သျှမ်းပြည်စွမ်းအင်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲရလာဒ်အား အစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့

သျှမ်းပြည်စွမ်းအင်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲမှ ရရှိသည့် ရလာဒ်အား ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သျှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အိတ်ဖွင့်ပေးစာပေးပို့ မည်ဖြစ်ကြောင်းအဆိုပါပွဲကို ဦးဆောင်ကျင်းပသည့် အဖွဲ့ဝင် ကျွန်းတစ်ထောင် မြေဖောင်ဒေရှင်း မှ နန်းဝါနုကပြောသည် ။

Photo SHAN- တောင်ကြီးမြို့တွင်ပြုလုပ်ကျင်းပသော သျှမ်းပြည် စွမ်းအင်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ

“ မြန်မာနိုင်ငံစွမ်းအင်မူဝါဒတွေရှိတယ် ၊ ဒါပေမဲ့ ကျမတို့သျှမ်းပြည်မှာ သျှမ်းပြည် စွမ်းအင် မူဝါဒဆိုတာလဲ မရှိဘူး ၊ နောက်ပြီးစွမ်းအင်နဲ့ပတ်သက်တဲ့ ဥပဒေအချက် အလက် တွေတိတိကျကျလဲ ဒီသျှမ်းပြည်နယ် မှာမရှိဘူး ။ ပြည်ထောင်စုမှာတော့ စွမ်းအင်မူဝါဒ (၉)ချက်ရှိတယ် ။ သတင်းစာမှာလဲကြေငြာပြီးသား ပြည်သူများပူး ပေါင်းပါ၀င်ပါဆိုပြီး ။ ဒီစွမ်းအင်မူဝါဒ တွေကကောင်းနေပေမဲ့ ပြည်နယ်အစိုးရက ဒီစွမ်းအင်မူဝါဒနဲ့ မသက် ဆိုင်တဲ့ဟာ ကိုတိတ်တိတ်လေး ဆွေးနွေးနေတဲ့ အနေအထားရှိနေတယ် ၊ အပြင်လူ တွေမသိရဘူးဆိုတဲ့ ဟာတွေ ရှိနေတယ် ။ သီးခြားဆွေးနွေးပြီး သီးခြား မူဝါဒကိုဖော် ဆောင်သွားမှာ ကျမတို့အရပ်ဖက်အဖွဲ့အစည်းက စိုးရိမ်တယ် ။ ဒေသအ တွက်လဲ စိတ်ပူလာပါတယ် ဒါကြောင့် ဒီလိုပွဲတွေကို ကျင်းပရခြင်းဖြစ်ပါတယ် ” ဟု နန်းဝါနုက သျှမ်းသံတော်ဆင့်အား ရှင်းလင်းပြောကြားသည် ။

SNLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က နိုဝင်ဘာလ ၂၀၁၈ ခုနှစ်တွင် သျှမ်းပြည်နယ် လွှတ်တော် အတွင်း သျှမ်းပြည်နယ် လျှပ်စစ်ဥပဒေကိုတင်ထားသော်လည်း သျှမ်းပြည်နယ်လွှတ်တော်မှ အဆိုပါဥပဒေကို ပြည်ထောင်စုအဆင့်သို့ဆက်လက်တင်ထား သည်ဟု ဆိုကာ ယနေ့အချိန်အထိ သျှမ်းလွှတ်တော်ထဲဆက်လက်ဆွေးနွေးနိုင်ရန် ပြန်ရောက်မလာသေး ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည် ။

Photo SHAN- တောင်ကြီးမြို့တွင်ပြုလုပ်ကျင်းပသော သျှမ်းပြည် စွမ်းအင်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ

သျှမ်းပြည် နယ်စွမ်းအင်မူဝါဒ ဆိုင်ရာဆွေးနွေးပွဲ (Shan State Energy Forum) ကို တောင်ကြီးမြို့ ၊ တောင်ကြီး စီးတီး ဟိုတယ်တွင် ဇူလိုင်လ ၂၇၊ ၂၈ ရက် နှစ်ရက်တိုင်ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ဒေသအသီးသီးမှ ဒေသခံများ ၊ အရပ်ဖက်အဖွဲ့အစည်းများ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ နှင့် ပညာရှင်များပါ၀င်သော အဖွဲ့အစည်းနှင့် ဒေသပေါင်း (၆၇) ခု၊ စုစုပေါင်းလူဦးရေ ၁၃၉ ဦးမှ တက်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရသည် ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သည့် လက်ရှိ ဗဟိုသျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ စိုင်းမောင်တင် က -“ သျှမ်းပြည်နယ်အတွက်တကယ်လိုအပ်တဲ့ စွမ်းအင်မူဝါဒနဲ့ပတ်သက်ပြီး အစိုးရကို အကြံပြုချင်တာကတော့ လက်ရှိလုပ်နေတဲ့ လျှပ်စစ်ဓါတ်အား အငယ်စားလေးတွေ ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရကိုလုပ်ပိုင်ခွင့်ပေးထားတာကတော့ ၃၀ မီဂါ၀ပ်အောက်ပဲပေးထားတယ် ၊ အဲ့ဒီလို ပေးထားတဲ့ ရေအားလျှပ်စစ်တွေအပေါ်မှာ ဒေသကသုံးစွဲပြီးတော့ ပိုလျှံတဲ့ လျှပ်စစ်ဓါတ်အားလေးတွေ မဟာဓါတ်အားလိုင်း ထဲကိုထည့်သုံးနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရ ကနေ သင့်တင့်လျောက်ပတ်တဲ့ စျေးနဲ့ဝယ်ပေးဖို့အဲ့တာအ ရေးကြီးပါတယ်လို့ ကျတော့်အနေနဲ့မြင်ပါတယ် ” ဟု ပြောသည် ။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး လက်ရှိအစိုးရ၏အားနည်းချက်မှာ ပြည်ထောင် စုအစိုးရက ချုပ်ကိုင်မှု များပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများအား အခြားနိုင်ငံများကဲ့သို့ လျှပ်စစ် ကဏ္ဍတွင်လုပ်ပိုင်ခွင့်ပေးမှသာ နိုင်ငံဖွံ့ဖြိုးတိုး တက်လာနိုင် ကြောင်း စိုင်းမောင်တင်က ဆက်လက် အကြံပြုပြောကြားခဲ့သည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE