ယခုနှစ်နွေရာသီကာလတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဓာတ်အားထုတ်လုပ်မှုလျှော့နည်းလာခြင်းအပေါ် ရပ်ကွက်အလိုက် နာရီပိုင်း အလှည့်ကျ မီးပေးစနစ်သည် လျှပ်စစ်သုံးစွဲသည့် လုပ်ငန်းရှင် အနေဖြင့် စီးပွားရေးများစွာ ထိခိုက်ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်မီးကို အလှည့်ကျဖြတ်တောက်မှုစနစ်ဖြင့်ဧပြီလကတည်းက စတင်လာခဲ့ပြီး ယခုနောက်ပိုင်း မကြာခဏဖြတ်တောက်ခြင်း ဖြတ်တောက်ချိန်ကြာမြင့်လာခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် များစွာ ထိခိုက်နစ်နာမှုကြောင်း တောင်ကြီးမြို့ပေါ်ရှိ ပုံနှိပ်တိုက် ပိုင်ရှင် တစ်ဦးက ပြောသည်။
“မီးက ဒီလို အချိန်နဲ့ပေးတယ်။ ပေးတဲ့အချိန်ကလည်း နေ့တစ်ပိုင်း အပြည့်လည်းမဟုတ် နာရီနဲ့ပေးတော့ အမ တို့အလုပ်က မီး နဲ့ အလုပ်လုပ်ရတော့ သူတို့ ပေးတဲ့ ကြာချိန်နာရီ နဲ့ အမ တို့ အလုပ်က မတွင်ဘူးပေါ့၊ နောက်ပီး customer တွေ လာအပ်တဲ့ အလုပ်ပေါ်မူတည်ပြီး ရက်ချိန်းမှန်မှန်လညး် မပေးနိုင်ဘူးပေ့ါ၊ မပေးနိုင်တော့ အမ တို့ဘက်ကလည်း အလုပ်ကို လက်ခံသင့်သလောက် မလက်ခံရ တော့ ဆုံးရှုံးမှုတွေ တော့ ရှိတာပေါ့ ၊ ဘယ်လို နစ်နာလဲဆိုတော့ အမ တို့ လုပ်ငန်းအတွက် လက်ခံသင့်သလောက် လက်မခံတော့ ရသင့်သလောက် မရဘူး အမ တို့ဘက်က ဘာတွေ ဆုံးရှုံးလည်းဆိုတော့ အလုပ်သမားတွေကို ပုံမှန် အလုပ်လည်းမပေးနိုင်ဘူး မပေးနိုင်ပေမယ့် အလုပ်သမားကို ပုံမှန်စားနေကျ ပုံမှန်ပေးရမယ့် လုပ်အားခ ပုံမှန်ပေးနေရတာပေါ့နော် ဝင်ငွေ နဲ့ ထွက်ငွေ မမျှတာ ဖြစ်သွားတာပေါ့” တောင်ကြီးမြို့ပေါ်ရှိ ပုံနှိပ်တိုက် ပိုင်ရှင် တစ်ဦး ကပြောသည်။
လျှပ်စစ်မီး ပြဿနာသည် အရင်ခေတ်အစိုးရ အဆက်ဆက်က ဖြစ်ခဲ့သော ပြဿနာ တစ်ခုလည်းဖြစ်သည်။
“မီးပြဿနာဖြစ်နေတာက ပေးတဲ့ စနစ်လည်းဆိုင်တယ်လို့ ကျနော်မြင်ပါတယ်။ မြို့ကြီးတွေပေါ်မှာ မီးကြိုးတွေ ဟိုချိတ်ဒီချိတ် အင်မတန်မှ အန္တရာယ်ရှိတယ်။ မီးလည်းခနခနပျက်နိုင်တယ်၊ ဥပမာ လေတအားတိုက်တာတို့ လျှပ်စီး လျှပ်တာတို့ဆို ထိခိုက်နိုင်တဲ့ဟာ ရှိတာပေါ့နော် ၊ အဲ့ဒီ ကာကွယ်နိုင်မယ့် နည်းလမ်းတွေ အစိုးရကနေ စဉ်းစားနိုင်မယ်လို့ ထင်ပါတယ်။ မီးရရှိ ဖြန့်ဝေတဲ့ စနစ်က မမှန်သေးဘူးဆိုလဲ ဒုံရင်းက ဒုံရင်း ဖြစ်မှာပဲလို့ မြင်ပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းကပြောသည်။
နွေရာသီ ရေခန်းခြောက်သည့်အချိန် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဝန်မနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အား အလှည့်ကျစနစ်ဖြင့် ပေးနေရခြင်း ဖြစ်ကြောင်း မြန်မာ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ထားသည်။
“ကျနော်တို့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု အများကြီးလိုပါတယ်။ဆည်ကြီးကိုဆောက်မှ သယံဇာတကို တူးဖော်မှ ကျောက်မီးသွေးတွေတူးမှ လုပ်မယ်ဆိုတာထက် တခြားနည်းလမ်းတွေ အများကြီးရှိတယ်လို့ ကျနော်တို့ မြင်ပါတယ်” ဟု အမျိုးသားလွှတ်တော်အမတ် စိုင်းဝမ်းလျန်းခမ်းက ပြောသည်။
ယခုလို မီးအလှည့်ကျပေးသည့်စနစ်သည် ပြည်သူလူထုအတွက် များစွာ အဆင်မပြေမှုဖြစ်ပြီး မီးဖြတ်တောက်ချိန်ကြာမြင့်ခြင်း၊ ညအိပ်ချိန်မှ မီးလာခြင်းတို့အတွက်ကြောင့် စီးပွားရေးလုပ်ငန်းရှင်သာမက ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများလည်း အခက်ခဲ များစွာ ကြုံတွေ့နေရကြောင်း လူထုက ပြောဆိုကြသည်။
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာတစ်နိုင်ငံလုံး မိုးစတင်ရွာသွန်းခဲ့သော်လည်း ရေအားလျှပ်စစ်စက်ရုံများတည်ရှိရာ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုမရှိသေးသဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်သည့် ဆည်တမံများ ရေများလျှော့နည်းနေခြင်းကြောင်း ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးရွာသွန်းသည့် အချိန်ကာလအထိ ဓာတ်အားပေးစနစ် တည်ငြိမ်မှု ရှိစေရန်အတွက် ရေအားလျှပ်စစ်စက်ရုံများ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ချွေတာ ထိန်းညှိပေးထားရမည်ဖြစ်ကြောင်း YESC -CallCenter မှဖော်ပြထားသည်။











Leave a Comments