ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။
ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။
သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ နယ်မြေသစ်များဆီသို့ ကူးစက်ပြန့်ပွားလာ နေခြင်း ဖြစ်သည်။
သျှမ်းပြည်မြောက်ပိုင်း TNLA တို့ ထိန်းချုပ်ထားသော နယ်မြေများအတွင်း မြေရှားသတ္တု စမ်းသပ်တူးဖော်မှုများ အရှိန်အဟုန်ဖြင့် တိုးပွားလာနေကြောင်း ဒေသတွင်း စောင့်ကြည့်ရေးအဖွဲ့များနှင့် နိုင်ငံတကာ သုတေသနအစီရင် ခံစာများက ဖော်ပြသည်။
စစ်ရေးနှင့် စီးပွားရေးအရ အပေးအယူ
အမေရိကန်အခြေစိုက် Stimson Center ၏ ဇူလိုင်လထုတ် အစီရင်ခံစာအရ TNLA ထိန်းချုပ်ရာ မန်တုံမြို့နယ် အတွင်း မြေရှားသတ္တုတူးဖော်ရေးနှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံသစ်များကို ဂြိုဟ်တုဓာတ်ပုံများမှ တစ်ဆင့် တွေ့ရှိခဲ့ရသည်။
ဂြိုဟ်တုဓာတ်ပုံများအရ မန်တုံမြို့နယ်အတွင်း၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှစ၍ မြေရှားသတ္တုတူးဖော်သည့် နေရာသစ် အနည်းဆုံး (၁၂) ခု ပေါ်ထွက်လာခဲ့ကြောင်း အဆိုပါအဖွဲ့က အတည်ပြုထားသည်။
TNLA အနေဖြင့် ပတ္တမြားမြေ မိုးကုတ်မြို့ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အရ စစ်ကောင်စီထံ ပြန်လည်ပေးအပ်ခဲ့ရပြီးနောက် ဆုံးရှုံးသွားသော ဝင်ငွေလမ်းကြောင်းကို အစားထိုးရန် မြေရှားသတ္တုဘက် သို့ လှည့်လာခြင်းဖြစ်နိုင်ကြောင်း Stimson Center က သုံးသပ်သည်။
အဆိုပါလုပ်ကွက်များတွင် ‘ဝ’ (UWSA) ကုမ္ပဏီများနှင့် တရုတ်လုပ်ငန်းရှင်များက နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပံ့ပိုးကာ တူးဖော်မှုများ လုပ်ဆောင်နေကြောင်းလည်း အစီရင်ခံစာက ဆိုသည်။
မူဝါဒနှင့် လက်တွေ့မြေပြင်က ကွဲလွဲချက်များ
TNLA သည် တအာင်းဒေသအတွင်း မြေရှားသတ္တုတူးဖော်ခြင်း အပါအဝင် အခြားပုဂ္ဂလိက သတ္တုလုပ်ငန်းများကို လုပ်ကိုင်ခွင့်မပြုတော့ကြောင်း ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ဖူးသည်။
အဆိုပါထုတ်ပြန်ချက်တွင် ယခင်မြန်မာအစိုးရအဆက်ဆက်က ထုတ်ပေးထားသည့် ခွင့်ပြုမိန့်နှင့် လိုင်စင်များကို အသိအမှတ်မပြုတော့ဘဲ ဆက်လက်လုပ်ကိုင်ပါက ပြည်သူပိုင်သိမ်းဆည်းမည်ဟု သတိပေးထားသည်။
သို့သော်လည်း လက်တွေ့တွင် မြေရှားသတ္တုတူးဖော်မှုများမှာ လျှော့ကျသွားခြင်းမရှိဘဲ ပိုမိုတိုးပွားလာနေသည်။
အဆိုပါအခြေအနေနှင့် ပတ်သက်၍ တအာင်းလူငယ်တစ်ဦးက သူ၏ စိုးရိမ်စိတ်နှင့် လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲကို သျှမ်းသံတော်ဆင့်ကို ယခုလို ပြောပြလာသည်။
“အမှန်တိုင်းပြောရရင်တော့ ကျနော်တို့ ဘာမှလုပ်နိုင်တဲ့ အခြေအနေမရှိဘူး။ ဒါကို လုပ်တဲ့သူတွေက လက်နက်ကိုင်တပ်တွေ ဖြစ်တယ်။ ပြီးတော့ စီးပွားရေးသမားတွေကလည်း သူတို့ကို အကာအကွယ်အဖြစ် ငှားရမ်းထားတာ။ ဒါကြောင့် ဒီကိစ္စကို လူထုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဆီ ပွင့်ပွင့်လင်းလင်း ချပြဖို့ လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။
ဒေသတွင်း မြေရှားသတ္တုတူးဖော်မှုအပေါ် ယခင်က ထုတ်ပြန်ထားသည့် တားမြစ်ချက်များကို ရုတ်သိမ်းခြင်း ရှိ၊ မရှိ တရားဝင် ထုတ်ဖော်ကြေညာပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အခုဟာ ဘယ်ကမှန်းမသိတဲ့ အပြင်လူတွေ လာလုပ်နေသလို အကျိုးအမြတ်တွေကိုလည်း စီးပွားရေးသမားတွေ အတွက်ပဲ ဖြစ်နေတယ်။ ဒေသခံ လူထုအတွက်က ဘာအကျိုးအမြတ်မှ သိပ်မတွေ့ရဘူး”ဟု တအာင်းလူငယ် တဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုကြောင့် မိမိတို့ဒေသထွက် သယံဇာများ၏ အကျိုးခံစားခွင့်ကို ဒေသတွင်းနေထိုင်သူများကသာ ပိုမိုရရှိသင့်ကြောင်း လည်း ၎င်းက ထောက်ပြသည်။
ဒေသခံတို့၏ စိုးရိမ်သံများ
တအာင်းသဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့ (TEWG) ၏ ဩဂုတ် ၁၀ ရက်ထုတ် အစီရင်ခံစာအရ နမ့်ခမ်းမြို့နယ်စပ် မန်စပ်၊ မန်ပူးနှင့် မန်ပန် ကျေးရွာများတွင် တရုတ်စကားပြောသူများပါဝင်သည့် အမည်မသိအုပ်စုများက ဒေသခံတို့၏ လက်ဖက်စိုက်ခင်းများအတွင်း ဝင်ရောက်ကာ မြေရှားသတ္တု စမ်းသပ်ကျင်းများ တူးဖော်ခဲ့ကြကြောင်း သိရသည်။
မန်စပ်ကျေးရွာတွင် စမ်းသပ်ကျင်း ၁၆ ပေါက်၊ မန်ပူးရွာတွင် ၂၀ ပေါက်နှင့် မန်ပန်ရွာတွင် ၄၀ ကျော် စုစုပေါင်း ကျင်း ၇၀ ကျော်ကို ဒေသခံတို့၏ ခွင့်ပြုချက်မရှိဘဲ တူးဖော်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါကျင်းများသည် အနက် ၁ ပေမှ ပေ ၃၀ ဝန်းကျင်အထိ ရှိပြီး၊ တူးဖော်ပြီးနောက် ပြန်လည်ဖို့ထားခြင်းမရှိသဖြင့် တောင်သူများက ၎င်းတို့၏ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် စိုးရိမ်နေကြသည်။
“အဲ့နေ့က ကျမတစ်ယောက်တည်း လက်ဖက်ခူးနေတုန်း သူစိမ်းတွေ ဝင်လာပြီး ကျင်းတွေတူးကြတယ်။ သံပိုက်ခေါက်သံတွေလည်း ကြားရတယ်။ သူတို့က တရုတ်စကားတွေ ပြောနေကြတာ။ သွားလည်းမကြည့်ရဲဘူး၊ ကျမ ကြောက်သွားတယ်။ အဲ့ဒါကြောင့် ဒီနေ့ လက်ဖက်ခူးဖို့ အဖော်တွေ ခေါ်လာရတယ်”ဟု ဒေသခံအမျိုးသမီး တဦး၏ ပြောကြားချက်ကို TEWG က ကိုးကားပြီး ဖော်ပြထားသည်။
အဆိုပါလုပ်ရပ်သည် ဒေသခံတောင်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် ဂေဟစနစ်ကို ပြင်းထန်စွာ ခြိမ်းခြောက် နေကြောင်း အစီရင်ခံစာများတွင် ဖော်ပြထားသည်။
စီးပွားရေး အကျိုးအမြတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေး
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ ၂၀၂၅ ဇူလိုင်ထုတ် အစီရင်ခံစာအရ ၂၀၁၇ မှ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မြေရှားသတ္တု အဓိက တင်ပို့ရာ ရင်းမြစ် ဖြစ်လာခဲ့ပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ရှိခဲ့သည်။
၂၀၂၃ ခုနှစ် တစ်နှစ်တည်း၌ပင် ဒေါ်လာ ၁.၄ ဘီလီယံအထိ စံချိန်တင်ခဲ့ကာ ယင်းအနက် ၈၄ ရာခိုင်နှုန်းမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တင်ပို့မှုများ ဖြစ်သည်။
သို့သော် ထိုဝင်ငွေများ၏နောက်ကွယ်တွင် ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးများ ဒွန်တွဲနေသည်။
မြေရှားသတ္တုထုတ်ယူရာတွင် အသုံးပြုသည့် အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) နှင့် အောက်ဆလစ်အက်ဆစ် (Oxalic Acid) ကဲ့သို့သော အန္တရာယ်ရှိ ဓာတုပစ္စည်းများကြောင့် ကချင်ပြည်နယ်ရှိ အလုပ်သမား အမျိုးသမီးများတွင် ကိုယ်ဝန်ပျက်ကျခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနေကြောင်း ISP-Myanmar က ထောက်ပြထားသည်။
တာဝန်ခံမှု ကင်းမဲ့ခြင်းနှင့် ရှေ့အလားအလာ
တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (TCSN) ကမူ သယံဇာတများကို အလွန်အကျွံထုတ်ယူနေမှုအပေါ် နယ်မြေထိန်းချုပ်ထားသည့် အဖွဲ့အစည်းများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် တောင်းဆိုထားသည်။
“သယံဇာတကို အလွန်အကျွံ ထုတ်ယူတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြည်သူတွေရဲ့ ဘဝဟာ ပိုပြီး ကျပ်တည်းလာတယ်” ဟု TCSN ၏ ဩဂုတ်လထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်သည် ဩဂုတ် ၄ ရက်မှ ၆ ရက်အထိ တအာင်းဒေသတစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သော TCSN ၏ ပထမအကြိမ် ညီလာခံအပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ၊ ၎င်းညီလာခံသို့ တအာင်းအရပ်ဘက် အဖွဲ့အစည်း ၆ ဖွဲ့မှ ကိုယ်စားလှယ် ၆၄ ဦးနှင့် လေ့လာသူ ၆ ဦး၊ စုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

TNLA နယ်မြေအတွင်း မြေရှားသတ္တုတိုးချဲ့လာသည့် အချက်အလက်နှင့် ပတ်သက်၍ TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို သျှမ်းသံတော်ဆင့်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
အလားတူ ယခုကိစ္စနှင့် ပတ်သက်ပြီး ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် အခြေအနေအရပ်ရပ်ကို စုံစမ်းနေဆဲသာ ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြန်လည် ဖြေကြားခဲ့သည်။
လက်ရှိအချိန်အထိ TNLA နှင့် MNDAA အပါအဝင် ဒေသတွင်းစိုးမိုးထားသည့် အဖွဲ့အစည်းများဘက်မှ မြေရှားသတ္တုတူးဖော်မှုနှင့် ပတ်သက်၍ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
သို့သော်လည်း ပွင့်လင်းမြင်သာမှုမရှိသည့် အဆိုပါစီမံကိန်းများကြောင့် တအာင်းဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝမှာ ရေရှည်ပျက်စီးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဝေဖန်ထောက်ပြမှုများ ထွက်ပေါ်နေသည်။









Leave a Comments