Tuesday, January 27, 2026

မြန်မာနိုင်ငံ၏ပထမဦးဆုံးသော သမ္မတကြီး ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ ကြေးသွန်းရုပ်ထုအား စော်ဘွားကြီးမွေးနေ့ မတိုင်မှီစိုက်ထူမည်  

မြန်မာနိုင်ငံ၏ပထမဦးဆုံးသော သမ္မတကြီး ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ ကြေးသွန်းရုပ်ထုအား သျှမ်းပြည်နယ်တွင် တိုင်းရင်းသားခေါင်းဆောင်၏ ပထမဆုံး ကြေးသွန်းရုပ်ထုအဖြစ် တည်ထားခွင့်ရထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ပထမဦးဆုံးသော သမ္မတကြီး ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်

စော်ဘွားကြီး၏ ဆွေးတော်မျိုးတော်များနှင့် ညောင်ရွှေလွှတ်တော်အမတ်၊ ကျားခေါင်းပါတီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ညောင်ရွှေမြို့ ညစျေးတန်းရှိ ဟော်နန်းဟောင်းနေရာနှင့်မျက်နှာချင်းဆိုင် စော်ဘွားကြီးအုဋ်ဂူတွင် တည်ထားမည်ဖြစ်ကြောင်း သမီးတော်တပါးဖြစ်သည့် စဝ်ဟေမာသိုက်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

“မြန်မာနိုင်ငံရဲ့ ပထမဆုံးသော သမ္မတလည်းဖြစ် ရှမ်းစော်ဘွားလည်းဖြစ်တဲ့ အမျိုးသားခေါင်းဆောင်ကြီး စဝ်ရွှေသိုက်ရဲ့ကြေးသွန်းရုပ်ထုကို ရှမ်းပြည်နယ်မှာ စိုက်ထူခွင့်ရတော့မှာဖြစ်ပါတယ်။ သမ္မတဝတ်စုံဝတ်ဆင် ထားတဲ့ ညောင်ရွှေစော်ဘွားကြီးရဲ့ကြေးသွန်းရုပ်ထုဖြစ်တယ်။ ဒီလကုန်လောက်မန္တလေးမှာသွားအပ်မှာလေ။ ခုရံပုံငွေကို SNLD ကနေ ကူညီကောက်ခံပေးနေပါတယ်။ညောင်ရွှေလွှတ်တော်ကိုယ်စားလှယ်ဦးနေမျိုးတို့က လွှတ်တော်မှာတင်ပေးတယ်။ သျှမ်းပြည်နယ်အစိုးရခွင့်ပြုချက်ပေးလိုက်တာ ၃ လ လောက်ရှိပါပြီ”- ဟု စဝ်ဟေမာသိုက်ကပြောသည်။

ညောင်ရွှေစော်ဘွားကြီးကြေးသွန်းရုပ်ထုထွင်းထုရေးအတွက် ပြီးခဲ့သည့်နှစ် နို၀င်ဘာလ ၂၁ ရက် စော်ဘွားကြီး နတ်ရွာစံခြင်း ၅၅ နှစ်ပြည့် အောင့်မေ့ဖွယ် ဆွမ်းကပ်အလှူပြုရာတွင် ညောင်ရွှေဟော်နန်းတည်တ့ံ ခိုင်မြဲရေး ကော်မတီမှ ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါကော်မတီမှ ကြေးသွန်းရုပ်ထု ဖြစ်မြောက်ရေး ကော်မတီထပ်မံဖွဲ့စည်းလိုက်ကြောင်း စဝ်ဟေမာသိုက်က ဆိုပါသည်။

ကြေးသွန်းရုပ်ထုအား စော်ဘွားကြီး၏ အောက်တိုဘာလတွင်ကျရောက်မည့် မွေးနေ့မတိုင်ခင် စိုက်ထူနိုင် ရန်စီစဉ်ထားကြောင်း ညောင်ရွှေဟော်နန်းတည်တ့ံခိုင်မြဲရေးဒုဥက္ကဌ၊ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဝင် ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကပြောသည်။

စော်ဘွားကြီးရဲ့ အုဋ်ဂူနားမှာလုပ်မယ်ဆိုတာက အဲဒီနေရာက ဟော်ဟောင်းနေရာလေ။ အခုဟော်က ဟော်သစ်နေရာလေ။ အဲ့မှာက စိတ်ဝင်စားစရာလည်းသိပ်မရှိဘူးလားလို့။ အဟောင်းနေရာကျတော့ လူတိုင်းဝင်ဖြစ်ကြတယ်လေ။ ဖြတ်သွားဖြတ်လာပေါ့။ အုဋ်ဂူက အရင်ဟော်ဟောင်းနေရာနဲ့ မျက်နှာချင်း ဆိုင်ဘဲလေ။ ဟော်အသစ်မှာလည်း လုပ်ဖို့အစီအစဉ်ရှိတယ် ။ ရံပုံငွေရရင်နောက်တခု ထပ်လုပ်မယ်။ ဟော်သစ်မှာထားဖို့ပေါ့ – ဟု ပြောဆိုသည်။

စော်ဘွားကြီး စဝ်ရွှေသိုက်မိန့်ခွန်းပြောနေပုံ ကြေးသွန်း ရုပ်ထုကို အမြင့် ၉ ပေပြုလုပ်ရန် စီစဉ်ထားပြီး သမ္မတကြီး၏ အုဋ်ဂူ ရှေ့တွင် ထားရှိမည်ဖြစ်ပြီး သျှမ်း ၊ မြန်မာ ၊ အင်္ဂလိပ် ဘာသာ (၃) မျိုးဖြင့် မော်ကွန်းကျောက်စာရေးထိုးသွားမည်ဖြစ် ကြောင်း ဦးနေမျိုး ကပြောသည် ။

“မြန်မာနိုင်ငံရဲ့ပထမဆုံးသောသမ္မတလည်းဖြစ် တဲ့ညောင်ရွှေစော်ဘွားကြီးဟာ ပင်လုံစာချုပ်လက်မှတ်ရေး ထိုးစဉ်ကလည်းအဓိက ဦးဆောင်ပါ၀င်ခဲ့သလို ညောင်ရွှေမြို့သူမြို့သားများအတွက်ဆည်မြောင်းကန်ချောင်း၊ လမ်းတံတားတွေတည်ဆောက်ပေးခဲ့သူဖြစ်တဲ့အတွက် စော်ဘွားကြီးရဲ့ဂုဏ်ကျေးဇူးကို ဖော်ထုတ်ချင်လို့ပါ”- ဟု ၄င်းကဆက်ပြောသည်။

ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၈၉၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် ညောင်ရွှေစော်ဘွား အဖြစ် ဟော်နန်းတက်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ် ဂျန္နဝါရီလ ၄ ရက် ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတော် သမ္မတ ဖြစ်လာသည်။ ၁၉၄၈ ခုနှစ် မှ ၁၉၅၂ ခုနှစ် ထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၂ ခုနှစ် မှ ၁၉၅၆ ခုနှစ်အထိ လူမျိုးစု လွှတ်တော်နာယက ဖြစ်လာ သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းစဉ် သားတော် စဝ်မီ ပစ်သတ်ခံရပြီး ညောင်ရွှေစော်ဘွားကြီး အားလည်း သျှမ်းစော်ဘွားများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခြင်းခံရကာ ၁၉၆၂ နိုဝင်ဘာ ၂၁ ရက်နေ့ သက်တော် ၆၆ နှစ်တွင် နတ်ရွာစံခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စုကြီး၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီးကြေးသွန်းရုပ်ထုအား ညောင်ရွှေမြို့တွင်စိုက်ထူပွဲကျင်းပမည်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ ကြေးသွန်းရုပ်ထု သယ်ယူခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပထမ သမ္မတ ၊ အဂ္ဂမဟာ သီရိသုဓမ္မ၊ အဂ္ဂမဟာ သရေစည်သူ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ကြေးသွန်းရုပ်ထုမှာ အောက်တိုဘာလ ၁၃ ရက်နေ့က ညောင်ရွှေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း...