Friday, April 19, 2024

ဒေသထွက် သဘာဝ မျိုးစေ့ပပျောက်သွားမည်ကို သျှမ်းတောင်သူများ စိုးရိမ်

Must read

သျှမ်းပြည် အတွင်းနေထိုင်သည့် လူမျိုးစုများ၏ လယ်ယာစိုက်ပျိုးရေးတွင် အသုံးပြုသည့် ဒေသ မျိုးစေ့များ ပျောက်သွားကွယ် သွားမည် ကို စိုးရိမ် နေကြသည် ဟု သျှမ်းပြည် တောင်သူများက ပြောဆိုလိုက်သည်။

Photo by SHAN/ သျှမ်းပြည်နယ် တောင်ကြီး စာပေ နှင့် ယဉ်ကျေးမှုခန်းမတွင် မေတ္တာဖောင်ဒေးရှင်း မှ ဦးစီးပြုလုပ်သည့် ဒေသမျိုးစေ့၊ ဒေသအစားအစားနှင့် တိုင်းရင်းသား ယဉ်ကျေးမှုများ နှီနှောဖလှယ်ပွဲ

သျှမ်းပြည်နယ် တောင်ကြီး စာပေ နှင့် ယဉ်ကျေးမှုခန်းမတွင် ဖေဖော်ဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့က မေတ္တာ ဒီဗဲလွပ်မဲန့်ဖောင်ဒေးရှင်း အဖွဲ့ မှ ဦးစီးပြီး သျှမ်းပြည် အတွင်းနေထိုင်သည့် လူမျိုးစု များ၏ ဒေသ မျိုးစေ့၊ ဒေသအစားအစာနှင့် တိုင်းရင်းသား ယဉ်ကျေးမှုများဆိုင်ရာ နှီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဌာနေ တိုင်းရင်းသားများ၏ ဒေသ မျိုးစေ့၊ ဒေသအစားအစားနှင့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုကို လူယ်များသိရှိစေရန် နှင့် တန်ဖိုးထားရန် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

Photo by SHAN/ သျှမ်းပြည်နယ် တောင်ကြီး စာပေ နှင့် ယဉ်ကျေးမှုခန်းမတွင် မေတ္တာဖောင်ဒေးရှင်း မှ ဦးစီးပြုလုပ်သည့် ဒေသမျိုးစေ့၊ ဒေသအစားအစားနှင့် တိုင်းရင်းသား ယဉ်ကျေးမှုများ နှီနှောဖလှယ်ပွဲ

ယခုနောက်ပိုင်း နိုင်ငံခြား မှ တင်သွင်းသည့် သီးနှံမျိုးစေ့များဝင်ရောက် လာသဖြင့် ဌာနေ တိုင်းရင်းသား ဒေသများ၏ မျိုးစေ့ ပျောက်ကွယ်သွားမည် ကို စိုးရိမ်နေရကြောင်း၊ ဌာနေတိုင်းရင်းသားများတွင် သဘာဝ နည်းဖြင့် ပြုလုပ်သည့် မျိုးစေ့များဖြင့် သီးနှံများစိုက်ပျိုးနေဆဲ ကို အများပြည်သူများသိရှိရန် လာရောက် ပြသ ခြင်းဖြစ်သည် ဟု တောင်သူ တဦးဖြစ်သည့် နန်းဆိုင်လောဝ် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ ကိုယ့်ခြံထွက် သဘာဝမျိုးစေ့ပါ။ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပဲတောင့်ရှည် ကြက်သွန်နီ အစုံပါပဲ။ ကျမတို့ ဒေသမျိုးစေ့တွေ မပျောက်ကွယ်သေးဘူး။ ရှိနေသေးတယ်ဆိုတာ သိစေချင်တယ်။ နောက် နိုင်ငံခြား က မျိုးစေ့ တွေ ဝင်လာမှာ ကြောက်တယ်” ဟု နန်းဆိုင်လောဝ် က ဆိုသည်။

တိုင်းရင်းသားများ၏ ဒေသမျိုးစေ့များသည် ဘိုးဘွားလက်ထက်ကတည်းက ပြုလုပ်လာကြပြီး၊ သီးနှံ စိုက်ပျိုးပြီးနောက် မျိုးစေ့ကို ပြန်လည် ရရှိအောင် သဘာဝနည်းဖြင့် ကိုယ်တိုင် စီမံပြုစုသိမ်းဆည်းကြကြောင်း တောင်သူ စိုင်းထွန်းခမ်း က ပြောပြသည်။

“ နိုင်ငံခြား မျိုးစေ့တွေက ဘာနဲ့ပြုလုပ်ထားတယ်ဆိုတာ မသိရဘူးလေ။ ဘယ်လို စပ်ထားလဲဆိုတာ မသိရဘူး။ ကျနော်တို့ မျိုးစေ့ကတော့ သဘာဝနည်းနဲ့ ပဲလုပ်ပါတယ်” ဟု စိုင်းထွန်းခမ်း က ဆိုသည်။

ဒေသ မျိုးစေ့များသည် ဓာတုဗေဒ ဆေးရောစပ်ထားခြင်းမရှိဘဲ သဘာဝ နည်းဖြင့်သာ ပြုလုပ်ထားသည့် မျိုးစေ့များဖြစ်ကြောင်း၊ နိုင်ငံခြားမျိုးစေ့များစွာ ဝင်ရောက်လာသဖြင့် တောင်သူလယ်သမားများ စိုးရိမ်ပူပန်နေရကြောင်းလည်း တောင်သူ ဦးရီသောင်းက ထပ်လောင်းပြောပြသည်။

“ ကျနော်တို့ ဒါပဲစားတယ်။ သူများကို မရောင်းဘူး။ မိသားစု ဖူလုံအောင်ပဲစားတယ်ကျနော်တို့ကမျိုးစေ့တွေက ဓာတုမရောဘူး။ သဘာဝနည်းပဲလုပ်တယ်။ စားရင်ဆေးဝါးဖြစ်တယ်” ဟု ဦးရီသောင်း က ဆိုပြန်သည်။

စားသုံးသူများအနေဖြင့်လည်း သဘာဝ နည်းဖြင့် ပြုလုပ်ထားသည့် မျိုးစေ့ စိုက်ပျိုးနည်းကို အားပေးကြရန် တောင်သူများက တောင်းဆိုလိုက်သည်။

“ စားသုံးသူတွေ သဘာဝ လယ်ယာစိုက်ပျိုးမှုကို အားမပေးရင်လည်း တောင်သူလယ်သမားအတွက် အခက်အခဲဖြစ်ပါတယ်။ နိုင်ငံခြားမျိုးစေ့နဲ့ စိုက်ပျိုးရင် သီးနှံတွေ အထွက်နှုန်းက လှတယ်။ အသီးတွေ ကြီးတယ်။ အရာရာလှတော့ စားသုံးသူတွေက ဒါကိုပဲ ရွေးရင် နိုင်ငံခြားမျိုးစေ့က နေရာယူလာမယ်။ တောင်သူတွေရဲ့ သဘာဝနည်းနဲ့ ပြုလုပ်တဲ့ မျိုးစေ့ ပျောက်ကွယ်သွားမယ်” တောင်သူ စိုင်းထွန်းခမ်းက ဆက်လက်ပြောသည်။

မေတ္တာဖောင်ဒေးရှင်း မှ ဦးစီးပြုလုပ်သည့် ဒေသမျိုးစေ့၊ ဒေသအစားအစားနှင့် တိုင်းရင်းသား ယဉ်ကျေးမှုများ နှီနှောဖလှယ်ပွဲ ကို သျှမ်းပြည် တွင်နေထိုင်သည့် လူမျိုးစု ၁၂စု နှင့် အရပ်ဖက်အဖွဲ့အစည်းများ စုပေါင်း ၂၀၀ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article