Saturday, April 20, 2024

၆၁ နှစ်မြှောက် သျှမ်းပြည်တော်လှန်ရေးနေ့

Must read

သျှမ်းပြည်လွတ်မြှောက်ရေးနှင့် သျှမ်းအမျိုးသားများအခွင့်အရေး ပြန်လည်ရရှိရေးအတွက် ၁၉၅၈ ခုနှစ် (ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လတ်ရေးရပြီး ၁၀ နှစ်အရောက်) ကစပြီး ယခု ရောက်ဆဲ၂၀၁၉ ခုနှစ်မှာ သျှမ်းပြည်တော်လှန်ရေးနေ့  ၆၁ နှစ်ရောက်ရှိခဲ့ပြီးဖြစ်သည်။

ထို့အပြင် လွန်ခဲ့တဲ့ ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့ဟာ မိမိ၏အချုပ်အခြာနယ်မြေနှင့်မိမိ အမျိုး သား၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် သျှမ်းပြည်မှာပထမဆုံး ကိုယ်ပိုင် စစ်တပ်ဖွဲ့စည်းတည်ဆောက်နိုင်ခဲ့တဲ့နေ့ဖြစ်သောကြောင့် ဒီမေလ ၂၁ ရက်နေ့ဟာ သျှမ်းပြည် တပ်မတော်နေ့၊ သျှမ်းပြည်တပ်မတော်ဖွဲ့စည်းတဲ့နေ့နှင့် သျှမ်းပြည်အမျိုးသားများ ပထမဆုံး (စည်းမျဉ်းအတိအကျရှိတဲ့စစ်တပ်) စစ်မှုထမ်းတဲ့နေ့ဖြစ်သည်ဟုလည်းဆိုနိုင်ပါသည်။

သျှမ်းပြည်တော်လှန်ရေးနေ့ (သို့) သျှမ်းပြည်တပ်မတော်နေ့ဖြစ်သည့် မေလ ၂၁ ရက်နေ့ဟာ မိမိတိုင်းပြည်နှင့်အမျိုးသားများကို ကာကွယ်စောင့်ရောက်ရန်အတွက် သျှမ်းပြည်အမျိုးသား၏ သမိုင်းဝင်တဲ့နေ့ထူးနေ့မြတ်ဖြစ်ကြောင်း သျှမ်းပြည်မျိုးဆက်သစ်များ၏နှလုံးသားထဲတွင်ထာဝရ အမှတ်ရနေစေရန်လေ့လာဆည်းပူးထားသင့်သည်။

တော်လှန်ရေး ဆိုတဲ့ဝေါဟာရမှာ လူ့ယဉ်ကျေးမှုတခုတွင် တရားမျှတမှု မရှိတဲ့အခါကာလ၌ သော်လည်းကောင်း၊ ဖိနှိပ်မှုပေါ်ပေါက်တဲ့အခါကာလ၌သော်လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကျိုးတူကိစ္စတစ်ခုကို သဘောတူကတိကဝတ်ပြုကြပြီးနောက် ကတိကဝတ်ပျက်ကွက်တဲ့အခါကာလ ၌သော်လည်းကောင်းပေါ်ပေါက်လာသော ဝေါဟာရဖြစ်သည်ဟု နိုင်ငံရေးပညာရှင်များကမှတ်ချက်ပြု ကြသည်။

ကမ္ဘာ့သမိုင်းနှင့်မြန်မာနိုင်ငံသမိုင်းကို ပြန်ပြီးလေ့လာကြည့်မယ်ဆိုရင်- ၁၈ ရာစုနှစ်လောက်က ပြင်သစ်အာဏာပိုင်များ၏မတရားဖိနှိပ်မှုကြောင့် ပြင်သစ်အလုပ်သမားများက တော်လှန်ပုန်ကန် သဖြင့် အာဏာပိုင်များအရှုံးပေးလိုက်ရပြီး နောင်တွင် ထိုမတ်လ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမား တော်လှန်ရေးနေ့(ကမ္ဘာ့အလုပ်သမားနေ့)ဖြစ်သည့် မေဒေး(May Day) ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယခင်ကဇမ္ဗူဒီပါခေါ် ယခုအိန္ဒိယနိုင်ငံသည် အုပ်ချုပ်မင်းလုပ်သောဗြိတိသျှအာဏာပိုင်များက အိန္ဒိယတိုင်းရင်းသားများ၏ယဉ်ကျေးမှုကို မတရားဖိနှိပ်ခြင်းအကြောင်းခံကြောင့် ဟိန္ဒူသူမြတ်ဖြစ် သည့်မဟတ္တမဂန္ဒီနှင့် အမျိုးသားခေါင်းဆောင်မစ္စတာဂျဝါဟရာနေရူးတို့ဦးဆောင်သော အိန္ဒိယ ပြည်သူများက အဟိံဆ(ငြိမ်းချမ်းသော)နည်းဖြင့်တော်လှန်ပုန်ကန်သည့်အတွက်ကြောင့် ၁၉၄၇ ခုနှစ်တွင်အောင်ပွဲခံရပြီးလွတ်လပ်ရေးရခဲ့ပါသည်။

တရုတ်ပြည်ကြီးမှာလဲ လော်ဝ်ကျဲန့်ခေါ် ဗိုလ်ချုပ်ကြီးကျဲန်ကေရှိတ်အစိုးရ တရုတ်ပြည်သူများကို မတရားနှိပ်ကွပ်ခဲ့မှုကြောင့် မော်ဝ်ဆီတုံး၊ ချူအင်လျိုင်းနှင့်တိန့်ရှိုဖင်တို့ဦးဆောင်သော တရုတ်ပြည် သူများက တော်လှန်ပုန်ကန်၍တိုက်ထုတ်သဖြင့် နောက်ဆုံး ၁၉၄၉ ခုနှစ်တွင်တရုတ်ပြည်သူ့တမ္မတ နိုင်ငံကိုတည်ထောင်နိုင်ခဲ့တာကမျက်မြင်ဖြစ်ပါသည်။

ကျွန်တော်တို့သျှမ်းပြည်သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုက- ယခင်ကသျှမ်းကိုးပြည်ထောင်ဖြစ် သောဆဲန်ဝီ(သိန္နီ)၊ မိန်းမစ်(မိုးမိတ်)၊ ဆီပေါ့(သီပေါ)၊ ယခုကချင်ပြည်နယ်အတွင်းရှိမိန်းကောင် (မိုးကောင်း)၊ ယခုစစ်ကိုင်းတိုင်းအတွင်းရှိ မိန်းယန်း(မိုင်းညှင်း)၊ ဆောင်ဆုပ်(သောင်သွပ်)၊ မိန်းနိုင်း (မိုးနဲ)၊ ယောင်ဟွေ့(ညောင်ရွှေ)၊ ယခုကယားပြည်နယ်ဝင်မိန်းပိုင်း(မိုးပြဲ)တို့သည် ၁၅၅၅ ခုနှစ် လောက်ကမြန်မာဘုရင်ဟံသာဝတီမင်းလက်အောက်ကျရောက်ခဲ့ပြီး ၁၉ ရာစုဝန်းကျင်အရောက် မြန်မာဘုရင်ကုန်းဘောင်မင်းဆက်ခေတ်အဆုံးမှာ မတရားဖိနှိပ်ခံရတဲ့အတွက်ကြောင့် ကိုးသျှမ်း ပြည်၏ဗဟိုဖြစ်ခဲ့ဘူးသောဆဲန်ဝီတွင် ထော်ဝ်မိန်း(ထမုန်)ခေါ် ဟိန်မျိုးနွယ်ခွန်ဆန်ဟိုင့် နှင့်ခွန်ဆန် တုန့်ဟုန်း ဆိုသူရဲကောင်းနှစ်ယောက်ခေါင်းဆောင်ပြီးသျှမ်းပြည်အမျိုးသားများက တော်လှန်ပုန် ကန်သဖြင့် ၁၈၈၁ ခုနှစ်တွင် ရတနာပုံမြန်မာဘုရင်၏အာဏာလက်အောက်မှ လွတ်မြှောက်ကာ ဗြိတိသျှစစ်တပ်လာရောက်သိမ်းပိုက်သည့် ၁၈၈၇ ခုနှစ်အထိ လွတ်လပ်သောသျှမ်းပြည်ထောင် အဖြစ်တည် ရှိလာခဲ့သည်။

ဗြိတိသျှအစိုးရမင်းများလက်အောက်ကျရောက်ခဲ့ပြီးနောက် ၁၈၉၀ ခုနှစ်တွင် အင်္ဂလိပ်မင်းများက ကိုးသျှမ်းပြည်ထောင်ကို        သွေးခွဲအုပ်ချုပ်ရေးစနစ်ဖြင့် ၃၃ ပြည်ထောင်အဖြစ်တိုးချဲ့ဖွဲ့စည်းပေး၍ ဥပဒေ ၁၀ ချက် ဖြင့်အုပ်ချုပ်မင်းလုပ်လာခဲ့သည်။ ၁၈၉၇ ခုနှစ်အရောက်တွင် သျှမ်းပြည်ထောင်ကို ဗမာပြည်နယ်နှင့်ပေါင်းစေပြီး အိန္ဒိယပြည်နှင့်ပူးပေါင်းကာအုပ်ချုပ်ခဲ့သေးသည်။ သျှမ်းပြည်ထောင် စော်ဝ်ဖ ခေါ် စော်ဘွားများက အကြိမ်ကြိမ်အရေးဆိုသည့်အတွက်ကြောင့် ၁၉၃၇ ခုနှစ်တွင် သျှမ်း ပြည်ထောင်ကို ဗမာပြည်နယ်မှခွက်ထွက်စေပြီး ယခင်ကအင်္ဂလိပ်မင်း၏လက်အောက်တွင် အစောင့်ရှောက်ခံပြည်ထောင်(Protectorate States) အဖြစ်ပြန်ထားရှိခဲ့သည်မှာ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်-ချုပ်ဆိုနိုင်သည့်ကာလအထိဖြစ်သည်။

သျှမ်းပြည်ထောင်သည် (ကချင်တောင်တန်းနှင့်ချင်းတောင်တန်းအပါအဝင်) ဗမာပြည်နှင့်ပူးပေါင်း ၍ လွတ်လပ်ရေးရယူရန် ဗြိတိသျှအစိုးရ၏ကိုယ်စားလှယ် မစ္စတာပွတ်တွမ်လီ(A.G. Bottomley) နှင့်ဒုတိယဗိုလ်မှူးကြီးရီးစ် ဝီးလ်လီယံစ်(Lt.Col.D.R. Rees Williams, MP.) ကိုသက်သေခံအဖြစ် ထားရှိပြီး-   ၁။ပြည်ထောင်စုစနစ်ဖြစ်ရမည်(၎င်းပြည်ထောင်စုစနစ်၌) ၂။တရားမျှတမှုရှိရမည် ၃။ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမည်နှင့် ၄။ခွဲထွက်လိုသည့်အခါ ခွဲထွက်နိုင်ခွင့်ရှိရမည်- ဟုပါရှိသော ပြည် ထောင်စုစိတ်ဓါတ်ကိုအခြေခံတဲ့နှုတ်ကတိ ၄ ချက် (Un-written Agreement)နှင့်အတူလွတ်လပ် သော ပြည်ထောင်စုနိုင်ငံတည်ဆောက်ရန် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝရီလ ၁၂ ရက်နေ့တွင် သမိုင်းဝင် ပင်လုံစာချုပ်ခေါ် စာဖြင့်ပင်လုံကတိကဝတ် ၉ ချက်(Written Agreement)ကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဂျန်နဝါရီလ ၄ ရက်တွင် လွတ်လပ်သောပြည်ထောင် စုမြန်မာနိုင်ငံတော်အဖြစ် လွတ်လပ်ရေးကြေညာနိုင်ခဲ့သည်။

တိုင်းပြုပြည်ပြုလွတ်တော်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အခြေခံဥပဒေရေးဆွဲတဲ့ အခါမှာ အခန်း ၁၀ ပုဒ်မ ၂၀၁-၂၀၂-၂၀၃ ၌ သျှမ်းပြည်ထောင်သည် ပြည်ထောင်စုတည်ဆောက် ရာ၌ ပြည်နယ်တစ်ခုအဖြစ်ပူးပေါင်းပါဝင်ပြီး ၁၀ နှစ်ပြည့်တဲ့အခါ ကျေနပ်နှစ်သက်မှုမရှိရင် ပြည် ထောင်စုမှခွဲထွက်လိုက ဥပဒေ၏လုပ်ထုံးလုပ်နည်းအရ ခွဲထွက်နိုင်ခွင့်ရှိစေရမည်- ဟု ထဲ့သွင်းရေး သားထားလေသည်။

ပြည်ထောင်စုတိုင်းရင်းသား (၆) ပြည်နယ်နှင့်အတူ သျှမ်းပြည်ထောင်သည် ပြည်နယ်တစ်ခုအဖြစ် ဗမာပြည်မနှင့်ပူးပေါင်းပြီး ပြည်ထောင်စုအမည်ခံ (၁၀) နှစ်နည်းပါးရောက်ရှိလာသည်အခါတွင် ပညာရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူ့အခွင့်အရေး၊ လူ့ဘဝပြန်လည်ထူထောင်ရေးနှင့်တကွ အရေးပါ ဆုံးဖြစ်သော အုပ်ချုပ်ရေးအာဏာခွဲဝေရေးစသည်များမှာ သျှမ်းပြည်အမျိုးသားများ ရည်မှန်းထား ချက်နှင့်ကိုက်ညီတာတချက်မှကျေနှပ်မှုမရှိဘဲ ၁၉၄၇ ခုနှစ်ကချုပ်ဆိုခဲ့သော ပင်လုံကတိကဝတ် ၉ ချက်ကိုလဲ ရယူစံစားခြင်းမရှိသည့်အပြင် သျှမ်းပြည်အမျိုးသားများကသာ  ဆင်းရဲမွဲတေခြင်း၊ တိုင်း ပြည်မတည်မငြိမ်ဖြစ်ခြင်းစတဲ့ရလာဒ်များကိုသာခံစားရသည်သာမက စစ်အာဏာရှင်ဆန်ဆန် ဗမာ စစ်တပ်ကကျိုးကိုင်၍ လူ့အခွင့်အရေးကျူးလွန်ဖိနှိပ်မှုခံခဲ့ရသည်။

အခွင့်အရေးဆုံးရှုံးရမှုကိုမခံနိုင်တော့သဖြင့် ၁၉၅၈ ခုနှစ်တွင် မိမိတိုင်းပြည်၏ရသင့်ရထိုက်သော အခွင့်အရေးကို          ပြန်လည်ရရှိရန်အတွက် တော်လှန်ရေးစစ်တပ်တည်ထောင်၍ တော်လှန်ပုန်ကန် လာခဲ့ရာ- နွမ်စစ်ဟန်တော်လှန်ရေးတပ်ဖွဲ့(Noom Suek Harn= NSH)ကို ၁၉၅၈ ခုနှစ်တွင်လည်းကောင်း၊ သျှမ်းပြည်လွတ်လပ်ရေးတပ်မတော်(Shan State Independence Army= SSIA )ကို ၁၉၆၀ ခုနှစ်တွင်လည်းကောင်း၊ သျှမ်းပြည်တပ်မတော်(Shan State Army= SSA  ယခုသျှမ်းပြည်မြောက်ပိုင်း ဝမ့်ဟိုင်းအခြေစိုက် SSPP/SSA)ကို ၁၉၆၄ ခုနှစ်တွင်လည်းကောင်း၊ သျှမ်းပြည်တော်လှန်ရေးတပ်မတော် (Shan United Revolutionary Army= SURA)ကို ၁၉၆၉ ခုနှစ်တွင်လည်းကောင်း၊ သျှမ်းပြည်တပ်မတော် (Mong Tai Army= MTA)ကို ၁၉၈၅ ခုနှစ်တွင်လည်းကောင်း၊ သျှမ်းပြည်တပ်မတော်(Shan State Army= SSA  ယခုသျှမ်းပြည်တောင်ပိုင်း လွယ်တိုင်းလိုင်းအခြေစိုက် RCSS/SSA)ကို ၁၉၉၆ ခုနှစ်တွင်လည်းကောင်း တည်ထောင်ဖွဲ့စည်း၍ လှုပ်ရှားလာခဲ့ရာ ၂၀၁၁ ခုနှစ်စစ်ရပ်စဲရေးကာလအထိ နှစ်ပေါင်း ၅၃ နှစ်ကြာ အောင်ခေတ်အဆက်ဆက်ဖြင့်တိုက်ပွဲဝင်လှုပ်ရှားလာခဲ့သည်။

ဥပဒေတွင်းဖက်ကလဲ သျှမ်းစော်ဘွားများနှင့် သျှမ်းပြည်အမျိုးသားခေါင်းဆောင်များက ၁၉၄၇ ခုနှစ်အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပြည်ထောင်စုစနစ်ကို ပင်လုံကတိကဝတ်အခြေပြု ဖက်ဒရယ် ပြည်ထောင်စုစနစ်(Federal Union)အဖြစ် ပြောင်းလှဲဖွဲ့စည်းရေးကို အခြားပြည်နယ်ခေါင်းဆောင် များနှင့်လက်တွဲပြီး ၁၉၆၁ ခုနှစ်တွင်ညီလာခံခေါ်ယူ၍ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ သို့သော် ထိုခေတ်စစ်ဖက်ခေါင်းဆောင်များက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လက်သင့်မခံခဲ့သည်သာမက ၁၉၆၂  မတ်လ ၂ ရက်နေ့တွင်အာဏာသိမ်း၍ ၁၉၄၈ ခုနှစ်ကဗိုလ်ချုပ်ဆောင်ဆန်းနှင့်တိုင်းရင်း သားခေါင်းဆောင်များ သွေးနှင့်ချွေးနှင့်တည်ဆောက်လာခဲ့သော ပြည်ထောင်စုစနစ်ကို ပျက်ပြား အောင်လုပ်ဆောင်ခဲ့သဖြင့် ပြည်တွင်းစစ်မီးကိုဆီလောင်း၍တိုးချဲ့လာခဲ့သည်မှာ ၂၀၁၁ ခုနှစ်အထိ ဖြစ်ပါသည်။

၁၉၅၈ ခုနှစ်ကစခဲ့သော သျှမ်းပြည်တော်လှန်ရေးဖြစ်ပေါ်ရခြင်းအကြောင်းမှာ- ၁)ပြည်ထောင်စုအစိုးရက သျှမ်းပြည်အမျိုးသားများ၏ အခွင့်အရေးကိုမတရားနှိပ်ကွပ်ခြင်း၊ ၂)ဗမာပြည်ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ပင်လုံကတိကဝတ်ကို မလိုက်နာ၍တစ်ဖက် စောင်းလုပ်ဆောင်လာခြင်း၊                                                           ၃)ဗမာ့တပ်မတော်ဖက်ကလဲ မဟာဗမာလူမျိုးကြီးဝါဒကို ကျင့်သုံးလာခြင်း စတဲ့အကြောင်း များကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။

သျှမ်းပြည်အမျိုးသားများက ကိုယ့်တိုင်းပြည်၊ ကိုယ့်ရသင့်ရထိုက်တဲ့အခွင့်အရေးများနှင့် ကိုယ့် ဘဝတည်မြဲအတွက် ကာကွယ်စောင်ရှောက်နိုင်ရန် ရရာလက်နက်စွဲကိုင်၍ စစ်တပ်ဖွဲ့စည်းကာ စတင်တော်လှန်ပုန်ကန်သောနေ့ဖြစ်တဲ့ ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့ကို သျှမ်းပြည်သားမျိုး ချစ်များနှင့် သျှမ်းပြည်တော်လှန်ရေးခေါင်းဆောင်များက သျှမ်းပြည်တော်လှန်ရေးနေ့(ကိုယ့်ရသင့် ရထိုက်သော အခွင့်အရေးများကို ပြန်လည်ရရှိရေးအတွက် တော်လှန်ပုန်ကန်ရန်စစ်တပ်တည် ထောင်ဖွဲ့စည်းသောနေ့)ဟုဆုံးဖြတ်သတ်မှတ်ပြီး နောင်လာနောက်သားသျှမ်းပြည်မျိုးဆက်သစ်များ သတိရဂုဏ်ယူ၍ ဆက်လက်တာဝန်ထမ်းဆောင်သွားနိုင်ရန် နှစ်စဉ်နှစ်တိုင်းသျှမ်းပြည်တော်လှန် ရေးနေ့ဂုဏ်ပြုပွဲကိုပြုလုပ်ကျင်းပလာခဲ့သည်မှာ ယခု ၂၀၁၉ ခုနှစ်ဆိုရင် အကြိမ်ပေါင်း ၆၁ ကြိမ် မြှောက်ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။

နောက်ဆုံးအ​နေနဲ့ သျှမ်းပြည်အမျိုးသားများ အမြဲသတိရနေစေချင်တဲ့အချက်မှာ-                       ၁။ ပင်လုံစိတ်ဓါတ်(စည်းလုံးညီညွတ်ရေးစိတ်ဓါတ်) The Spirit of Panglong  ၄ ချက် ၂။ ပင်လုံစာချုပ်(ပင်လုံကတိကဝတ်) Panglong Agreement  ၉ ချက်                             ၃) ဖက်ဒရယ်ပြည်ထောင်စုစနစ် Federal Union                                       သည်အချက်သုံးချက်ဟာ သျှမ်းပြည်အတွက်အခွင့်အရေးမဏ္ဍိုင်ဖြစ်ပြီး သျှမ်းပြည်တော်လှန်ရေးနေ့ ဖြစ်ပေါ်လာခဲ့သည့်အကြောင်းတရားများဖြစ်ကြောင်းသတိပေးရေးသားအပ်ပါသည်။

၆၁ ကြိမ်မြှောက်သျှမ်းပြည်တော်လှန်ရေးနေ့ကို ဂုဏ်ပြုလျှက် ….

 

စိုင်းပင်ခမ်း (RCSS နိုင်ငံရေးအတိုင်ပင်ခံ)

၂၀၁၉ ခုနှစ် မေလ ၂၁ ရက်

 

Leave a Comments

- Advertisement -spot_img

Latest article