သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) က ယနေ့ (ဖေဖော်ဝါရီ ၇ ရက်)တွင် ကျရောက်သည့် (၇၈) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို ငြိမ်းချမ်းရေးပွဲတော်အဖြစ် ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားဆာလေးကျေးရွာတွင် ကျင်းပသည့် (၇၈) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ် ကိုယ်တိုင် တက်ရောက်ပြီး NCA ကျောက်တိုင် ဖွင့်ပွဲနှင့်အတူ ငြိမ်းချမ်းရေးပွဲတော်အဖြစ် ဖေဖော်ဝါရီလ (၅) ရက်မှ (၈) ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်နေသည်။
“RCSS အနေကတော့ သျှမ်းပြည် တည်ငြိမ်အေးချမ်းဖို့၊ ပြည်သူတွေ သက်တောင့်သက်သာ နေနိုင်ဖို့နဲ့ အလုပ်အကိုင်တွေ လွတ်လွတ်လပ်လပ် လုပ်နိုင်အောင်၊ နောက်တစ်ခုက ပြည်ထောင်စုကြီး အေးချမ်းပြီး နိုင်ငံရေးအခြေခံ ငြိမ်းချမ်းရေးဖြစ်ဖို့ ဒီပွဲကို လုပ်တာပါ”ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ (၂၇) ရက်တွင် သျှမ်းဘာသာဖြင့် ပြောဆိုထားသည်။

ယခင်က သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားများကို RCSS အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ရှိ လွယ်တိုင်းလျန်းဌာနချုပ်တွင် နှစ်စဉ်နှစ်တိုင်း စည်စည်ကားကား ကျင်းပပြုလုပ်ခဲ့သော်လည်း ယမန်နှစ် ၂၀၂၄ ခုနှစ်တွင် အခြေအနေအရပ်ရပ်ကြောင့် မကျင်းပဖြစ်ခဲ့ဘဲ ယခုနှစ်တွင် မိုင်းပန်မြို့နယ်၌ ပြန်လည်ကျင်းပလာခြင်း ဖြစ်သည်။
မိုင်းပန်မြို့နယ်တွင် RCSS ဦးဆောင်ကျင်းပခဲ့သည့် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနား တက်ရောက်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် တောင်ကြီး၊ ခိုလမ်နှင့် ကျိုင်းတုံအခြေစိုက် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများကို RCSS ဘက်မှ ဖိတ်ကြားခဲ့သော်လည်း ယနေ့အခမ်းအနားသို့ တက်ရောက်လာခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၆ ရက်)တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အထိမ်းအမှတ်ကျောက်တိုင်ကို ငြိမ်းချမ်းရေးပွဲတော်အတွင်း ဖွင့်လှစ်ခဲ့ပြီး NCA လက်မှတ်ရေးထိုးခဲ့စဉ်က အသိသက်သေအဖြစ် ပါဝင်ခဲ့ကြသည့် ကုလသမဂ္ဂ UN ၊ ဥရောပသမဂ္ဂ EU ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့၏ အလံများကိုလည်း လွှင့်ထူထားသည်။

အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကလည်း (၇၈) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို လားဟူရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲနှင့်အတူ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဌာနချုပ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံ ၇ ထောင်ကျော် တက်ရောက်ခဲ့သည်။
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင်လည်း ဒေသခံများက သျှမ်းပြည်အလံတော်ကို နေအိမ်ရှေ့ စိုက်ထူခြင်းအားဖြင့် ပါဝင်ဆင်နွှဲခဲ့ကြပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင်လည်း သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် နယ်စပ်မြို့များဖြစ်သည့် တာချီလိတ်မြို့နှင့် မူဆယ်မြို့တို့တွင်လည်း သျှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် ရိုးရာကစားနည်းပြိုင်ပွဲများကို ထည့်သွင်းပြုလုပ်ခဲ့သည်။
နှစ်စဉ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သည့် သျှမ်းပြည်အမျိုးသားနေ့ကို ၁၉၄၇ ခုနှစ် ပင်လုံညီလာခံတွင် စော်ဘွားကိုယ်စားလှယ် ၇ ပါး ၊ လူထုကိုယ်စားလှယ် ၇ ဉီး တန်းတူထိုင်ပြီး လွတ်လပ်ရေး အတူတကွ ရယူရန် ဖက်ဒရယ်သျှမ်းပြည်ကောင်စီကို သဘောတူ ဖွဲ့စည်းနိုင်ခဲ့သောကြောင့် ထိုနေ့ကို သျှမ်းပြည်အမျိုးသားနေ့အဖြစ် သတ်မှတ်ထားခဲ့သည်။
ထို့အပြင် သျှမ်းပြည်အတွက် အသုံးပြုမည့် ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ် အလယ် လပြည့်ဝန်းပါ ဖက်ဒရယ်သျှမ်းပြည် အလံတော်နှင့် အမျိုးသားသီချင်းအဖြစ် ဖက်ဒရယ်သျှမ်းပြည်ကောင်စီ ဉက္ကဋ္ဌ တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန် က ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုး သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။








Leave a Comments