုတာမေးစရာမေးခွန်းဖြစ်နေပါတယ်။”– ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

သံလွင်မြစ်ပေါ်ရေကာတာတည်ဆောက်မည့်စီမံကိန်းတွင်လည်း ငလျင်ကြောပေါ်တည်ရှိနေသည်ကိုသတိမူသင့်ကြောင်း၊ မှတ်တမ်းများအရ သံလွင်မြစ်ဝှမ်းတလျှောက် ၁၆၁၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ငလျင် ၁၃၂ ကြိမ် လှုပ်ခဲ့ကြောင်း အင်အားအနည်းဆုံး ၂ ရစ်တာစကေးမှ အများဆုံး ၆ ရစ်တာစကေးအထိရှိ သဖြင့် ငလျင်ကြောင့်ရေကာတာပေါက်ကွဲပါက လူအသက်ပေါင်းမြောက်များစွာသေကြေရမည်ဖြစ်ကြောင်း စိုင်းခေးဆိုင်ကရှင်းပြသည်။

“ကျနော်ပြောချင်တာက ကိုယ့်ရဲ့သားသမီးမြေးမြစ်တွေ မျိုးဆက်တွေကို လျှပ်စစ်ဓါတ်အား အမွေ ပေးထားမလား ဒါမှမဟုတ် သန့်စင်တဲ့ သဘာဝပတ်ဝန်းကျင်ကိုအမွေအနှစ်အဖြစ်ထားပေးမလား။ မြေးမြစ်တွေ မျိုးဆက်သစ်တွေအတွက် လျှပ်စစ်ဓါတ်အားလည်းရအောင် သဘာဝပတ်ဝန်းကျင်လည်း ရှိအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာ လူတိုင်းလူတိုင်း စဉ်းစားရမယ့်အိမ်စာတပုဒ်ပေါ့ဗျာ။ ”– ဟုလည်း စိုင်းခေးဆိုင်က သျှမ်းသံတော်ဆင့်အားပြောသည်။

ဗြိတိသျှကောင်စီအနေဖြင့် ယခုကဲ့သို့ သံလွင်မြစ်ပေါ်ရေကာတာ တည်ဆောက်မည့်စီမံကိန်းအပေါ် စိတ်ဝင်တစားရှိလာခြင်းမှာ လည်းကောင်းမွန်သောလက္ခဏာတရပ်ဖြစ်ကြောင်း ပါဝင်ဆွေးနွေးသည့် စိုင်းခေးဆိုင်က ဆိုသည်။

“မြို့နေလူထုနဲ့ ကမ္ဘာ့အနောက်ဘက်ခြမ်းလူထုက ဒီရေကာတာတည်ဆောက်မှုအပေါ် စိတ်ဝင်စားလာတယ်ဆိုတဲ့သဘောပါ။ အရင်က ရေကာတာလုပ်ရင်ငါတို့လျှပ်စစ်မီးရမယ်လို့ အစဉ်တစိုက်မှတ်လာတဲ့သူတို့က အခုလိုရှင်းပြ ပြောပြခွင့်ရတော့ သဘာဝပတ်ဝန်းကျင်ကိုဘဲသူတို့ယူမယ်။ရေကာတာတည်ဆောက်မှုကိုမယူဘူး လို့သူတို့ပြောလာပါတယ်။ ”– ဟုစိုင်းခေးဆိုင်ကပြောသည်။

အဆိုပါစကားဝိုင်းသို့ British Council မှကျောင်းသားများ ၊ ရန်ကုန်တိုင်းအတွင်းနေ စိတ်ပါ၀င်စားသူလူငယ်များတက်ရောက်နားထောင်မေးမြန်းခဲ့ကြကြောင်း သိရပါသည်။

သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့်ရေကာတာကြီး ၆ ခုတည်ဆောက်ရေးအတွက် စစ်အစိုးရလက်ထက်ကတည်းက တရုတ် – ထိုင်းနိုင်ငံတို့နှင့်သဘောတူညီထားသည်။

ထိုအနက် အရှေ့တောင်အာရှ တွင် အကြီးမားဆုံးရေကာတာဖြစ်ပြီးရေအားလျှပ်စစ် ရ၀၀၀ မီဂါ၀ပ်အထိထုပ်လုပ်ပေးမည့် ရေကာတာကို ရှမ်းပြည်တောင်ပိုင်းမိုင်းပန်မြို့အရှေ့ဘက် မိုင်းတုံမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည်ဖြစ်သဖြင့် ထိုအနီးတဝိုက်ရွာပေါင်းထောင်ချီနေရပ်မှစွန့်ခွါပေးရမည်ဖြစ်ကြောင်းသိရသည်။ ရရှိလာသောလျှပ်စစ်မီးများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ထံရောင်းချပေးရန်လည်းမြန်မာအစိုးရကသဘောတူထားသည်။

Leave a Comments

- Advertisement -spot_img

Latest article