Tuesday, January 27, 2026

ငွေတုလုပ်ငန်း သတင်းကြောင့် သျှမ်းပြည်လူထု စိုးရိမ်မှုမြင့်တက်

ငွေတုလုပ်ငန်း ရောင်းဝယ်ဖောက်ကားသည့် သတင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေမှုကြောင့် သျှမ်းပြည်လူထုများ စိုးရိမ်မှုများစွာရှိနေကြောင်း စုံစမ်းသိရသည်။

ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ငွေတုများသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အတွင်း ပျံ့နှံ့နေသည်ဟု သတင်းထွက်ပေါ်နေသဖြင့် ပြည်သူများက ငွေတုမိမှာကို စိုးရိမ်နေကြောင်း လားရှိုးမြို့နေ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမကိုယ်တိုင်တော့ မကြုံရသေးဘူး၊ ဒါပေမဲ့ လိုင်းပေါ်ကနေ လားရှိုးမြို့ထဲမှာ ငွေတုတွေ ပျံ့နှံ့နေပြီလို့ ပြောကြ တယ်၊ ပိုက်ဆံလက်ဝယ်မထားရဲတော့ဘူး၊ ထားမယ်ဆိုရင် ငွေတုဖြစ်မှာစိုးရိမ်တယ်၊ ဘာဖြစ်လို့လဲဆိုရင် ရှိထားတဲ့ငွေက ငွေစစ်လား/ငွေတုလားဆိုတာ သေချာမစစ်နိုင်လို့လေ” ဟု လားရှိုးမြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိ အာဏာသိမ်းကာလ တနှစ်ကျော်ရှိလာချိန်တွင် ငွေအတုများသည် “မြန်မာငွေအတုရောင်းဝယ်ရေး” ၊ “MONEY. TALKS ငွေအတုရောင်းဝယ်ရေး“ စသဖြင့် အမည်ရှိသည့် လူမှုကွန်ယက်စာမျက်နှာ Page တို့ဖြင့် ပေါ်ပေါ်ထင်ထင် ရောင်းဝယ်လှဲလှယ်နေပြီး တချို့သောမြို့နယ်များကို ကားဂိတ်မှတဆင့် ပို့ဆောင်ပေးနေကြောင်း ရေးသားဖော်ပြထားသည်။

“ဟိုး အရင်က ငွေအတုကို အွန်လိုင်းပေါ်မှာ ပေါ်တင်ရောင်းတာ မတွေ့ဖူးပါဘူး၊ ဒါပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းတော့ ဒါမျိုးကြီးတွေ့လာတယ်၊ ဒါတွေက တကယ်ပဲငွေတုကို ဖြန့်တယ်ဆိုရင် ကုန်သွယ် ရောင်းဝယ်ရေးပိုင်းတော့ ထိခိုက်လာမှာအမှန်ပဲ၊ ပြီးတော့ ရပ်ကွက်တွင်း မြို့တွင်း ဝယ်ခြမ်းရင်တောင်မှ ငွေကို သေချာစစ်ယူနေရမယ့် အနေအထားဖြစ်နေတယ်” ဟု အထက်ပါ အမျိုးသမီးက ဆက်လက်ပြောဆိုထားသည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင်လည်း ငွေစက္ကူအတု သုံးစွဲနေသူများရှိနေပြီဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ ဆိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ငွေတုက ခွဲရလွယ်တယ်၊ သူ့ ကြိုးလိုင်းက လက်သည်းနီဆိုးထားသလိုမျိုး တောင့်တောင့်ကြီး ဖြစ်နေမှာ၊ ကျနော်တို့ဆိုင်ကို ဘယ်လိုရောက်လာမှန်းတော့မသိရဘူး၊ ညအချိန် စာရင်းလုပ်ရင်း တွေ့မိတာ၊ ဒါတွေပျံ့ သွားရင်တော့ ကျနော်တို့လို အောက်ခြေဘဝက မတွေးရဲစရာပဲ” ဟု အမည်မဖော်လိုသူ တောင်ကြီးမှ အိမ်ဈေးဆိုင် ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီး တနှစ်သာ ကာလတွင် ဘဏ်အပ်ငွေများထုတ်မရတော့ခြင်းနှင့် ဘဏ်စနစ်ကို ပြည်သူများက မယုံကြည်တော့မှုကြောင့် ပြည်သူများ၏ လက်ထဲတွင် ငွေသားကိုင်ဆောင်မှု မြင့်တက်လာပြီးနောက် ငွေအတု ပြဿနာများလည်း ယခုလိုထွက်လာသည်။

ငွေအတုထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေးအခြေအနေရ တရားဥပဒေစိုးမိုးမှု ကင်မဲ့နေခြင်းနှင့် အရေးယူမှုအပိုင်းမရှိခြင်းတို့ကြောင့် ဖြစ်မည်ဟု ယူဆကြောင်း အမည်မဖော်လိုသူ လူမှုအဖွဲ့အစည်းမှ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ရှိ မြန်မာနိုင်ငံအခြေအနေလည်း အားလုံးသိတဲ့အတိုင်းပဲလေ၊ ပြည်သူတွေက စားဝတ်နေရေးတွေ ခက်ခဲ ကုန်ကြတယ်၊ ပြီးတော့ အလုပ်အကိုင်တွေလည်း ရှားပါးလာတော့ အဘက်ဘက်က ကြပ်တည်းနေချိန် တရားဥပဒေ စိုးမိုးမှုရော၊ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုအပိုင်းရော မရှိတော့ ကြံမိကြံရာ ကြံကြတာပေါ့” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် သန်းပေါင်းများစွာရှိသည့် ငွေစက္ကူအတုများ ပျံ့နှံနေသည့်အကြောင်းကို တခြားသော မီဒီယာ တချို့များမှာလည်း ရေးသားဖော်ပြထားပေမယ့် မဟုတ်မှန်ကြောင်း ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဝင်းသော် က VOA သတင်းဌာနကို ဖြေကြားထားတာ တွေ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ငွေစက္ကူ အတုကြား ခေါင်းခဲနေရ”

0
ကျပ် တစ်သောင်းတန် ငွေစက္ကူကို ကိုင်ပြီး အထပ်ထပ်အခါခါ လှန်ပြီး သိသလောက်မှတ်သလောက် ဒေါ်အေးမာ တစ်ယောက် စစ်ဆေးနေသည်။ ဒေါ်အေးမာ သည် တောင်ကြီးမြို့ ကုန်စုံဆိုင်ဖွင့်ထားသည့်သူဖြစ်ပြီး၊ ကျပ်တစ်သောင်းတန်နှင့်ပတ်သက်ပြီး ကံမကောင်းမှု အကြိမ်ကြိမ်ကြုံတွေ့လာရသူတစ်ဉီးဖြစ်သည်။ ဈေးဝယ်သူက ကျပ်ငွေ တစ်သောင်းတန် ပေးလာတိုင်း ဒေါ်အေးမာ တစ်ယောက် အကြိမ်ကြိမ် စစ်ဆေးသည့်ကြား “ငွေတု”...