ယာဂီမုန်တိုင်းအရှိန်ကြောင့် ယမန်နှစ်က စပါးအရှုံးပေါ်ခဲ့သော ပုံးအင်းဒေသ တောင်သူများသည် အကြွေးယူပြီး စပါးပြန်စိုက်ခဲ့သော်လည်း ယခုလအတွင်း ဝင်ရောက်ခဲ့သော ဝီဖာမုန်တိုင်းအရှိန်ကြောင့် စပါးစိုက်ခင်း ဧက တစ်သောင်းကျော် ရေနစ်မြုပ်ကြောင်း တောင်သူလယ်သမားများက ပြောသည်။
တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စုနှင့် အသုံးတော်ကျေးရွာအုပ်စု အပါအဝင် ဆီဆိုင်မြို့နယ် ပုံးအင်းကျေးရွာအုပ်စုအတွင်းရှိ စပါးစိုက်ခင်း ဧက တစ်သောင်းကျော် ရေနစ်မြှုပ်ပြီး စပါးပြန်လည်ရိတ်သိမ်းရန် အတွက် တောင်သူလယ်သမားများမှာ မျှော်လင့်ချက်မဲ့နေကြောင်း ပုံးအင်းဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“စပါးတွေက မြုပ်ကုန်ပြီ၊ တချို့က ရိတ်လို့မရတော့ဘူး။ အများကြီးပဲ၊ ဧကပေါင်း ၁၂,၀၀၀ ကျော်ရှိမယ်။ ပုံးအင်းတောင်သူတွေကတော့ စိတ်ကုန်နေပြီ၊ အခုစပါးတွေက အကြွေးယူပြီး စိုက်ထားရတာ” ဟု ၎င်းကပြောသည်။
တောင်တရုတ်ပင်လယ်ပြင်မှ ဖြစ်ပေါ်လာသော အပူပိုင်းမုန်တိုင်း ဝီဖာမုန်တိုင်းအရှိန်အပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အောက်တို့တွင် မုတ်သုံလေ အားကောင်းခြင်းကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံနှင့် သျှမ်းပြည်တောင်ပိုင်း လင်းခေး၊ မိုင်းပန်၊ လဲချား၊ အောင်ပန်း၊ ကလော၊ ပင်းတယနှင့် အင်းလေးတို့တွင်လည်း အလားတူ ရေကြီးရေမြုပ်မှုဒဏ်ကို ကြုံတွေ့နေရသည်။

ပုံးအင်းဒေသသည် ပြီးခဲ့သော ၂၀၂၄ ခုနှစ် သြဂုတ်လတွင်လည်း ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်း ဧက နှစ်သောင်းကျော် နစ်မြုပ်ပျက်စီးခဲ့ပြီး ပြန်လည်စိုက်ပျိုးရန်အတွက် တောင်သူလယ်သမား သောင်းနှင့်ချီမှာ အကြွေးတင်နေလျက်ရှိကြောင်း ပုံးအင်းတောင်သူများက ပြောသည်။
“အရင်နှစ်ကတော့ လယ် ၄ ဧကလောက်ဆိုရင် ကျပ်ငွေ ၅ သိန်းလောက် အကြွေးတင်တယ်။ လောက်တော့ မလောက်ဘူးပေါ့။ ဒါပေမယ့် ဒီနှစ်တော့ လယ် ၁ ဧကဆိုရင် ကုန်ကျစရိတ်က ၁၀ သိန်းလောက်ကုန်တယ်။ လယ်ဧက များရင် အကြွေးများတယ်၊ လယ်ဧက နည်းရင် အကြွေးနည်းတယ်။ လယ်ဧက မရှိဘူးဆိုရင် အကြွေးမရှိဘူး” ဟု ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။
ယမန်နှစ်တွင် ရေကြီးရေလျှံမှုကြောင့် စပါးခင်းများ ရေမြှုပ်နေချိန်ကာလ၌ ရွှေအပ်၊ ရွှေရင်အေး ဆန်ဈေးမှာ (အလေးချိန် ၄၆ ပေါင်) တစ်အိတ် ကျပ်ငွေ နှစ်သိန်းခွဲခန့်ရှိသော်လည်း စပါးပေါ်ချိန်တွင် ဆန်ဈေးမှာ တစ်အိတ် ကျပ်ငွေ တစ်သိန်းသာရသဖြင့် တစ်ဝက်ကျော်ဆုံးရှုံးခဲ့ရကြောင်း ပုံးအင်းဒေသ တောင်သူလယ်သမားများက ပြောသည်။
ထိုသို့ သဘာဝဘေးကြောင့် ဆန်းစပါးရောင်းမဝင်သည့် အခြေအနေတွင် စပါးတစ်ဧကမှာ (လုပ်အားခနှင့် မြေသြဇာအပါအဝင်) ၁၀ သိန်းကျပ်အထိ ကုန်ကျစရိတ်ရှိကြောင်း ဆိုသည်။

ပုံးအင်းဒေသသည် သျှမ်းပြည် တောင်ကြီး၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တွင် ပါဝင်ပြီး ဆန်စပါးစိုက်ပျိုးရေးကိုသာ အဓိကလုပ်ကိုင်ကြရာ လူအများသိကြသော နာမည်ကျော် နောင်မွန်ရှမ်းဆန်မှာ ပုံးအင်းဒေသမှ ထွက်ရှိသည်။
ထိုဒေသတွင် ဇူလိုင်လမှ ဒီဇင်ဘာလအထိ ရေခြောက်လဖြစ်ပြီး ဇန်နဝါရီလမှ ဇူလိုင်လဆန်းအထိ ဆိုင်ကယ်၊ မော်တော်ယာဉ်များ မောင်းနှင်၍ရသော ကုန်းခြောက်လဖြစ်သည်။
ပုံးအင်းဒေသတွင် နှစ်စဉ်နှစ်တိုင်း မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိသော်လည်း ယခုနှစ်နောင်ပိုင်းတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးရွာသွန်းရာ မကြုံစဖူး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ပုံးအင်းဒေသခံများက ပြောသည်။








Leave a Comments