မြန်မာနှစ်သစ်ကူးရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကျဉ်းထောင် အသီးသီးရှိ အကျဉ်းသား/သူ (၄၃၃၅) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်သည့်အထဲတွင် ညောင်ရွှေအကျဉ်းထောင်မှ (၁၃၀) ဦး လွတ်လာကြောင်း စုံစမ်းသိရသည်။
ယနေ့ (ဧပြီလ ၁၇ ရက်) တွင် ကျရောက်သည့် မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အတုအယောင် ရွေးကောက်ပွဲမှတဆင့် သမ္မတရာထူး ရယူထားသူ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြည်နယ်/တိုင်း အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား/သူ (၄၃၃၅) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုထဲတွင် ညောင်ရွှေအကျဉ်းထောင်မှ အမျိုးသား (၉၈) ဦးနှင့် အမျိုးသမီး (၁၀) ဦး၊ တောင်ကြီးမြို့နယ်ရှိ တောင်လေးလုံး စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းမှ (၃၀) ဦး၊ တောင်ကြီးအချုပ်ထောင်မှ တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။
“လွတ်ငြိမ်းထဲ တောင်ကြီး ၂ မိုင်ထောင်က အကျဉ်းသား တစ်ယောက်ပဲ လွှတ်လာတယ်လို့ သိရတယ်။ တောင်လေးလုံး စခန်းကတော့ ဒီနေ့ အယောက် ၃၀ လောက် လွှတ်ပေးတယ်လို့ ကြားတယ်” ဟု တောင်ကြီးမြို့ရှိ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
အကျဉ်းဦးစီးဌာန လက်အောက်ရှိ သျှမ်းပြည်အတွင်း ကျိုင်းတုံ၊ နမ့်စန်၊ မိုင်းဆတ် အကျဉ်းထောင်များ၊ မူဆယ်နှင့် တာချီလိတ် အချုပ်ထောင်များမှ အကျဉ်းသား/သူ လွတ်မြောက်မှု အခြေအနေကို သျှမ်းသံတော်ဆင့်မှ ထပ်မံစုံစမ်းနေသည်။
အတုအယောင် ရွေးကောက်ပွဲမှတဆင့် သမ္မတရာထူး ရယူထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ထဲတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည့် သတ်မှတ်ချက်ဖြင့် ခွင့်ပြုထားခြင်းဖြစ်သည်။
အလားတူ စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော သမ္မတ ဦးဝင်းမြင့်ကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ချွင်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ယနေ့ (ဧပြီလ ၁၇ ရက်) နေ့လယ်ပိုင်းတွင် တောင်ငူအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး မိသားစုနှင့် ဆုံတွေ့ပြီဖြစ်ကြောင်း သိရသည်။

သို့သော် စစ်အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားမည်ဟု သတင်းထွက်ပေါ်နေသော်လည်း လက်ရှိ သတင်းရေးသားချိန်ထိ တစုံတရာ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကော်မရှင်အသွင်ပြောင်း စစ်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ထိုထဲတွင် နိုင်ငံရေးအကျဉ်းသား (၁၆၅) ဦးသာ ပါဝင်ပြီး စုစုပေါင်းအရေအတွက်နှင့် နှိုင်းယှဉ်ပါက နိုင်ငံရေးအကျဉ်းသား လွတ်မြောက်လာမှုမှာ နည်းပါးနေကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ မွန်းလွဲ (၂) နာရီတွင် ရရှိထားသည့် စာရင်းအရ သိရသည်။







Leave a Comments