Thursday, April 25, 2024

ဖက်ဒရယ်အနှစ်သာရ မရှိတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး

Must read

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အဖွဲ့ဝင်တွေ တဦးပြီး တဦး နုတ်ထွက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

Photo by – Pyidaungsu Hluttaw- ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီအစည်းအဝေး

ယခုလ အတွင်းမှာ အဖွဲ့ဝင် ၃ ဦး နုတ်ထွက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ကို ယုံကြည်မှု မရှိလို့နုတ်ထွက်ကြသလို စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခန်းကဏ္ဍ မှာ ပီပြင်စွာ ပါဝင်နိုင်ခြင်း မရှိတဲ့ အတွက် နုတ်ထွက်လာခဲ့ကြတယ်လို့ ပြောဆိုကြပါတယ်။

အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (N.U.D) မှ မအူပင် အမတ် ဦးစိန်ဝင်းက စက်တင်ဘာ ၃ ရက်နေ့ကနှုတ်ထွက်ခဲ့တာဖြစ်ပြီး ရခိုင် အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင် တို့ ကတော့ စက်တင်ဘာ ၄ရက်နေ့ မှာအသီးသီးနှုတ်ထွက်ကြတာဖြစ်ပါတယ်။

အခုလိုနုတ်ထွက်မှု နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ က စက်တင်ဘာ ၄ ရက်နေ့မှာတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် တိုင်းရင်းသားတွေလိုလားတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခန်းကဏ္ဍမှာ ပီပြင်စွာ ပါဝင်နိုင်ခြင်းမရှိတဲ့အခြေအနေ ရှိနေခြင်း၊ လက်ရှိ အာဏာရ ပါတီ တည်မြဲရေး ကို သာ ရည်ရွယ်နေတဲ့အတွက် ကိုယ်စားလှယ် ၂ဦး နုတ်ထွက် လိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ရေးသားထားပါတယ်။

တိုင်းရင်းသားတွေ မျှော်လင့်နေကြတဲ့ ဖက်ဒရယ် သဘောတရား ကို ဖွဲ့စည်းပုံထဲ ထည့်သွင်း ပြင်ဆင်ဖို့ ဆိုတာ ဖြစ်မလာနိုင်တာကြောင့် နုတ်ထွက်ရတာလို့ ရခိုင် အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော က ပြောပါတယ်။

“ ပွင့်ပွင့်လင်းလင်းပြောရင် ယုံကြမှု မရှိဘူးဆိုတာကို ကျနော်တို့ရပ်တည်ချက်ကို ပြလိုက်တာပဲ။ ကျနော်တို့ မျှော်လင့်ချက်ဟာ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ဒီ ကော်မတီ ကိုလည်း ကျနော်တို့ အယုံအကြည်မရှိဘူး” ဟု ဦးဦးလှစော က ဆိုသည်။

Photo Credit to Frontier Myanmar

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် နဲ့ အသစ်ရေးဆွဲဖို့ အကြံပြုချက် ၃၇၆၅ ချက် ရှိသည့် အနက် ရခိုင် အမျိုးသားပါတီ (ANP) က အကြံပြုချက် (၈၅၈)ချက်ဖြင့် ဒုတိယ အများဆုံးအကြံပြု ခဲ့ပါတယ်။

“ ဒီအချက်တွေကိုလည်း လောလောဆယ် ပြင်လို့ရနိုင်စရာမရှိဘူး။ သွားနေတဲ့ သူတို့ရဲ့ စည်းကမ်းစည်းမျဉ်းနဲ့ကတော့ ဘာမှ ရနိုင်စရာ အကြောင်းမရှိဘူး။ ကျနော်တို့လည်း ပါဝင်နိုင်စရာ အကြောင်းမရှိတော့ဘူး” လို့ ဦးဦးလှစော က ဝေဖန် ထောက်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံ က ဖက်ဒရယ် အနှစ်သာရ ရှိတဲ့ ပြည်ထောင်စုဖြစ်မှ သာ တိုင်းရင်းသားတွေ တန်းတူညီမှုရေး နဲ့ကိုယ်ပိုင်ပြဌာန်းခွင့် ရှိကာ ပြည်တွင်းငြိမ်းချမ်းရေး ကိုလည်း အကောင်အထည်ဖော်နိုင်မယ် လို့ ဦးဦးလှစော က ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( NLD) ပါတီ က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ဆိုတဲ့အချက်နဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး အာဏာရလာခဲ့ပါတယ်။

သို့ပေမယ့် အာဏာရကာလ ၃ နှစ်ကျော်လာပြီး ၂၀၂၀ ရွေးကောက်ပွဲ ကာလ နီးစပ်လာတဲ့အတွက် ဖွဲ့စည်ပုံ ပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ တရပ်ဖွဲ့စည်းလာခဲ့တယ်လို့ လည်း နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုကြပါတယ်။

“ ဒါ့ကြောင့် ဒီလွှတ်တော်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ မဖြစ်နိုင်ဘူး။ ရွေးကောက်ပွဲနီးလို့ ထလုပ်တယ်လို့ မြင်တယ်” လို့ဦးဦးလှစော က ဝေဖန် ပြောဆိုလိုက်ပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ၄၅ဦး ပါဝင်ပြီး အများစု မှာ အာဏာရပါတီ ( NLD)ဖြစ်နေတဲ့အတွက် တိုင်းရင်းသားများ လိုလားတဲ့ အချက်ကို ပြင်ဆင်ခွင့် ရနိုင်တော့ကြောင့် တိုင်းရင်းသား ပါတီ တွေ က မျှော်လင့်ချက် ကင်းမဲ့လာကြပါတယ်။

“ NLD ကြီးစိုးတဲ့ ၄၅ ကော်မတီမှာတော့ဒီတိုင်းပဲ ဆက်သွားဖို့ရှိပါတယ်။ အဲ့တော့ NLD ကိုယ်တိုင် က သူတို့ပြင်ဆင်တဲ့ ပုံ အတိုင်း သဘောတူရင် ပြင်ဆင်သွားမယ်။ သူတို့ပြင်ဆင်တာ မဟုတ်ရင်တော့ မူလ အတိုင်းပဲ ထားရှိမယ်။ ပြင်ဆင်ပြီး ထွက်လာတဲ့ ပုံစံ ဟာ NLD မူအတိုင်းပဲ ထွက်လာဖို့ ရှိပါတယ်” လို့ သျှမ်း အမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ အတွင်းရေးမှူး စိုင်းလိတ် က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟာ NLD မူအတိုင်းပဲ သွားပြီး တခြား တိုင်းရင်းသားတွေရဲ့ ကဏ္ဍတွေ၊ တခြားတိုင်းရင်းသားတွေ နိုင်ငံရေး အာသီတ တွေ NLD က အလေးမထား ဆိုတဲ့ ပုံရိပ်က ပေါ်လာမယ် လို့လည်း စိုင်းလိတ် က ပြောပါတယ်။

“ ပြင်ဆင်ဖို့ကတော့ ကျနော်တို့လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု ပုံစံ မျိုးကတော့ ဘယ်လို မှ မျှော်လင့် စရာ အကြောင်းမရှိဘူး ” လို့ စိုင်းလိတ်က မှတ်ချက်ပြုလိုက်ပါတယ်။

ဆက်လက်ပြီး အာဏာရ ပါတီ ဖြစ်တဲ့ NLD ကိုယ်တိုင်က ပထမဆုံး အခန်းကဏ္ဍမှာ ပါတဲ့ “ တပ်မတော်သည့် အမျိုးသား နိုင်ငံရေးကို အစဉ်တစိုက် ဦးဆောင်တဲ့ အခန်းကဏ္ဍ ကနေ ရယူနေတယ်“ ဆိုတာ လုံးဝ ပြင်ဆင် ခွင့်ပြုထားကြောင်း တိုင်းရင်းသား ပါတီ တွေ က ပြောဆိုလိုက်ပါတယ်။

“ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ ပြင်ဆင်ရေး ဟာ အပေါ်ယံကြော ပြင်ဆင်တဲ့ပုံစံ အတိုင်းဖြစ်သွားမှာပါ။ NLD မူဝါဒ NLD သဘော ပဲ ဖြစ်ပါသွားမယ်လို့ ပြောလို့ရပါတယ်” လို့ စိုင်းလိတ် ကဆိုပါတယ်။

ယခုရက်ပိုင်း ၂၀၀၈ အခြေခံဥပဒေ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင်တွေ နုတ်ထွက် ခြင်းဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်နည်းလုပ်ဟန်တွေ အားလုံး လက်သင့်ခံနိုင်တဲ့ အနေအထားမျိုး မရှိဘူးလို့ ပြောလို့ရကြောင်း နိုင်ငံရေး အသိုင်းအဝန်းက ပြောပါတယ်။

လက်ရှိ ပြင်ဆင်နေတဲ့ ဖွဲ့စည်းပုံ တွေဟာ NLD ပါတီ ရဲ့့ နိုင်ငံရေး လိုအပ်ချက် အရ ပြုပြင် ဆောင်ရွက်သွားခြင်းဖြစ်တယ်လို့လည်း SNLD ပါတီ မှ စိုင်းလိတ်က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် တွေ နုတ်ထွက်ပေမယ့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ဖို့အတွက် ဆက်ပြီးကြိုးစားသွားမယ်လို့ အာဏာရ NLD ပါတီ ရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့် က ပြောဆိုလိုက်ပါတယ်။

“ ယခုလို နုတ်ထွက်တဲ့အပေါ် အထူးပြောစရာ မရှိပါဘူး။ ကျနော်တို့က ဆက်သွားမယ်။ ကျန်တဲ့ တိုင်းရင်းသား ပါတီတွေက ရှိသေးတယ်လေ။ ဖွဲ့စည်းပြင်ဖို့ကတော့ ကျနော်တို့ပါတီ အကောင်းဆုံး ကြိုးစားသွားမယ်” လို့ ဦးအောင်ကြည်ညွန့် က ဆိုပါတယ်။

ကော်မတီ အဖွဲ့ဝင် နုတ်ထွက်မှုဖြစ်နေရတဲ့ အကြောင်းရင်းကတော့ ဆွေးနွေးမှု ပြုလုပ်ရာမှာ မဲခွဲဆုံးဖြတ်တဲ့အခါ မမျှတမှုတွေရှိတဲ့အတွက် နုတ်ထွက်ရတာဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝန်း ကပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ရဲ့ အစီရင်ခံစာ ကို ၂၀၁၉ သြဂုတ် ၉ ရက် တွင် ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် အတည်ပြုခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက် နဲ့ အသစ်ပြန်ရေးဆွဲရန် အကြံပြုချက်ပေါင်းတွေ များတဲ့အတွက် ဘယ်အချိန်ပြီးစီးမယ်ဆိုတာ မသိနိုင်ခဲ့ပါဘူး။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ပြင်ဆင်ရေး အဆိုပြုချက် တွေ တင်သွင်းခြင်း၊ သဘောထားမှတ်ချက် ပြုခြင်း မရှိပေမယ့် ပြင်ဆင်ရေး ကော်မတီဝင် ၄၅ ဦးအနက် တပ်မတော် သား ၈ဦး မှ လာရောက်ထိုင်ပြီး နားထောင်ကြောင်းလည်း ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်တွေ ပြောပြချက် အရသိရပါတယ်။

“တပ်မတော်ကတော့ လောဆယ် ၄၅ဦး ကော်မတီ မှာ စောင့်ကြည့်နေတဲ့သဘောပါပဲ။ သူတို့ထွေထူးမဆွေးနွေးပါဘူး” ဦးဦးလှစော က ပြောပါတယ်။

ဖက်ဒရယ် ဝိဉာဉ် ပါတဲ့ ဖွဲ့စည်းပုံ တခု ပြင်မယ်ဆိုပါက တိုင်းရင်းသား ပါတီများ အတက်ကြွဆုံး ရှေ့ဆုံးကပါပဲ။

လက်ရှိ မှာ တိုင်းရင်းသားတွေ လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် မပါတဲ့အတွက် အနှစ်သာရ မရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လို့လည်း ပြောဆိုနေကြပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article