အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။
မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော ကြုံဖူးကြလား။ ကိုယ်ဖတ်တဲ့ စာအုပ်အကြောင်း မေ့တာ၊ ကိုယ်က ပေးလိုက်တဲ့ ကတိမေ့တာရော ဖြစ်ဖူးကြတယ်မလား။
ကိုယ့်လုပ်ဖော်ကိုင်ဖက်ရဲ့ နာမည်ကို ခဏမေ့သွားတာ၊ မိတ်ဆွေတယောက်ရဲ့ မျက်နှာကို မှတ်မိပေမယ့် နာမည်က ခေါင်းထဲက ထွက်မလာတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလို “မေ့တတ်တဲ့ ပြဿနာ” “မေ့သွားတယ်” ဆိုတဲ့ ပေါ့ပျက်ပျက် စကားလုံးတခုဟာ ကျနော်တို့ ပတ်ဝန်းကျင်၊ ကျနော်တို့ လုပ်ငန်းခွင်မှာ နေ့စဉ်ကြားရတဲ့ စကားလုံးပါ။
ဒီလိုဖြစ်ရပ်က ခင်ဗျားတို့ပဲ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လည်း မကြာခဏ ကြုံနေရတဲ့ ပြဿနာကြီးတစ်ခုပါပဲ။
ဒီလိုဖြစ်လာရင် ကျနော်တို့တွေ ပြောတတ်ကြတာက “ငါ အသက်ကြီးလာလို့ မေ့လာတယ်” ဆိုတာပါပဲ။
အရင်တုန်းက ကျနော်လိုလူဟာ အခြား လူတယောက်ကို တွေ့လိုက်တာနဲ့ “ဒီလူက ဘယ်သူ၊ ဘယ်မှာတွေ့ဖူးတယ်၊ သူက ဘယ်မှာအလုပ်လုပ်တယ်” ဆိုတဲ့အထိ မှတ်မိတတ်တဲ့သူပါ။
ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ကိုယ်တိုင်လည်း တဖြည်းဖြည်း မေ့လာတာကို သတိထားမိပါတယ်။
ဒါဆို ဒီလိုမေ့လာတာဟာ “အသက်နဲ့ ဆိုင်လားပေါ့”။ အဖြေကတော့ တစိတ်တပိုင်းအားဖြင့် အသက်အရွယ်နဲ့ ဆက်စပ်ပေမယ့် အသက်ကြီးလာတာနဲ့ မှတ်ဉာဏ်ကျဆင်းတာကို တစ်ထပ်တည်း သတ်မှတ်လို့မရပါဘူး။
မကြာသေးခင်က Binghamton University မှ သုတေသနတခုကို ကျနော်ဖတ်ခဲ့ရတယ်။
အဲ့သုတေသနမှာက အသက် ၁၈ နှစ်ကနေ ၇၄ နှစ်အထိ လူ ၆၀ ခန့်ကို လေ့လာခဲ့ပြီး၊ မျက်နှာပုံတွေကို အရာဝတ္ထုတွေနဲ့ မြင်ကွင်းတွေနဲ့ တွဲဖက်မှတ်သားစေခဲ့ပါတယ်။ အဲ့နောက် မှတ်ဉာဏ်စမ်းသပ်မှု ပြုလုပ်စဉ် MRI နည်းပညာနဲ့ ဦးနှောက်ထဲက မှတ်ဉာဏ်နဲ့ အရေးကြီးစွာ ဆက်စပ်နေတဲ့ hippocampus ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ခဲ့ပါတယ်။
တွေ့ရှိချက်က စိတ်ဝင်စားစရာကောင်းပါတယ်။ အသက် ၂၀ ကျော်နဲ့ ၃၀ ကျော်အရွယ်တွေကနေ အသက် ၅၀ ကျော်အရွယ်တွေကို ရောက်လာတဲ့အခါ မှတ်ဉာဏ်တိကျမှု သိသိသာသာကျဆင်းလာတာ တွေ့ရပြီး hippocampus ရဲ့ လုပ်ငန်းစဉ်အချို့ဟာလည်း အလယ်အလတ်အသက်အရွယ် (middle age) ကတည်းကစတင်ကျဆင်းလာနိုင်တယ် လို့ သုတေသနရှင် Ian McDonough က ပြောပါတယ်။
မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ အပြောင်းအလဲတွေဟာ အသက် ၆၀၊ ၇၀ ရောက်မှသာ စတင်တာမဟုတ်ဘဲ အလယ်အလတ်အသက်အရွယ်ကတည်းက စတင်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ “အသက် ၄၀၊ ၅၀ ရောက်တာနဲ့ လူတိုင်း မှတ်ဉာဏ်ကျဆင်းတော့မယ်” လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် နေ့စဉ်ဘဝကို ထိခိုက်လာတဲ့အထိ မှတ်ဉာဏ်ပြဿနာတွေ ဖြစ်လာရင်တော့ “အသက်ကြီးလို့ပါ” ဆိုပြီး လျစ်လျူမရှုသင့်ပါဘူး။
ဥပမာ –
- ပုံမှန်လုပ်နေကျအလုပ်တွေကို လုပ်ဖို့မေ့တာ
- မကြာခဏပြောထားသည့် အကြောင်းအရာကို ထပ်ခါထပ်ခါ မေးတာ
- ရင်းနှီးသူများ နာမည်မေ့တာ
- ဆေးသောက်ရမယ့်အချိန်မေ့တာ
- ပစ္စည်းတွေကို မမှတ်မိတော့တာ
စတဲ့အခြေအနေတွေ ဖြစ်လာရင်တော့ သတိထားဖို့လိုအပ်ပါတယ်။
မှတ်ဉာဏ်ကောင်းအောင် ဘာလုပ်ကြမလဲ။
အရေးကြီးဆုံးက ဦးနှောက်ကိုပဲ လေ့ကျင့်တာမဟုတ်ဘဲ ကိုယ်ခန္ဓာကိုလည်း ကျန်းမာအောင် ထိန်းသိမ်းတာ ဖြစ်ပါတယ်။
၁။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။
လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ အားကစားလုပ်တာ စတာတွေကို ပုံမှန်လုပ်ပေး သင့်ပါတယ်။
၂။ အိပ်ရေးဝအောင် အိပ်ပါ။
အိပ်ရေးမဝတာက နေ့စဉ်မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ညနက်အောင် ဖုန်းကြည့်တာ၊ အလုပ်လုပ်တာတွေကို လျှော့ပြီး အိပ်ချိန်ပုံမှန်ထားတာ၊ တစ်ရက်ကို “၇ နာရီနဲ့ ၈ နာရီကြား အိပ်တာ” က မှတ်ဉာဏ်အတွက်လည်း အရေးကြီးပါတယ်။
၃။ သွေးပေါင်၊ သွေးချို၊ ကိုလက်စထရောကို ထိန်းပါ
ဦးနှောက်ကျန်းမာရေးနဲ့ နှလုံးသွေးကြောကျန်းမာရေးဟာ နီးနီးကပ်ကပ် ဆက်စပ်နေပါတယ်။
သွေးတိုး၊ ဆီးချို၊ ကိုယ်အလေးချိန်များခြင်း စတဲ့အခြေအနေတွေဟာ မှတ်ဉာဏ်ကျဆင်းမှုကို ဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။
၄။ အစားအသောက်ကို ဂရုစိုက်ပါ။
ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ ငါး စတဲ့ အာဟာရပြည့်ဝတဲ့အစားအစာတွေကို ပိုမိုစားသုံးပြီး အလွန်အကျွံ ပြုပြင်ထားတဲ့အစားအစာတွေကို လျှော့ချသင့်ပါတယ်။
၅။ ဦးနှောက်ကို အသုံးပြုနေပါ
စာဖတ်ပါ။ အသစ်တစ်ခုခု သင်ယူပါ။ ဘာသာစကားအသစ်၊ ဂီတ၊ စာရေးခြင်း၊ တွက်ချက်ခြင်း၊ ပဟေဠိဖြေခြင်း စတာတွေ လုပ်နိုင်ပါတယ်။ ဒီအချက်ကလည်း ကျနော်တို့အတွက် အလွန်အရေးကြီးတဲ့အချက်ပါ။ ကျနော်တို့တွေ နေ့စဉ် အိမ်မှုကိစ္စ၊ အလုပ်ကိစ္စတွေ လုံးပမ်းချိန် စာဖတ်မှုကို မေ့လျော့လာကြပါတယ်။
၆။ လူတွေနဲ့ ဆက်ဆံပါ
မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောပါ။ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ပါ။
၇။ ဆေးလိပ်နဲ့ အရက်ကို ဂရုစိုက်ပါ
ဆေးလိပ်သောက်တာနဲ့ အရက်ကို အလွန်အကျွံသောက်တာတွေဟာ ဦးနှောက်မှတ်ဉာဏ်ကျဆင်းမှု ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တဲ့ အချက်တွေထဲမှာ ပါဝင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်။
နောက်တစ်ခုကတော့ မေ့တတ်လာရင် အရေးကြီးတဲ့အရာတွေကို ရေးမှတ်ထားတာကို မရှက်သင့်ပါဘူး။ ဒိုင်ယာရီ၊ စာအုပ်နဲ့ ဘောပင်၊ ဖုန်း reminder ဒါမှမဟုတ် Calendar တွေကို အသုံးပြုနိုင်ပါတယ်။
ကျနော်တို့ မှတ်ဉာဏ်ကောင်းဖို့က အခြားတစ်ပါးသူလာကူလုပ်ပေးနိုင်တဲ့အရာမဟုတ်တဲ့အတွက် ကျနော်တို့ ကိုယ်တိုင် စတင်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
ကျနော်သိတဲ့ အသက် ၈၀ ကျော် အရွယ် အမျိုးသားတစ်ဦးကတော့ စာအုပ်နဲ့ ဘောပင်ကို အသုံးပြုပြီး အရေးကြီးသည့်အရာကို ရေးသားမှတ်ထားတာကိုတွေ့ရပါတယ်။
ဒါကြောင့် မှတ်ဉာဏ်ကောင်းအောင် အသက်ကြီးလာမှ စတင်ရမယ့် အလုပ်မဟုတ်ဘဲ ဒီနေ့ကတည်းက စတင်ရမယ့် အလုပ် ဖြစ်ပါတယ်။ ကျနော်တို့ မေ့တတ်သူတွေများလည်း ဒီနည်းလမ်းထဲက တစ်ခုခုကို ဒီနေ့ကစပြီး ကျင့်သုံးကြရအောင် လို့ တိုက်တွန်းချင်ပါတယ်။
မိုးတိမ် ရေးသားသည်။








Leave a Comments