Sunday, May 5, 2024

သျှမ်းအစိုးရ ၀န်ကြီးတစ်ပါးရဲ့ လင်းခေးမြို့က သျှမ်းခေါက်ဆွဲတပွဲပြဿနာ

Must read

သျှမ်းပြည် တောင်ပိုင်း လင်းခေးမှာ သျှမ်းခေါက်ဆွဲဆိုင် တချို့ရဲ့ ခေါက်ဆွဲ စျေးနှုန်း နဲ့ ပတ်သက်ပြီး သျှမ်းပြည် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင် ရဲ့ လူမှု ကွန်ရက်စာမျက်နှာ (ဖေ့ဘွတ်) ပေါ် ရေးသားလိုက်တာဟာ ဒီကနေ့ ကိုးဗစ်ရောဂါထက် သျှမ်းပြည်မှာ သတင်းကြီးသွားပါတယ်။

ဒေါက်တာ ညီညီအောင် ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ – လင်းခေးမှာ သျှမ်းခေါက်ဆွဲဆိုင် တချို့ရဲ့ ခေါက်ဆွဲတပွဲ ရောင်းစျေး က ရှမ်းဆိုရင်ငါးရာကျပ်၊ ရှမ်းမဟုတ်တဲ့သူဆိုရင် ရှစ်ရာကျပ် ပါတဲ့။ လူမျိုးရေး၊ ဘာသာရေး ခွဲခြားခြင်း၊ အစွန်းရောက်ခြင်း ဟာ လောကကို ပျက်စီးစေပါတယ်။ နိုင်ငံတကာ မှာ တော့ ရှက်စရာ ကိစ္စ အဖြစ် ရှုမြင် ကြပါတယ်၊ နိုင်ငံတကာ ဝင်ဆံ့ချင်ကြရင်တော့ ဆင်ခြင်ရမယ် – ဆိုတဲ့ စာသားကို ရေးသားခဲ့ပါတယ်။

ဒေါက်တာ ညီညီအောင် ရဲ့ရေးသားမှုဟာ လူမျိုးရေးနဲ့ပတ်သက်တာကြောင့် သျှမ်းပြည်လူထု၊ သျှမ်းပြည် နိုင်ငံရေး လှုပ်ရှားသူတွေက ကန့်ကွတ်ရှုတ်ချလိုက်ပါတယ်။ ၀န်ကြီးအနေနဲ့လည်း သျှမ်းပြည် လူထုကို ပြန်တောင်းပန်ပေးဖို့လည်း ပြောဆိုလိုက်ပါတယ်။

ထို ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည် လူထု၊ သျှမ်းပြည် နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ အသံတွေကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူး က ဆက်သွယ် မေးမြန်းထားပါတယ်။

စိုင်းလိတ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး

Photo Credit to LKP

ပို့စ်ပိုင်ရှင်ဟာ သာမန်လက်လုပ်လက်စား နိုင်ငံသားတစ်ယောက် မဟုတ်ပါဘူး၊ သျှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ တာဝန်ရှိဝန်ကြီးတစ်ယောက်ဖြစ်ပြီး အခုလိုမျိုး မဖွယ်မရာ ပြောဆိုရေးသားတာကို လုံးဝရှုတ်ချပါတယ်။ အမှိုက်ကစ ပြဿာဒ်မီးလောင်ဆိုတာလို ဒီမဖွယ်မရာ ပြောဆိုမှုကနေ လူမျိုးရေးမုန်းတီးမှုအထိ ကူးစက်ကြီးထွားသွားနိုင်ပါတယ်။

ပြီးတော့ ဒါဟာ တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးဥပဒေပါ ပြဌာန်းချက်နဲ့လည်း ငြိစွန်းနိုင်ပါတယ်။

ဒါကြောင့် ကာယကံရှင်ဟာ သူ့ပို့စ်ကို တိုးတိုးတိတ်တိတ် ပြန်ဖျက်ပစ်ရုံနဲ့ တာဝန်မကျေပါဘူး။ သူအမှားလုပ်မိကြောင်း ထိခိုက်နစ်နာသူ လင်းခေးသားတွေကိုရော၊ သျှမ်းလူမျိုးထုကိုပါ ကျေလည်အောင် တရာဝင်တောင်းပန်ဖို့ လိုအပ်ပါတယ်။

ကိုမိုး သျှမ်းပြည် နိုင်ငံရေး လေ့လာ သုံးသပ်သူ

Photo Credit to Ko Moe

တကယ်တမ်းပြောရရင် အစိုးရအဖွဲ့ က တာဝန်ရှိတဲ့ ဝန်ကြီးက ဒီကိစ္စက ခေါက်ဆွဲတစ်ပွဲ စျေးနှုန်း တက်ခြင်း မတက်ခြင်း စျေးနှုန်းများခြင်း မများခြင်း က ကိစ္စမဟုတ်ဘူးဗျ။ အဓိက က လူမျိုးရေးပေါ်မှာ အစွဲယူပြီးတော့မှ ပြောဆိုရေးသားချက်က ဒါက လူမျိုးရေးအရ မုန်းတီးမှုတွေ လူမျိုးရေးအရ အထင်အမြင်သေးမှုတွေ အထင်မြင်လွဲမှားမှုတွေ ဖြစ်ပေါ်စေတယ်။

ဝန်ကြီးကိုယ်တိုင်က ရေးသားတယ်လို့ပဲ ကျနော်မြင်တယ်။ အဓိက ကတော့ သျှမ်းပြည် အစိုးရ ဝန်ကြီးကိုယ်တိုင်က ပြည်ထောင်စုကိုတည်ဆောက်ပါမယ်လို့ ပြောထားတဲ့ ကိစ္စတွေကို ဝန်ကြီးကိုယ်တိုင်မျက်ကွယ်ပြုပြီးတော့ လူမျိုးစု တစ်စုကို ချိုးနှိမ်ချိုးဖဲ့ ရေးသားတယ်လို့ပဲ ကျနော် မြင်တယ်။

နောက်တစ်ခု က သူတို့ ရေးတဲ့ အရေးအသားတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲမှာ ပါတဲ့ အချက်အလက်တွေနဲ့လုံးဝ ညီညွတ်ခြင်းမရှိဘူး။ ဒါတွေကို သူ တာဝန်ခံရမယ်ဗျ။

ဒါက တိုင်းရင်းသား အချင်းချင်း သျှမ်းလူမျိုးတွေ သျှမ်း ဆိုလို့ရှိရင် စျေးလျှော့တယ်တို့ဘာတို့ ရေးတဲ့ အသုံးအနှုန်းက သူရေးသားတဲ့ အပြောအဆို အပြုအမှု အသုံးအနှုန်းက ဒါက လူမျိုးစု တစ်စုကို သွေးခွဲပြီးတော့မှ ချိုးနှိမ်တယ် ချိုးဖဲ့တယ် သူများ အထင်အမြင်သေးအောင် အထင်မြင် လွဲမှားအောင် ရေးသားတယ်လို့ပဲ ကျနော် မြင်တယ်။

နိုင်ငံရေးလှုပ်ရှားသူ သျှမ်းလူငယ်  လွိုင်ခမ်းပန်

Photo Credit to Loi Kham Pang

ကျနော်တို့ အမြင်ပြောမယ်ဆိုရင် သူကိုယ်တိုင် ဝန်ကြီးတစ်ယောက်အနေနဲ့ ကျင့်ဝတ်ရှိဖို့ လိုတယ်။ တကယ်လို့သာ ၈၀၀ ပေးပြီး စားခဲ့ရတယ်ဆိုတောင်မှ ဒီလို မရေးသင့်ဘူး။

ပြောချင်တာက သျှမ်းခေါက်ဆွဲ တစ်ပွဲရဲ့ တန်ဖိုးဆိုတာ ၈၀၀ ဆိုတာ ဘာမှပြောပ လောက်တဲ့ တန်ဖိုးမဟုတ်ဘူး။ ဒါမျိုးကျတော့ လူမျိုးချင်းကြားမှာ ပြည်နယ်မှာ ရှိတဲ့ သျှမ်းလူမျိုးတွေကို သွေးခွဲစေတဲ့ အရေးအသားလို့ ကျနော် မြင်ပါတယ်ဗျ။

တမင်ရေးသည်ဖြစ်စေ မရည်ရွယ်ပဲ ရေးသည်ဖြစ်စေ ဒီဟာက သွေးခွဲစေတဲ့ သဘောကို သက်ရောက်တယ်။

ပင်လုံ သျှမ်းလူငယ် စိုင်းဆု

Photo Credit to Juu Size

ကျနော် အမြင်မှာတော့ ဒီလိုမျိုး သျှမ်းပြည်မှာ သျှမ်းတိုင်းရင်းသားတွေ ခေါက်ဆွဲဆိုင်ဖွင့်တာ အဲ့လိုမျိုး လူမျိုးကို အခြေခံပြီးတော့ စျေးနှုန်း ကွာဟ ပြီးရောင်းတယ်ဆိုတာ ကျနော့် အတွက်တလျှောက်မကြားဖူးသေးဘူး။

ဒါမယ့် ဝန်ကြီးက ပြောလာတဲ့ အချက်လက် က အရမ်းထူးဆန်းနေတယ်။ ဘယ်လိုမှ ဖြစ်နိုင်ချေမရှိတဲ့ ကိစ္စလို့မြင်တယ်။ သူ့ဘက်က နားလည်မှု လွဲတဲ့ ကိစ္စတစ်ခုခုရှိမယ်။

ကျနော်တို့ဆီမှာ အဲ့လိုမျိုး တိုင်းရင်းသားဒေသတွေမှာ ခေါက်ဆွဲရယ် မဟုတ်ပါဘူး ဘာပဲရောင်းရောင်းပဲပေါ့ ကိုယ့်လူမျိုးက ဘယ်စျေး တခြားလူမျိုးက ဘယ်စျေးဆိုတာ မရှိပါဘူး။

ဒါမျိုး ရောင်းတာကလေ ကျနော်တို့ သျှမ်းပြည်မှာ နေဖူးသမျှတော့ မရှိခဲ့ဖူးဘူး။ ဝန်ကြီးတစ်ယောက်အနေနဲ့ ဒီလိုမျိုးသွားကြုံလာတာ လူကိုယ်တိုင်ကလည်း Public မှာ တင်ထားတယ်ဆိုတော့ တော်တော်လေးကို ထူးဆန်းတဲ့ ကိစ္စပါပဲ။

ခေါက်ဆွဲဆိုင်ဆိုတာ စီးပွားရေးလုပ်တဲ့ လုပ်ငန်းတစ်ခုပါပဲ။ သူ့ရဲ့စနစ်က ဘယ်လိုပဲ ရောင်းရောင်း လူမျိုးရေး နဲ့ ပတ်သက်ပြီးတော့ ပြောစရာ ရေးစရာ ကိစ္စမရှိဘူး လို့ ကျနော် တို့ မြင်ပါတယ်။

သျှမ်းတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ SADG ဥက္ကဌ စိုင်းဆေဟန်

Photo Credit to Hso Harn

တိုင်းရင်းသားများ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေဆိုတာ ရှိတယ်။ အဲ့ ဥပဒေ ရဲ့ ပုဒ်မ ၂၄ မှာ မည်သူမျှ တိုင်းရင်းသားလူမျိုးများ မုန်းတီးခြင်း ရန်မူခြင်း စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးကို ဖြစ်ပေါ်စေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်း ရှိသော အပြုအမှုများကို မပြုလုပ်ရ အဲ့ဒီအချက်ပါလာတယ်။

ဒါကြောင့် ခဏက ဒေါက်တာညီညီအောင်ပြောတဲ့ အထဲမှာ သူက လူမျိုးရေး မုန်းတီးမှုမှာ ပါဝင် နေတဲ့အတွက်ကြောင့် ဒီ ပုဒ်မ နဲ့ ငြိစွန်းတယ်။

ဒါကြောင့် ဒေါက်တာ ညီညီအောင် ဒီပိုစ့်ကို ဖျက်ထားတယ်ဆိုတဲ့ဟာ မပြီးပြည့်စုံသေးပါဘူး။

တရားဝင်စာနဲ့ ပြည်သူတွေကို ပြန်ပြီးတော့ ဝန်ချတောင်းပန်စေချင်တယ်။ အဲ့လိုမှ မဟုတ်ရင်တော့ ဒီပြသာနာက လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။

မလိုအပ်တဲ့ ပြသနာကို ဆက်ပြီးမကြီးထွားစေဖို့ ဒေါက်တာညီညီအောင်မှာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ကြီးတစ်ယောက်အနေနဲ့ ပေါ့ပေါ့ဆဆ စာသားရေးပြီးတော့ တာဝန်ယူမှု တာဝန်ခံမှု မရှိပဲနဲ့ ဒီအတိုင်းလုပ်တယ်ဆိုတော့ ဒီပြည်သူရဲ့ ယုံကြည်မှုဟာ သူ့ပေါ်မှာ အင်မတန်မှ ယုံကြည်မှု မရှိတော့ဘူး။

နောက်ဆက်တွဲ ပြသနာလဲ ပေါ်ပေါက်လာနိုင်တယ်။ လူမျိုးရေး မုန်းတီးမှုက ပိုပြီးတော့ များလာနိုင်တယ်။

ဗမာနဲ့ သျှမ်း၊ သျှမ်း နဲ့ ဗမာဆိုပြီးတော့ အဲ့ကနေ စလာမယ်။ မလိုအပ်တဲ့ ပြသာနာတွေ ဆက်ပြီးတော့ ရှင်သန်လာမယ်။ ဒါကြောင့် ဒီပြသာနာတွေ ပြေလည်သွားအောင် ဒီလင်းခေး ပြည်သူတွေကိုလည်း ပြန်လည်ဝန်ချတောင်းပန် စေလိုတယ်။

အဓိကကတော့ သူစားတာ မစားတာ ပွဲကြီးပွဲသေး သတ်သတ်လွတ်တို့ အသားပါမပါ အဲ့ဒါ အဓိက မဟုတ်ပါဘူး။

လူမျိုးတစ်မျိုးကို မဟုတ်မမှန်စော်ကားတာကတော့ အဓိက လူမျိုးရေး ပုံစံ ဖန်တီးခြင်းဟာ အဓိကပဲ သူ့ ရဲ့ ပို်စ့်ကို သူ တာဝန်ယူရမယ်။

တာဝန်ခံရမယ် ဒါကြောင့် ဒီပြည်သူလူထုအတွက် စိတ်ကျေနပ်မှုရအောင် သူပြန်ပြီးတော့ တရားဝင် ဝန်ချတောင်းပန်စေချင်ပါတယ်။

ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း ဒါရိုက်တာ နန်းဝါနု

Photo Credit to Nang Nang Tai

ခေါက်ဆွဲ တစ်ပွဲက ၅၀၀၊ ၈၀၀ နဲ့တင်ကို ဝန်ကြီးတစ်ယောက်အနေနဲ့ စျေးကြီးတယ်ဆိုတဲ့ ကိစ္စ မဖြစ်သင့်ဘူး။

ခေါက်ဆွဲဆိုင်က များသောအားဖြင့် အသားထည့် တာနဲ့ မထည့်တာနဲ့ စျေးနှုန်းကွာသွားတဲ့ဟာတွေ ရှိတယ်။ ဘယ်ခေါက်ဆွဲပဲ ဖြစ်ဖြစ် သျှမ်းပဲရောင်းရောင်း ၊တရုတ်ပဲ ရောင်းရောင်း၊ ဗမာ ပဲရောင်းရောင်း ဒီခေါက်ဆွဲဆိုင် အနေနဲ့ အဲ့လိုမျိုး လူကြည့်ပြီး ရောင်းတယ်ဆိုတဲ့ဟာ ကျမ တစ်ခါမှတော့ မမြင်ဖူးဘူး။

ဒါပေမယ့် ဖေ့ဘုတ်ပေါ်မှာရေး လိုက်တဲ့ ပုံစံက ခေါက်ဆွဲ တစ်ပွဲကို အရင်းပြုပြီးတော့ သူက လူမျိုးရေး ခွဲခြားမှုတွေ မုန်းတီးမှု တွေ ကို နှိုးဆော််တဲ့ ပုံစံမျိုး ထွက်လာတယ်။

အဲ့ဒါတော့ စိတ်မကောင်းဘူး။ အဲ့ဒါတော့မဖြစ်သင့်ဘူး။ ခေါက်ဆွဲတစ်ပွဲနဲ့တင် ၅၀၀၊ ၈၀၀ နဲ့ တင် အဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့ ကျန်တဲ့ တိုင်းရင်းသားတွေက စိတ်ထဲ ဘယ်လိုမျိုးဖြစ်သွားတုန်း။

တိုင်းရင်းသားနယ်မြေတွေမှာ အခွန် လာကောက်သွားတာတော့ အများကြီးလာကောက်သွားတယ်။

ပြီးရင် ဘဏ္ဍရေးတွေ ခွဲတဲ့ချိန်ဆိုလို့ရှိရင် တကယ်တမ်း တိုင်းရင်းသားဒေသတွေ လုံလုံလောက်လောက်လဲ မရဘူး။ သူကောက်တဲ့ ၁၀ ရာခိုင်းနှုန်းလောက်တောင်မရဘူး ဆိုတဲ့ဟာလဲအတွေးအရကော ဖြစ်တယ်။

ဝန်ကြီးတစ်ယောက်ကနေ ပြောလိုက်တဲ့ စကားတစ်ခွန်းက နိုင်ငံရေးအဆင့်ထိကို ပိုပြီးတော့ အတွေးများစေတာပေါ့ သူ့ဟာသူ ရိုးရိုးသားသား ပြောလဲ ဖြစ်ချင်ဖြစ်မယ်။

သတိမမူပဲနဲ့ ပြောတာလဲ ဖြစ်ချင်ဖြစ်သွားမယ်။သူ့ရဲ့ စာသားက လူမျိုးရေး ခွဲခြားမှု ပုံစံလေး ဖြစ်သွား ပြီ။

တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲတာတို့ နောက်ပြီး တိုင်းရင်းသား အချင်းချင်းကနေ ဒီစားသားကို အကြောင်းပြုပြီ အချင်းချင်း ဖေ့ဘုတ်ကနေ ရေးတာ ဆဲ တာတွေ မဖြစ်သင့်ဘူးလို့ ပြောရမှာပေါ့နော်။

သူက ရိုးရိုးတာဝန်မဟုတ်တော့ သူက ဝန်ကြီးတစ်ပါး ဖြစ်နေပြီ ဝန်ကြီးတစ်ပါး အနေနဲ့ စကားပြောတာတို့ အပြောအဆို အရေးအသား အပြုအမှုတွေ သတိထားပြီးတော့ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေမှာ သူ့မှာ သတိတစ်ချက်ကလေး လွတ်သွားတာနဲ့ ဒီလိုမျိုးအခက်တွေအများကြီးဖြစ်နိုင်ပါတယ် ဆိုတဲ့ ကိစ္စရပ်လည်း သူသတိထားသင့်တာပေါ့နော်။

လူငယ်အရေး လှုပ်ရှားသူ လင်းခေး ဒေသခံ နန်းခမ်းချစ်

Photo Credit to Daw Nang Kham Chit

အဲ့ဝန်ကြီးပြောသလို ခေါက်ဆွဲရောင်းတာ လူမျိုးရေးခွဲခြားပြီးရောင်းတာတော့ တစ်ခါမှတော့ မကြုံဖူးပါဘူးရှင့်။

အရင်ခေတ်မကောင်းတုန်းကဆို ဗမာတွေကို မုန်းတယ်ဆိုတာ လက်ခံပါတယ်။ အခုနောက်ပိုင်း အကုန်လုံးပြုပြင်ပြောင်းလဲတဲ့ အနေအထားမှာ ဒီလင်းခေး မြို့သူမြို့သားတစ်ယောက်အနေနဲ့ အာမခံ ပါတယ် ရိုက်စားပြီး ခွဲခြားဆက်ဆံတာတွေ လုံးဝ မရှိပါဘူး။ တစ်ခုတော့ ရှိတာပေါ့လက်လုပ်လက်စားတွေ ခြံသမား လယ်သမားတွေ သို့မဟုတ် ကလေးတွေက ပွဲသေး ၅၀၀ လူကြီးတွေက ပွဲကြီး ၈၀၀ ဆိုတဲ့ဟာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဆိုင်ရှင်က တစ်ခါတည်းမေးတယ် ပွဲကြီးယူမလား ပွဲသေးယူမလား ဆိုတဲ့ဟာတော့ မေးပါတယ်။

ဝန်ကြီးပြောသလို ဗမာတွေက ၈၀၀ ယူပြီး သျှမ်းတွေက ၅၀၀ ရောင်းတယ်ဆိုတာတော့ လုံးဝမဖြစ်နိုင် ပါဘူး ဟုတ်လဲ မဟုတ်ပါဘူး။

သူ အဲ့လိုရေးတင်တာကို သူကိုယ်တိုင် ကိုယ်တွေကို လာပြီး ခွဲခြားဆက်ဆံ ပြနေသလိုမျိုး ခံစားရပါတယ်ရှင့်။

အကုန်လုံးလည်း စိတ်မကောင်းဖြစ်မိတယ် စိတ်လဲ တိုမိပါတယ်။ လင်းခေးသူ လင်းခေးသားတွေက အေးအေးချမ်းချမ်းနေကြတယ်။ လူမျိုးရေးမခွဲခြားပဲနဲ့ တတ်နိုင်သလောက် အကုန်လုံးကို ကူညီပေးတယ်။

ကျမ ဆို သျှမ်းစစ်စစ် တာဝန်လဲ မရှိဘူး ဌာနဆိုင်ရာလဲ မဟုတ်ဘူး။ အကုန်လုံးကို ပူးပေါင်းပြီး ကူညီနိုင်သလောက် ကူညီပေးတယ် ဘယ်သူမဆို အကုန်လုံး အဲ့စိတ်ဓာတ်တွေ ပဲရှိတယ် ခွဲခြားဆက်ဆံတယ်ဆိုတဲ့စကားက တော်တော်လေးကို ရင့်သီးလွန်းပါတယ်။ လုံးဝကိုမဟုတ်ပါဘူး အဲ့ဝန်ကြီး ကိုယ်တိုင်တာဝန်ယူ ဖြေရှင်းပေးသင့်တယ် ကျမ ထင်ပါတယ်ရှင့်။

Leave a Comments

- Advertisement -spot_img

Latest article