ကာတွန်းကို ကလေးလို့ဘဲမြင်ပါတယ် – ဆိုတဲ့ ကာတွန်းဟန်လေးနဲ့ တွေ့ဆုံမေးမြန်းခန်း  

0

နာမည်ကြီး နိုင်ငံရေး ရုပ်ပြောင်ကာတွန်းဆရာ ဟန်လေးရဲ့ ကာတွန်းစာအုပ်မိတ်ဆက်ပွဲ နဲ့ သတင်းစာ ရှင်းလင်း ပွဲတရပ်ကို ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပရာမှာ အထူးဘဲစည်ကား လျှက်ရှိကြောင်းသိရပါတယ်။ ကာတွန်းစာအုပ်မိတ်ဆက်ပွဲတက်ရောက်လာတဲ့သူတွေကို အမှတ်တရလက်မှတ်ရေးထိုးပေးတာလည်းရှိခဲ့ပါတယ် ။အမေရိကန်နိုင်ငံကနေ စာပေ အနုပညာရှင် တွေကို ချီးမြှင့်တဲ့ Hellme/Hammett ဆု ကိုဆွတ်ခူးခဲ့ရသူ ကမ္ဘာကသိတဲ့ကာတွန်းဆရာ ဟန်လေးဟာ ကားတွန်းကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ပါသလဲ။ ကာတွန်းဆရာ ဟန်လေး နဲ့ ပတ်သတ်ပြီး သူ့ဘဝ ဖြတ်သန်းပုံ၊ နိုင်ငံရေး ကာတွန်း တစိုက်မတ်မတ်ရေးဆွဲ လာတဲ့ အကြောင်းနဲ့ လက်ရှိ သျှမ်းပြည်နယ် မှ လူငယ်တွေ ကာတွန်းစိတ်ဝင်စားတဲ့ အကြောင်းကို သျှမ်းသံတော်ဆင့်မှ သတင်းထောက် နန်းဆိုင်နွမ် မှ ဆက်သွယ်မေးမြန်းထားပါတယ်။

Photo: The Hsenpai

 

မေး။ ။ ကာတွန်း ကို စဆွဲတုန်းကလည်း နိုင်ငံရေး ကာတွန်းကိုပဲ စတင်ရေးဆွဲခဲ့တာလား။

ဖြေ။ ။ ဟုတ်ပါတယ်။ နိုင်ငံရေး ကာတွန်းကိုပဲ စတင်ရေးဆွဲခဲ့တာပါ။ စလုပ်တုန်းကတော့ အဖွဲ့အစည်းမှာ ဝါဒဖြန့်တာတွေ စာစောင်တွေ စလုပ်ခဲ့တယ်။ ကျနော် သိပ်စိတ်မပါဘူး။ လက်မှတ်လည်း မထိုးခဲ့ဘူး။ လွတ်လွတ်လပ်လပ် ရေးလာတဲ့အခါမှာ ကိုယ်ပိုင် လက်မှတ်နဲ့ ဖြစ်သွားတယ်။

မေး။ ။ ဘယ်အရွယ် က စပြီး ကာတွန်းကို လေ့လာခဲ့ပါလဲ။

ဖြေ။ ။ ကျနော် ပန်းချီကျောင်းတက်ခဲ့တယ်။ ၁၈၈၀ ခုနစ်ကနေ ၁၈၈၄ – ၈၅ ခုနစ်ထိ တက်ခဲ့တယ်။ ပြီးတော့ တောင်ကြီး မှာ ကျနော် အော်ပရေတာ လုပ်တယ်။ ပို့စတာတွေ ဆွဲတယ်။ ၁၉၈၈ အရေးအခင်းဖြစ်တော့ ကျနော် ထိုင်းကို ရောက်သွားတယ်။ အဲ့ရောက်တော့ ကျနော ်ကာတွန်းပြန်ဆွဲတယ်။ အဖွဲ့အစည်းကထုတ်တဲ့ စာစောင်တွေ ကာတွန်းစရေးတယ်။

မေး။ ။ ကာတွန်းရေးဆွဲတဲ့ အချိန်က စ လက်ဦးဆရာက ဘယ်သူလို့ပြောလို့ရပါသလဲ။

ဖြေ။ ။ ငယ်ကတည်းက ကျနော် အဖေ ကလည်း ပန်းချီရေးဆွဲတယ်။ သူကတော့ အပျော်တမ်းပေါ့။ ဟိုခြစ် ဒီခြစ်နဲ့သူပြောပြတယ်လေ။ နောက်ပိုင်း ကျနော် ၁၀ တန်းတက်ပြီး တော့ ရန်ကုန် က ပန်းချီ ပန်းပု ကျောင်းကို ၃ နှစ် တက်ရတယ်။

မေး။ ။ ပန်းချီ ပန်းပုကျောင်းမှာ နာမည်ကြီး တဲ့ ဆရာ ဘယ်သူတွေနဲ့ ထိတွေ့ခွင့်ရပါသလဲ။

ဖြေ။ ။ နာမည်ကြီးတဲ့ ဆရာတွေကတော့ ဦးဝင်းဖေ၊ ဦးသုခပါ။ ကျနော် ရဲ့ လက်ရင်း ဆရာကတော့ ဦးသုခ၊ ဦးဘလုံလေး၊ ဦဘကြည်တို့ နဲ့ ထိတွေ့ခွင့်ရပါတယ်။

မေး။ ။ နိုင်ငံရေး ကာတွန်းတွေ ထုတ်ဝေမှု က ဘယ်နှကြိမ်မြောက်ရှိသွားပြီလဲ။

ဖြေ။ ။ အရင်က ဧရာဝတီ သတင်းဌာန ကနေပြီးတော့ နံပတ် ၁၊ နံပတ် ၂ဆိုပြီး ထုတ်သွားတယ်။ မနေ့ကတော့ ဇွန် ၁၄ ရက်နေ့မှာ တော့ နံပတ် ၃ ပေါ့။ ကျန်တဲ့ ကာတွန်းစာအုပ်တွေ၊ ကလေးကာတွန်း စာအုပ်တွေ ထုတ်ပါတယ်။

မေး။ ။ နိုင်ငံရေး ကာတွန်းတွေ ထုတ်ရတဲ့ ရည်ရွယ်ချက် ကို ပြောပြပေးပါ။

ဖြေ၊ ။ ရည်ရွယ်ချက်ကတော့ စာဖတ်ပရိသတ်တွေ ကာတွန်း ပရိသတ်တွေ တစုတစည်း တည်း ကြည့်ရအောင်ဆိုပြီး ထုတ်တာ။ ဂျာနယ်တွေမှာ အွန်လိုင်းတွေမှာ ကာတွန်းတွေကို တက်နေတာတော့ ရှိတယ်။ နောက်ပျောက်ပျောက်သွားတယ်။ တစုတစည်းတည်း မဖြစ်ဘူး။ ဒါကြောင့်မလို့ သူငယ်ချင်းတွေက စာအုပ်ထုတ်ချင်တယ်ဆိုပြီး ထုတ်လိုက်တာပါ။

မေး။ ။ ၁၉၈၈ နောက်ပိုင်းကနေ နိုင်ငံရေး ကာတွန်းတွေကို တစိုက်မတ်မတ်ရေးလာတဲ့ ပီဟန်လေး ရဲ ခံစားချက်ကို ပြောပြလို့ရပါသလား။

ဖြေ။ ။ ခံစားချက်အနေနဲ့ကတော့ ဝါသနာပါတာ။ နောက်တခုက ကာတွန်းက စနစ်တခုကို မတော်မတည့်တာ ကမောက်ကမ မတည့်တာ ကို သရော်ချင်တာ ဝေဖန်ချင်တာကြောင့်ပါ။

မေး။ ။ နိုင်ငံရေး ကာတွန်း ဆရာ တယောက်အနေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ လက်ရှိနိုင်ငံရေးက ကမောက်ကမ ဖြစ်နေတုန်းပါ။ ဗရမ်းပတာ ဖြစ်နေတုန်းပါ။ ဒါကို ချက်ချင်းကြီးတော့ အခု ရေတွင်းတူး၊ အခုရေကြည်သောက်လို့ဘယ်ဖြစ်မှာလဲ။ နှစ်ပေါင်း အစိုးရ ၁ဆက်၊၂ဆက်၊ ၃ဆက်ထိတော့ သွားအုံးမှာပဲ။ ကျနော်တို့ တသက်လုံး အာဏာရှင်အုပ်ချုပ်ခဲ့တာ။ ဒီမိုကရေစီ ရတာ ၂နှစ် ၃နှစ် ဆိုတော့ အင်မတန် နုပါသေးတယ်။ ကာတွန်း ဆရာတွေ ကာတွန်းရေးသူ မှန်သမျှလည်း နိုင်ငံရေး မလုပ်ရင်တောင် နိုင်ငံရေး စိတ်မဝင်စားရင်တောင် ကာတွန်းရေးသူ အားလုံးက တော်လှန်ရေးသမားတွေပါပဲ။ခေတ် တခုကို သရော်ပြီးတော့ တော်လှန်တယ်။ တော်လှန်ပြီးတော့ သရော်တယ်။ သရော်တယ်ဆိုကတည်းက တော်လှန်ချင်စိတ်တွေ ပုန်ကန်တာပါပဲ။
သူ့ဘာသာ ကုန်စျေးနှုန်းအကြောင်းပဲရေးရေး၊ လူတွေ အကြောင်းပဲရေးရေး၊ အဲ့ဒါ သရော်တယ်ဆိုကတည်းက ခေတ်ကို မီးမောင်းထိုးပြတာပါ။ ပြောင်းတော့ မပြောင်းလဲနိုင်ပါဘူး။
ကျနော်ရေးထားသလိုပေါ့ “စနစ်မှိုင်းတခုကို မပြောင်းလဲ နိုင်ပေမယ့် ခေတ်သမိုင်းကို တော့ သူ ထင်ဟပ််စေတယ်”

မေး။ ။ ပီဟန်လေး ကာတွန်းရေးဆွဲလာတဲ့ တလျှောက်မှာ အလေးစားရဆုံး၊ အတုယူရဆုံး ကာတွန်း ဆရာတွေက ဘယ်သူတွေပါလဲ။

ဖြေ။ ။ ကျနော် လေးစားရတဲ့ သူတွေက အများကြီးပါပဲ။ မြန်မာပြည်မှာ ရှိတဲ့ ကာတွန်းဆရာ အားလုံး က ဆရာတွေလိုဖြစ်နေတယ်။ ကျနော်ငယ်တုန်းက ဦးဘကြည်၊ ဦးစိန်၊ ဦးအောင်ရှိန်၊ ဦးသန်းကြွယ်တို့နဲ့ ကြီးလာတယ်။ နည်းနည်း အရွယ်ရောက်လာချိန်ကြတော့ အိုရွှေမင်းသား၊ ဦးအောင်တို့ပေါ့။ လက်ရှိဆို ဆရာ အော်ပီကျယ်တို့ပေါ့။ သင်ဆရာ မဟုတ်ရင်တောင် သူတို့တွေ အားလုံးက မြင်ဆရာတွေပါ။

မေး။ ။ ကာတွန်း ဆရာဘဝ အသက်မွေးဝမ်းကျောင်းပြုတဲ့အခါ ဘယ်အရာက အခက်အခဲဆုံးပါလဲ။

ဖြေ။ ။ အဲ့ဒါတော့ သိပ်မခက်ပါဘူး။ ကျနော်က ကာတွန်းကို သပ်သပ်။ တခြား အသက်မွေး ဝမ်းကျောင်းကိုလည်း သပ်သပ်စီထားပါတယ်။ ကျနော် ကာတွန်းရေးတဲ့အချိန်မှာ ဂျာနယ်တိုက် ရဲ့ ဆန္ဒတခုတည်းကို ကျနော်မယူပါဘူး။ ပရိသတ်ရဲ့ဆန္ဒကို မျှပြီးတော့ ရေးတယ်။ ပန်းချီကတော့ ကိုယ်ပိုင်ဆန္ဒ၊ ကာတွန်း က အများဆန္ဒ ကိုရေးရတာ။ ပြည်သူ့ဆန္ဒ ပြည်သူ့ခံစားချက်ကို ရေးရတာ။ ပြည်သူ့ဆန္ဒ က ပိုအရေးကြီးတယ်။ ဂျာနယ် တိုက် ထုတ်ဝေသူရဲ့ ဆန္ဒထက် ပြည်သူ့ဆန္ဒကို မီးမောင်းထိုးပြတာပါ။ ဂျာနယ် အကြိုက် အယ်ဒီတာ အကြိုက်ပဲရေးမယ်ဆိုရင် တခါတလေကျတော့ ထော်လော်ကန့်လန့်တော့ ဖြစ်တာပေါ့။ တခါတလေတော့လည်း သူတို့ ဆန္ဒနဲ့ မရေးပါဘူး။ ကိုယ့်ဆန္ဒကို ပိုပြီးတော့ ဦးစားပေးတာပေါ့။

မေး။ ။ သျှမ်းပြည်နယ် မှာ နေထိုင်တဲ့ လူငယ်တွေ ကာတွန်းပေါ် စိတ်ဝင်စားမှု ဘယ်လိုရှိကြလဲ။ ကာတွန်းဆရာတယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီခေတ်နောက်ပိုင်းမှာတော့ ကာတွန်းပေါ် စိတ်ဝင်စားလာပါတယ်။ သျှမ်းပြည်နယ်မှာဆို ကာတွန်း ဆရာတွေ လက်ချိုး ရေ တွက်လို့ ရပါတယ်။ သိနေတယ် ဘယ်သူတွေဆိုတာ။ အရမ်းနည်းပါတယ်။ မြန်မာနိုင်ငံ ကာတွန်း အယောက် ၄၀၀ ကျော်ရှိတယ်။ သျှမ်းပြည်အနေနဲ့ ကြည့်ရင် အင်မတန် နည်းတယ်။ ၅ ယောက်တောင် မပြည့်ဘူးထင်တယ်။

မေး။ ။ ကာတွန်း ဆရာတယောက်အနေနဲ့ ကာတွန်းအတတ်ပညာကို လက်ဆင့်ကမ်းဖို့ရှိပါသလား။ လူငယ်တွေကို သင်ကြားပေးဖို့ရှိပါသလား။

ဖြေ။ ။ ပြီးခဲ့တဲ့ ၃ နှစ် ၄ နှစ်ကတည်းက တောင်ကြီးမှာ နွေကျောင်းပိတ်ရက် ရတဲ့ အချိန်လေး ၁၀ရက် ၁၅ရက် အမှတ် ၁ ကျောင်းမှာ တခြား အဖွဲ့နဲ့ ပေါင်းပြီး ကာတွန်း သင်တန်း၊ ပန်းချီသင်တန်းဖွင့်ပေးတယ်။ ပထမတော့ ၃၀၀၊ ၄၀၀ နောက်နှစ်တွေမှာ ရ၀၀ ထိရှိပါတယ်။ စိတ်ဝင်စားမှုရှိပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် စိတ်ခံစားမှု စိတ်ဝင်စားမှု မရှိကြဘူး။ တက်သစ်စ လူငယ် တွေက ပန်းချီ သင်တန်း ပန်းပု သင်တန်းကို စိတ်ဝင်စားမှုနည်းတယ်။ အဆိုအတီး သင်တန်းဆို လူများမှာပေါ့။

မေး။ ။ ကာတွန်းဆိုတာ ဘယ်လို အဓိပ္ပာယ်ဖွင့်ပါသလဲ။

ဖြေ။ ။ ကာတွန်းဆိုတာ ကလေးတယောက်ပါပဲ။ ကလေးလိုပဲ မြင်တယ်။ ကလေး လိုပဲတွေး ကလေးလိုပဲပြောလိုက်မယ်။ ခံနိုင်မှာလား။ မခံနိုင်ဘူးလား။ ကာတွန်းဆရာတယောက်ရဲ့ အတွေးက ကလေးတယောက်လိုပါပဲ။ တည့်ပြောပေါ့။ နောက်တခုကျတော့ ကာတွန်းဆိုတာ ခေတ်ရဲ့ စနစ်မှိုင်းကို မပြင်နိုင်သလို ခေတ်သမိုင်းကိုတော့ ဘယ်ခေတ်မှာ ဘာတွေ ဖြစ်သွားလဲ ဘယ်ခေတ်မှာ ဘယ်သူတွေ ဘယ်လို အုပ်ချုပ်သွားလဲ။ ဘယ်ခေတ်မှာ ကုန်စျေးနှုန်းတွေ မြှင့်တက်သွားလဲ။ ဘယ်ခေတ်မှာ ဘယ်လို တိုးတက်သွားလဲ ဆိုတာ ကာတွန်းကို ကြည့်ပြီး သိနိုင်ပါတယ်။

မေး။ ။ ပီဟန်လေး ကာတွန်းဆွဲလာတဲ့ တလျှောက်လုံးမှာ အမှတ်ရဆုံးကာတွန်းတခုကို ပြောပြပေးလို့ရပါသလား။

ဖြေ။ ။ ပထမဆုံးကာတွန်း နိုင်ငံရေး ကာတွန်းဆိုပေမယ့် ဝါဒဖြန့်တဲ့ ကာတွန်းလိုဖြစ်နေတယ်။ တခုပဲ ပထမဆုံးရေးတဲ့ ကာတွန်း က တပ်မတော် ကနေပြီး တိုင်းပြည် ချောက်ထဲ ကျဖို့ လက်၂လုံးအလို ကယ်တင်လိုက်ရတယ်ဆိုတဲ့ ကာတွန်းရေးဆွဲခဲ့တယ်။ အဲ့ခေတ်က ဗိုလ်ချုပ်မှူးကြီး စောမောင် ခေတ် ပေါ့။ ရေတွင်းထဲကျ ရေနစ်တဲ့သူတယောက်ကို ကယ်လိုက်တယ်။ ဒါပေမယ့် လည်ပင်းကို ကြိုးစွတ်ပြီး ဆွဲတင်လိုက်တယ်။ အပေါ်လည်းရောက်တော့ သေရော။ ဒါမှတ်မှတ်ရရ ပထမဆုံးပါပဲ။ ၁၉ ၉ ၈ ခုနစ်က ဒေါင်း ဂျာနယ် လား အိုးဝေ ဂျာနယ်လား ကျနော် မမှတ်မိတော့ဘူး။ ဒါပေမယ့် အဲ့ကာတွန်းကို အမှတ်မိဆုံးပါပဲ။

မေး။ ။ ပီဟန်လေး ဆွဲလာတဲ့ နိုင်ငံရေး ကာတွန်းတွေထဲမှာ ရုပ်တူဆုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို ဆွဲတာ အတူဆုံးလို့ပြောကြတယ်။ အဲ့လို ဆွဲတဲ့ အပေါ် ခြိမ်းခြောက်ခံရတာတွေရော ရှိလား။

ဖြေ။ ။ ခြိမ်းခြောက်တာကတော့ သူတို့ အကျင့်ပါပဲ။ ရေးရမှာတော့ သရော်ရမှာက ကျနော်တို့အလုပ်ပါ။ ခြိမ်းခြောက် တာကလည်း သူတို့လည်း လေပဲ။ ကျနော်တို့လည်း အရုပ်ပဲလေ။ အဲ့လိုပဲကွာတယ်။ ကာတွန်းနဲ့ သရော်တာ တောင် မခံနိုင်ဘူးဆိုရင်တော့ သူတို့ရဲ့ သဘောထားကို သိရတာပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ပီဟန်လေး အနေနဲ့ ကာတွန်း နဲ့ ပတ်သတ်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ခုဏက မဖြေလိုက်ရတဲ့ ဦးသန်းရွှေ ဟာ တကယ်တော့ ဒီစနစ်မှာဒီလူအုပ်ချုပ်တယ်ဆိုရင် သူကို ကိုယ်စားပြုတာ။ အမှန်တော့ သူ့ကို ရည်ညွန်းတာလည်း မဟုတ်ဘူး။ ပုဂ္ဂိုလ် ရေး ရည်ညွန်းတာမပါဘူး။ ကျနော်တို့ အမေရိကန်ရေးမယ်ဆိုရင် ထရမ့်ကို အိုဘားမားခေတ်ဆို အိုဘားမားခေတ်ပေါ့။ တခေတ်ပြီး တခေတ်ပြောင်းသွားရင် တခေတ်ပြီးတခေတ် ပုံတူ တွေ လိုက်ပြောင်းသွားရတာ။ အဲ့ဒါ ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်နေတာ မဟုတ်ဘူး။ သူတို့ရဲ့ အဖွဲ့အစည်း တရပ်ရဲ့ လုပ်ရပ်ကို ရည်ညွန်းတာ ပါ။ တချို့က မှားနေတယ်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာမဟုတ်ဘူး။

ကာတွန်းဟန်လေး က သျှမ်းပြည်နယ် တောင်ကြီးမြို့နယ် ဟိုပုန်း နောင်မွန်တွင်မွေးဖွားခဲ့သူတဦးဖြစ်ပါတယ်။ ပန်းချီပညာကို ၁၉၈၂ခုနစ် က ရန်ကုန် ပန်ချီ ပန်ပု အနုပညာကျောင်း တွင် တက်ရောက်သင်ကြားခဲ့ သူတဦးလည်းဖြစ်ပါတယ်။

၁၉ ၈၈ ခုနစ်မှာတော့ ကာတွန်းဟန်လေး ဟာ တော်လှန်ရေး နယ်မြေ သို့ ရောက်ရှိကာ ၁၉ ၈၈ခုနစ် နောက်ပိုင်းမှာ ပြည်ပ နိုင်ငံ ကနေ နိုင်ငံရေး ကာတွန်းတွေကို တစိုက်မတ်မတ် ရေးဆွဲခဲ့ပြီး နိုင်ငံရေး သရော်ကာတွန်းတွေကို စတင်ရေးဆွဲခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ သျှမ်းပြည်နယ် ကို ပြန်လာကာ နိုင်ငံရေး ကာတွန်းတွေကို ဆက်လက်ရေးဆွဲပါတယ်။

ကာတွန်း ဆရာ ဟန်လေး ဟာ မြန်မာနိုင်ငံ နိုင်ငံရေး ကာတွန်း ရုပ်ပြောင် ပညာကြောင့် ၂၀၁၀ ခုနစ်မှာအမေရိကန် နိုင်ငံ နယူးရောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) က စာပေ အနုပညာရှင် တွေကို ချီးမြှင့်တဲ့ Hellme/Hammett ဆု ကို ဆွတ်ခူးရရှိသူလည်းဖြစ်ပါတယ်။

လက်ရှိမှာလည်း ကာတွန်း ပရိသတ်တွေ အတွက် နိုင်ငံရေး ကာတွန်း တွေ ကို တစုတစည်းတည်း ကြည့်ခွင့်ရအောင် ကာတွန်းကွက်ပေါင်း ၁၆၀ ပုံနှင့် စာမျက်နှာပေါင်း ၂၀၀ ရှိတဲ့စာအုပ်ကို ထုတ်ဝေတဲ့သူတဦးလည်း ဖြစ်ပါတယ်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here