Thursday, April 25, 2024

တရားရင်ဆိုင်နေရသည့် ခိုလမ်တောင်သူများ ကိုယ်စားလှယ် ၅ ဦးထားရှိရေး ရုံးမှလက်ခံ

Must read

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့နယ် မြေယာပြဿနာတွင် တပ်ဘက်မှ တရားစွဲဆိုထားသည့် တောင်သူများ တရားရင်ဆိုင်နိုင်ရန်အတွက် ကိုယ်စားလှယ် ၅ ဦး ထားရှိရန် လက်ခံလိုက်ကြောင်း သိရသည်။

လွန်ခဲ့သည့် ဇွန် ၉ ရက်တွင် လယ်ယာမြေများ သိမ်းဆည်းထားသော ခိုလမ်မြို့နယ် အခြေစိုက် အမှတ် ၆၆ ခြေလျင်တပ်ရင်းသည် မြေပိုင်ရှင် တောင်သူ ၄၇ ဦးကို နမ့်စန်မြို့နယ် တရားရုံးတွင် တရားလိုအဖြစ် တရားစွဲဆိုခဲ့သည်။

ထိုထဲတွင် ကျန်းမာရေးမကောင်းသည့်သက်ကြီးပိုင်း တောင်သူတချို့ ခရီးသွားလာရန်ခက်ခဲသဖြင့် တောင်သူများကိုယ်စား တရားရင်ဆိုင်ပေးမည့် ကိုယ်စားလှယ် ၅ဦးထားရှိရန် ဇွန် ၂၉ ရက်က တောင်သူများက နမ့်စန်မြို့နယ် တရားသူကြီး ထံတင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ပြီး ဇူလိုင် ၂၁ရက် တွင် ပြန်လည်ခွင့်ပြုခဲ့ကြောင်း သိရသည်။

“ ကိုယ်စားလှယ်ပေးလိုက်တယ် ဒီတစ်ခေါက်ကတော့ ၅ ယောက်ပဲသွားရတော့မယ်။ တကယ့် လိုအပ်လာရင်တော့ အကုန်လုံးခေါ်မှာပါ” ဟု တရားစွဲဆိုခံရသည့် တောင်သူ ဦးလှထွန်း က ပြောသည်။

တရားစွဲဆိုခံရသည် ခိုလမ်တောင်သူ ၄၇ဦးသည် နမ့်စန်မြို့နယ် တရားရုံးတွင် သွားရောက် တရားရင်ဆိုင်ရကြောင်း၊ ခိုလမ်နှင့် နမ့်စန် သည် မိုင် ၃၀ ကွားဝေးသဖြင့် သက်ကြီးသည့် တောင်သူများ၊ ကျန်းမာရေးမကောင်းသည့် တောင်သူများအနေဖြင့် သွားရလာရခက်ခဲကြောင်း တောင်သူ ဦးလှထွန်း က ပြောသည်။

ဆက်လက်ပြီး ဇွန် ၂၁ရက် တွင် နမ့်စန်တရားရုံးမှ ရုံးချိန်း ၅ကြိမ်မြောက်ဖြစ်ပြီး တရားစွဲဆိုထားသည့် တရားလို တပ်ဘက်မှ ပထမဆုံး တရားရုံးသို့ လာရောက်ခဲ့ကြောင်း သိရသည်။

“ စစ်တပ်ဘက်က တစ်ယောက်လာတယ်။ကျနော်တို့ ရုံးချိန်းသွားတိုင်း အခြေနေတော့လိုက်ကြည့်နေတာ ဒီ ၂၁ ရက်နေ့တုန်းက ပုံစံ ၁၀၅ ဆိုတာ သူတို့ဟာက အလွဲလိုက်ဖြစ်နေတာလေ။ ခိုလမ်ဟာမဖြစ်ဘဲ ဟိုက်ဖတ် က ဖြစ်နေတယ်” တောင်သူ ဦးလှထွန်း ကပြောသည်။

ဟိုက်ဖတ်ကျေးရွာသည် နမ့်စန်နှင့်မိုးနဲကြားရှိ ကျေးရွာဖြစ်ပါသည်။

တောင်သူ ၆၄ ဦး ပိုင်ဆိုင်ထားသည့် မြေဧက (၁၃၅၃.၃၃) ဧက ကို နမ့်စန်မြို့နယ် ရလခ တိုင်းရုံးစိုက်ရာ ခိုလမ်မြို့နယ်ခွဲရှိ အမှတ် ၆၆ ခြေလျင်တပ်ရင်းမှ သိမ်းဆည်းခဲ့သည့်ပြီး လက်ရှိ တရားရင်ဆိုင်သည့် ကာလအတွင်း တပ်ဘက်မှ ပျိုးပင်များ လာရောက် စိုက်ပျိုးထားကြောင်း သိရသည်။

ထိုတပ်သိမ်းမြေပေါ်တွင် တောင်သူများ နှစ်ပေါင်း ၄၀ ကျော် စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး ၂၀၁၉ ခု ၈ လပိုင်းတွင်း တပ်ပိုင်မြေဖြစ်ကြောင်း တောင်သူများထံ လက်မှတ်ရေးထိုးပေးရန် အထွေထွေအုပ်ချုပ်ရေးရုံးမှ တဆင့် အစည်းအဝေး ခေါ်ယူခဲ့သည်။


လက်ရှိ သျှမ်းပြည်တဝှမ်းတွင် သျှမ်းပြည် လူထုများ၏ ဘိုးဘွားပိုင်မြေများကို တပ်မှ နေရာ အနှံသိမ်းယူမှုများကြောင်း နှစ်ပေါင်းများစွာ စိုက်ပျိုးရေး လုပ်ကိုင်ခဲ့သည့် တောင်သူများ စားဝတ်နေရေး ခက်ခဲရင်ဆိုင်မှုများ ကြုံတွေ့နေရသည်။

န်ခဲ့သည့် မေလနှောင်းပိုင်းတွင်လည်း သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင်လည်း အစိုးရတပ် နှင့် ဆီဆိုင်မြို့နယ်ကျေးရွာ ၅ ရွာမှ တောင်သူများမြေယာ အငြင်းပွားမှု ဖြစ်ပွားကာ တပ်မတော်မှ ဒေသခံ တောင်သူ ၇၀ ကျော်ကို တရားစွဲဆိုထားသည်။

Leave a Comments

- Advertisement -spot_img

Latest article