သျှမ်းမြောက် လားရှိုးမြို့နယ် နောင်မွန်ရဲကင်း စခန်းသည် ယနေ့ (ဧပြီ ၁၀)ရက် မနက်အစောပိုင်းတွင် တိုက်ခိုက်ခံရပြီး၊ ရဲတပ်သား ၁၀ဦးထက်မနည်း သေဆုံးမှုရှိပြီး၊ ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။

ယနေ့ မနက် (၅)နာရီ မှ မနက် ၇နာရီခွဲအထိ လားရှိုး နောင်မွန်ရဲကင်း စခန်း ကို ညီနောင် မဟာမိတ် တပ်ဖွဲ့ ဖြစ်သည့် ရခိုင်တပ်(AA)၊ တအာင်း(ပလောင်)တပ် (TNLA)နှင့် ကိုးကန့် တပ်(MADAA)တို့ ဝင်ရောက်တိုက်ခိုက်ပြီး ရဲကင်းမီးလောင် ကာ ရဲကင်းစောင့် တပ်သား တချို့ သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူလည်းများကြောင်း နောင်မွန်ကျေးရွာ ဒေသခံ တဦး ပြောပြချက် အရသိရသည်။
“ မနက် မိုးမလင်းသေးဘူး။ နောင်မွန်ရဲကင်းပစ်ခံရတာ။ ရဲကင်း မီးလောင်သွားတယ်။ ကျမ ကြားရသလောက်တော့ ရဲ ၈ဦး သေတယ်။ ဒီထက်များနိုင်တယ်။ စခန်းမှူးက စ ဒဏ်ရာရတယ်လို့ကြားတယ်။ အတိအကျတော့မသိရသေးဘူး။ ရဲကင်းကတော့ ဘာမှ ရစရာမရှိတော့ဘူး” ဟု နောင်မွန် ကျေးရွာ ဒေသခံ တဦးက ပြောသည်။
လက်ရှိမှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ မှ ရဟတ်ယာဉ် ၃စီး ဖြင့် နောင်မွန် အနီးပတ်ဝန်းကျင်တွင် ပျံသန်းနေပြီး၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများလည်း နောင်မွန်ကျေးရွာ၊ နောင်ကွဲကျေးရွာ ထဲသို့ရောက်ရှိနေသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်ကာ နေအိမ်တွင် မနေရဲဘဲ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း စုံစမ်းသိရသည်။
“နောင်မွန် ရဲကင်း ပစ်ခံရတော့ မြန်မာ့တပ်တွေ ကျမတို့ ရွာထဲရောက်လာတယ်။ ရွာလမ်းထဲမှာ အပြည့်ဘဲ။ တိုက်ပွဲဖြစ်မှာတာ့ စိုးရိမ်သလို သူတို့တွေ သေနတ်တွေနဲ့ ရမ်းပစ် မှာ ကြောက်ရတယ်” ဟု နောင်ကွဲ ကျေးရွာမှ အမျိုးသမီး တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။
လက်ရှိမှာတော့ နောင်ကွဲ ကျေးရွာ ပြည်သူ ၃၀၀ ဝန်းကျင်သည် နေအိမ်ထဲတွင် မနေရဲကြသဖြင့် ကျေးရွာ ဘုန်းကြီးကျောင်းတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း လည်း ၎င်း အမျိုးသမီး က ပြောသည်။
လားရှိုးနောင်မွန်ရဲကင်းသည် သီပေါ-လားရှိုးသွားလမ်းတွင်တည်ရှိကြောင်းသိရသည်။
နောင်မွန်ရဲကင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က “ မြေပြင် သတင်းအချက်အလက် ပို့ပေးလာတာတော့မရှိသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။








Leave a Comments