ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။
အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။
နွန်သဘူရီခရိုင်၊ ဘာင်ခေန် (Bang Khen) ရပ်ကွက်ရှိ ၎င်းဟိုတယ်သည် ရိုးရိုးနိုင်ငံခြားခရီးသွားများကို လက်မခံဘဲ တရုတ်နိုင်ငံသားများသာ နေ့ရောညပါ မသင်္ကာဖွယ် ဝင်ထွက်နေကြောင်း ပြည်သူများ၏ သတင်းပေး တိုင်ကြားချက်အရ ဝင်ရောက်စီးနင်းမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ အဆိုပါ ဟိုတယ်တခုလုံးကို တရားမဝင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နေသည့် တရုတ်နိုင်ငံသားအုပ်စုတခုမှ ငှားရမ်းထားပြီး လုံခြုံရေး တင်းကျပ်စွာဖြင့် လျှို့ဝှက်ဝန်ဆောင်မှု မျိုးစုံပေးနေသည့် နေရာတစ်ခုအဖြစ် ပြောင်းလဲထားကြောင်း တွေ့ရှိခဲ့ရသည်။
ဟိုတယ်၏ ၂ လွှာမှ ၆ လွှာအထိ တည်းခိုရန် အသုံးပြုပြီး အထပ် ၇ နှင့် ၈ တို့ကို တရုတ်နိုင်ငံသားဖောက်သည်များကို အဓိကထား၍ မူးယစ်ဆေးပါတီများ ပြုလုပ်သည့်နေရာ၊ လောင်းကစားဝိုင်းနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုပေးသည့် နေရာများအဖြစ် ပြောင်းလဲ အသုံးပြုနေခြင်းဖြစ်သည်။
ရာဇဝတ်တရားရုံး၏ ရှာဖွေဝရမ်းဖြင့် ပြစ်မှုနှိမ်နင်းရေးတပ်ဖွဲ့ (CSD) မှ ရဲတပ်ဖွဲ့အင်းအား ၁၀၀ ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၃ ဦးအပါအဝင် လူ ၄၀ ကျော်ကို တွေ့ရှိခဲ့ရသည်။
ထိုအထဲမှ အသက် ၃၃ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးအား စိတ်ကြွရူးသွပ်ဆေး၊ ကတ်တမင်းများ လက်ဝယ်တွေ့ရှိမှုနှင့် လူထုကြားထဲသို့ မူးယစ်ဆေးဝါးဖြန့်ချီရောင်းချမှုတို့ဖြင့် ဖမ်းဆီးလိုက်ကြောင်းသိရသည်။
မြန်မာနိုင်ငံသား ၃ ဦးမှာ ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ရန်အတွက် တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး ရဲတပ်ဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးဥပဒေများဖြင့် ဖမ်းဆီးခဲ့ကြောင်းသိရသည်။
စီးနင်းမှုမှ စိတ်ကြွမူးယစ်ဆေးများဖြစ်သော ကီတာမင်း (Ketamine)၊ “Happy Water” များ၊ ထုပ်ပိုးထားသည့် ပစ္စည်းများအပြင် ချစ်ပ်ပြားများနှင့် လောင်းကစားပစ္စည်းများ၊ ငွေသား၊ ဘဏ်အကောင့်များ၊ လက်ကိုင်ဖုန်းများနှင့် CCTV ဒေတာများ အပါအဝင် သက်သေခံပစ္စည်း အခု ၂၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့် သံသယရှိသူများနှင့် သက်သေခံပစ္စည်းများအား တရားဥပဒေအတိုင်း ဆက်လက်အရေးယူနိုင်ရန် ရတနထိဘက် (Rattanathibet) ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ကိုးကား – The Nation Thailand








Leave a Comments