သျှမ်းခေါက်ဆွဲနှင့်ပတ်သက်သော သျှမ်းဝန်ကြီး သျှမ်းလူထုအားတောင်းပန်

သျှမ်းပြည်အစိုးရ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး က ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် သျှမ်းတိုင်းရင်းသားများအပေါ် ထိခိုက်နစ်နာစေသော ပြောဆိုရေးသားမှုအတွက် တရားဝင် ပြန်လည် တောင်းပန်ထားသည်။

မေလ ၁၈ ရက်နေ့က ၀န်ချတောင်းပန်စာ ထုတ်ပြန်ခဲ့ပြီး နောင်တွင် အလားတူဖြစ်ရပ်မျိုး မဖြစ်ပေါ်စေရေးအတွက် အလေးဂရုပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် ယခု ကိစ္စအတွက် သျှမ်းတိုင်းရင်းသားများ သက်ဆိုင်သူများအားလုံး အနူးအညွတ် တောင်းပန် ကြောင်း သျှမ်းပြည်အစိုးရ အဖွဲ့ သံယဇာတ နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ ညီညီအောင် က ထုတ်ပြန်ထားသည်။

လင်းခေးပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းဘသိန်း မှ “ဒီဟာကျတော့ သူ့ရဲ့တာဝန်ယူမှု တာဝန်ခံမှုပေါ့။ အရင်တုန်းကတော့ ဗမာမဟုတ်တဲ့ လူမျိုးကို အထင်သေးလွန်းတဲ့ ပြောခဲ့ဆိုခဲ့ ပုံစံမျိုးရှိခဲ့ပြီးတော့ အခု ပုံစံ ကျတော့ တစ်မျိုးပြောင်းသွားတာပေါ့နော်။” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

 

သို့သော် ၄င်းတောင်းပန်စာနှင့်ပတ်သက်ပြီး သျှမ်းလူငယ်များက သျှမ်းပြည်နယ်အစိုးရ၏ တံဆိပ်တုံးမပါသောကြောင့် အလေးထားမှုမရှိသောလုပ်ရပ်တခုကဲ့သို့ ဖြစ်ကြောင်း ပြောဆိုနေကြသည်။

အဆိုပါ ၀န်ကြီး၏ လူမျိုးရေးခွဲခြားမှု ပို့စ်နှင့်ပတ်သက်ပြီး လင်းခေးမြို့ နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းကာ သျှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ ကိုယ်တိုင် ကိုယ်ကျ သွားရောက် ဆွေးနွေးခဲ့ဖူးကြောင်း ၄င်းကဆိုပါသည်။

“ဒီအရေးက ကျနော်တို့ လင်းခေးတစ်ခုတည်း အရေးမဟုတ်ဘူး။ သျှမ်းတိုင်းရင်းသားတွေရဲ့ တစ်မျိုးသားလုံး နဲ့လည်း သက်ဆိုင် သလို ပြည်ထောင်စု အရေးလည်း ဖြစ်တာပေါ့။ ပြည်ထောင်စု အရေးဆောင်ရွက်ချက်တစ်ခုလို့ပဲ ကျနော်တို့ မြင်တယ်။ လွန်ခဲ့တာ ရှိခဲ့လို့ ပညာရှိပီပီ တောင်းပန်ခဲ့တယ် လို့ပဲ မြင်ပါတယ်။” ဟု လင်းခေးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘသိန်း က ပြောသည်။

ဧပြီ ၁၁ ရက်နေ့က ဝန်ကြီးဖေ့ဘုတ်စာမျက်နှာပေါ်မှာ လင်းခေးမြို့နယ်က သျှမ်းခေါက်ဆွဲ သည် သျှမ်းလူမျိုးဆိုလျှင် ၅၀၀ ကျပ် ရောင်းပေးပြီး သျှမ်းမဟုတ်သည့် လူမျိုးကို ၈၀၀ ကျပ် ရောင်းပေးခြင်းသည် လူမျိုးရေး ခွဲခြားခြင်း အစွန်းရောက်ခြင်း ဆိုသည့် ရေးသား ချက်များ ရေးသားခဲ့သည်။

“သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် မှ လင်းခေးက သျှမ်းခေါက်ဆွဲ ကိစ္စ နဲ့ ပတ်သက်ပြီး တောင်းပန်ထားတယ်။” ဟု သျှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ် စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီး ဦးစိုးညွှန့်လွင် ကပြောသည်။

ဧပြီလ ၁၁ ရက်က၀န်ကြီးတင်သော သျှမ်းခေါက်ဆွဲနှင့်ပတ်သက်သော ပို့စ်

 

၀န်ကြီး၏ ထိုသို့ ရေးသားဖော်ပြမှုသည် သျှမ်းတိုင်းရင်းသားများအပေါ် မနှစ်မြို့ဖွယ် စိတ်မချမ်းမြေ့ဖွယ် ခံစားမှု များ ဖြစ်ပေါ်စေခဲ့သည်။

 


eastern_breeze
SHARE