မိုင်းခွဲဖျက်ဆီးခံရသော ဂုတ်တွင်းတံတားအား ပြန်လည်မွမ်းမံဆောက်လုပ်ပြီးစီး

0

သျှမ်းပြည်မြောက်ပိုင်းနှင့်မန္တလေးတိုင်းနယ်စပ် နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားအား ဘေလီတံတားအဖြစ်ပြန်လည် ဆောက်လုပ်ပြီးစီးပြီးဖြစ်သဖြင့် ယနေ့ ကားများပြန်လည်ဖြတ်သန်းခွင့် ပေးနေကြောင်းသိရသည်။

Credit to Min Nyoont/ facebook- ဂုတ်တွင်းတံတားအား သြဂုတ်လ ၂၀ ရက် မွန်းလွဲပိုင်းက ကားငယ်များဖြတ်သန်းခွင့်ပေးနေပုံ

သြဂုတ်လ ၂၀ ရက် နေ့လည်ပိုင်းက ကားငယ်များ ပြန်လည်ဖြတ်သန်းနိုင်ပြီဖြစ်ပြီး တံတားခံနိုင်ဝန် ၃၆ တန်အထိ ကား များဖြတ်သန်းခွင့်ပေးကြည့်မည်ဖြစ်ကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်က သျှမ်းသံတော်ဆင့်အားပြောသည်။

“ဂုတ်တွင်းတံတား မိုင်းခွဲခံရပြီးနောက် ၀န်ကြီးချုပ်ကိုယ်တိုင်သွားကြည့်ရှုစစ်ဆေးပြီးတော့ အမြန်ဆုံး ပြန်လည် ဖွင့်လှစ် နိုင်အောင် ၊ ဆက်သွယ်မှုလမ်းကြောင်းမပြတ်တောက်အောင် ကုန်စည်စီးဆင်း မှုပြန်ကောင်း လာအောင် ဆိုပြီးတော့ တံတားအထူးအဖွဲ့များနဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့က တံတားကို ဆောင်ရွက်ခဲ့ပါတယ်။ ပေ ၂၀၀ ၊ သုံးလွှာတထပ် ဘေလီတံတားထိုးတာပြီးပါပြီ။ ပြီးရင်တော့ ၃၆ တန်အလေး ချိန်ကားတွေဖြတ်သန်း စမ်းသပ် ခွင့်ပေးမယ်။ စမ်းသပ်ပြီးရင်တော့ တံတားပေါ်ကနေ သတ်မှတ်တန်ချိန်နဲ့နီးတဲ့ ကားကြီးကားငယ်တွေကို ဖြတ်သန်းခွင့်ပေး ပါမယ်။ယာဉ်ကြောပိတ်ဆို့မှုမရှိအောင်အဲ့မှာစီမံပေးမှာဖြစ်ပါတယ်။ ” – ဟု ဦးစိုးစိုးဇော်က သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါ ဂုတ်တွင်းတံတားကို သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည်။

ဂုတ်ထိပ်တံတားသည် နောင်ချိုမြို့ တောင်ဘက်ခြမ်းတွင်တည်ရှိပြီး မြန်မာ-တရုတ် ကုန်သွယ်ရေးအတွက် တိုက်ရိုက်ဆက်သွယ်ပေးသည့် ပြည်ထောင်စုလမ်းပေါ်ရှိ အဓိကအရေးပါဆုံးတံတားတစင်းဖြစ်သည်။ ယခင်က တရက်လျှင် ယာဉ်ကြီးငယ်အစီးပေါင်း ၁ သောင်းထက်မနည်းဖြတ်သန်းသွားလာခဲ့သည့်တံတားလည်းဖြစ်ပါသည်။

Credit to Nay Myo- သြဂုတ်လ ၁၇ က မိုင်းခွဲဖျက်ဆီးခံရသော သိန္နီနှင့်ကွန်လုံအကြား နားတီး-ကွန်လုံ ဗြုန်းတောင်တံတား

သြဂုတ်လ ၁၇ ရက်မနက်ပိုင်းကလည်း သိန္နီနှင့်ကွန်လုံအကြား တံတားငယ် ၂ စင်းလည်း အလားတူ မိုင်းခွဲဖျက်ဆီးခံထားရပါသည်။ ၄င်းနှင့်ပတ်သက်ပြီး သမ္မတရုံးမှ ညွှန်ကြားရေးမှူးဦးဇော်ဌေးက အဆိုပါတံတား ၂ စင်းကိုလည်း စစ်တပ်အင်အားဖြင့် ပြန်လည်မွမ်းမံနေပြီဖြစ်ကြောင်း ပြောဆိုပါသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE