သျှမ်းပြည် တောင်ပိုင်းတွင် ဂေါ်ဖီထုပ်များ ဝယ်သူမရှိဘဲ ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် စိုက်ပျိုးထားသည့် တောင်သူများ အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။
ကလောမြို့နယ် အောင်ပန်းမြို့တကြောတွင် ဂေါ်ဖီထုပ်ရာသီချိန် ဖြစ်သော်လည်း ဝယ်သူမရှိသည့်အပြင် ဂေါ်ဖီတစ်ထုပ်လျှင် ၂၀၀ ကျပ်အထိ ဈေးကျနေသည့်အတွက် စိုက်ပျိုး ထားသူများ အရှုံးနှင့်သာ ရင်ဆိုင်နေကြရကြောင်း အောင်ပန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ပွဲရုံက ဈေးနှုန်းတောင် ၂၀၀ ပဲပေးတယ်။ တစ်ထုပ် ၂၀၀ နဲ့ ရောင်းရင်တောင် ဝယ်တဲ့လူ မရှိဘူး။ ရောင်းတဲ့လူ များပြီး ဝယ်တဲ့လူကို မရှိတာ၊ ၂၀၀ လည်း တကယ်တော့ မကိုက်ဘူး။ အိတ်ဖိုးတွေ ချုပ်ခတွေ၊ ခြံထဲကနေ ကားပေါ်တင်တာနဲ့တင် ဂေါ်ဖီတစ်ထုပ်ကို ၂၅၀ ကျပ်လောက် ကုန်ကျနေပြီ။ အများကြီး လုပ်တဲ့လူတွေက ရှုံးတယ်၊ ၅ ဧကလောက် စိုက်တဲ့လူတွေတောင် သိန်း ၂၀၀ ကျော် ရှုံးတယ်” ဟု အောင်ပန်းမြို့ဒေသခံ ၎င်းအမျိုးသမီးကပြောသည်။

ယမန်နှစ် ၂၀၂၄ မိုးဦးဝင်စအချိန်တွင်လည်း သျှမ်းပြည်တောင်ပိုင်း၌ ဂေါ်ဖီတစ်ထုပ်ကို တစ်ထောင်ကျပ်ဝန်းကျင် ရရှိသော်လည်း ယခုနှစ်တွင် ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ၁၅၀ ကျပ်နှင့် ၂၀၀ ကျပ်အကြားသာ ဈေးရှိပြီး၊ ဓာတ်မြေသြဇာများ ဈေးနှုန်းမြင့်တက်ခြင်းနှင့် အလုပ်သမားများ ရှားပါးနေကြောင်း ၎င်းက ဆက်ပြောသည်။
“မြေသြဇာ တစ်အိတ်ကို ၂ သိန်းလေ၊ ဈေးတက်တယ်လေ။ အရင်က ၁ သိန်း ဝန်းကျင်လောက်ပဲ ရှိတယ်။ အလုပ်သမားတွေကလည်း ရှာရခက်တယ် ရှားလည်းရှားတယ်။ အခုက အိတ်အနီတွေနဲ့ ရောင်းရင် တစ်အိတ်ကို ၁ သောင်းလောက်ပဲ ရတယ်။ အရင်နှစ် ဒီလိုချိန်မှာ ရန်ကုန်ကို တင်ရောင်းရင် ၁ အိတ်ကို တစ်သိန်းခွဲ၊ အောင်ပန်းမှာပဲ ရောင်းရင် ၇ သောင်းခွဲလောက် ရတယ်။ အခုက အိတ်ဈေးနှုန်းနဲ့ဆို အရင်းတောင် ပြန်မကျန်ဘူး၊ ၁၀ ဆ လောက်ကို ကွာနေတာ” ဟု ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အပြင် အောင်ပန်းမြို့တွင် ငါးရက်တစ်ခါ ကျရောက်သည့် ဈေးနေ့များတွင် ဂေါ်ဖီထုပ်တစ်လုံးလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချသော်လည်း ဝယ်သူမရှိကြောင်း သိရသည်။

ဂေါ်ဖီထုပ်ကို သျှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်း၊ နောင်တရား၊ တီကျစ်၊ အောင်ပန်း၊ ကလော၊ ရွာငံ၊ ပွေးလှ ၊ ပင်းတယမြို့နယ်ဘက်တွင် စိုက်ပျိုးသူများကြောင်း သိရသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာငွေကျပ်တန်းဖိုး ကျဆင်းခြင်း၊ စိုက်ပျိုးရေးအတွက် ဝယ်သုံးရသည့် ကုန်ပစ္စည်းများဖြစ်သည့် စိုက်ပျိုးရေးဆေး၊ မြေသြဇာများ ဈေးနှုန်းမြှင့်တက်နေသည့်အပြင် အလုပ်သမားရှားပါးမှု၊ ကားခ၊ စစ်ဆေးရေးဂိတ် အခွန်များ စသည့် အကြောင်းအမျိုးမျိုးကြောင့် ကုန်စိမ်းရောင်းချချိန် ဈေးကောင်းမရသည့် အခြေအနေနှင့် ကြုံတွေ့ရခြင်းသည် စိုက်ပျိုးထားသူများ အရှုံးနှင့် သာရင်ဆိုင်နေရခြင်း ဖြစ်သည်။








Leave a Comments