အသက်ရှူသံကို နားထောင်ပါ

မင်္ဂလာပါခင်ဗျာ။

ကျနော်နာမည်က မိုးတိမ်ပါ။

ဒီတစ်ပတ် ကျနော် ပြောချင်တဲ့ အကြောင်းအရာကတော့ ကျနော်တို့တွေ နေ့တိုင်း အသက်ရှူနေကြတယ်ဆိုတာ ဟုတ်တယ်မလား။ ဒါပေမဲ့ ကျနော်တို့ရဲ့ အသက်ရှူသံကိုရော ကျနော်တို့ကိုယ်တိုင် ပြန်ပြီး နားထောင်ဖြစ်ကြရဲ့လား……။

ခင်ဗျားတို့ကတော့ ကျနော်ရဲ့ အူကြောင်ကြောင်နိုင်လှချည်လားလို့ ထင်ကောင်းထင်ကြမှာပါ။

“အသက်မရှူရင် သေမှာပေါ့” လို့လည်း ခင်ဗျားတို့က ကျနော်ကို ပြန်တုံ့ပြန်ကောင်း တုံ့ပြန်ပါလိမ့်မယ်။ ဟုတ်ပါတယ်။ ကျနော်တို့တွေ အသက်ရှူနေရတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်အသက်ရှူသံကိုကိုယ် ပြန်နားထောင်ဖို့ မေ့နေတဲ့သူတွေထဲမှာ ကျနော်လည်း တစ်ယောက်အပါအဝင်ပါပဲ။

ကျနော်တို့ရဲ့ နေ့စဉ်ဘဝကို တစ်ချက်လောက် ပြန်ကြည့်ကြည့်ပါ။ ကျောင်းသားတွေဆိုရင် မနက် အိပ်ရာနိုးလာတာနဲ့ ကိုယ်လက်သန့်ရှင်းရေးလုပ်၊ ဝေယျာဝေစ္စလုပ်၊ ကျောင်းသွား၊ စာသင်၊ အစာစား၊ ညနေဆိုရင် အိမ်ပြန်လာပြီး ကစားကြတယ်။

ညရောက်ရင် အိမ်စာရှိရင် လုပ်ကြရပြန်ရော။ တချို့ကျောင်းသားဆိုရင် ကျောင်းကနေ အိမ်ရောက်တာနဲ့ ကျူရှင်သွား၊ စာပြန်သင်နဲ့ လုံးပမ်းနေရလို့ ကစားချိန်တောင် မရှိရှာဘူး မဟုတ်လား…။

ဒီလိုပါပဲ… လုပ်ငန်းခွင်ရောက်တဲ့အခါမှာလည်း ကျနော်တို့တွေက မနက် မျက်လုံးပွင့်လိုက်တာနဲ့ ဖုန်းကို အရင်စကြည့်ကြတယ်။ မျက်လုံးပွင့်တာနဲ့ ဖုန်းမပွတ်မိအောင် ကိုယ်တိုင် ထိန်းချုပ်ပြုပြင်နေရပါတယ်။ အဲဒီကနေ စလိုက်တာနဲ့ အလုပ်ဟာ ညအချိန်ထိ မနားတမ်း ဖြစ်သွားတော့တာပါပဲ။

မနက်နဲ့ ညတင်မကပါဘူး၊ တစ်နေ့တာလုံးမှာ ကားပိတ်နေတဲ့အချိန်ပဲဖြစ်ဖြစ်၊ ကွန်ပျူတာရှေ့မှာ ဖိုင်တစ်ခု Loading တက်တာကို စောင့်နေရတဲ့အချိန်ပဲဖြစ်ဖြစ်၊ ဖုန်းထုတ်ကြည့်မယ့်အစား အသက်ရှူသံကို နားထောင်ဖို့ အခွင့်အရေးလေးတွေ ရှိနေပါသေးတယ်။

ကလေးရှိတဲ့ မိသားစုတွေဆိုရင် ပိုတောင်ဆိုးဦးမှာပါ။ ညအိပ်ချိန်ရောက်လို့ မျက်လုံးမပိတ်ခင်လေးမှာတောင် “တစ်နေကုန် အလုပ်လုပ်ရလို့ ဖုန်းတောင် မကြည့်ရသေးဘူး… ဇာတ်ကားလေး မကြည့်ရသေးဘူး… ဆိုရှယ်မီဒီယာလေး မကြည့်ရသေးဘူး” ဆိုပြီး ဖြစ်ပြန်တယ် မဟုတ်လား။

အဲဒါနဲ့ ကြည့်လိုက်တာ ည ၁၂ နာရီကျော်ပြီး သန်းခေါင်ယံအချိန်ထိ ရောက်သွားရော။ မျက်လုံးကလည်း ကြောင်တောင်တောင် ဖြစ်ပြန်ရော။

ဒီလိုနဲ့ပဲ ကျနော်တို့တွေဟာ ကမ္ဘာကြီးရဲ့ တစ်နေ့တာ လည်ပတ်မှုထဲမှာ မျောပါနေကြတာပေါ့။

အဲဒီမှာ ကျနော်တို့တွေ ကိုယ့်အသက်ရှူသံကို ပြန်နားထောင်ဖို့ အချိန်တောင် မရှိတော့တဲ့ ဘဝဖြစ်သလို၊ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့လည်း မေ့နေကြပြန်ပါတယ်။

ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် မချစ်ရင် ဘယ်သူက လာချစ်မှာလဲ။ တကယ်တော့ အသက်ရှူခြင်းဆိုတာ ဘဝရဲ့ လှိုင်းတံပိုးတွေကြားမှာ စိတ်တွေ လွင့်ပါမသွားအောင် ထိန်းပေးထားတဲ့ ကျောက်ဆူး တစ်ခုပါပဲ။

ကျနော်တို့ ကိုယ့်ကိုယ်ကိုယ်မှ မချစ်ရင် အခြားသူတွေကိုရော ဘယ်လိုမျိုး အပြည့်အဝ ချစ်နိုင်မှာလဲ။ ကျနော် ဘာတွေ ပြောနေတာလဲတောင် မသိတော့ပါဘူး။

ဒါကြောင့် ကျနော်တို့အနေနဲ့ ကိုယ့်အတွက် အချိန်အနည်းငယ်တော့ ပေးကြရအောင်ပါ။

မနက် အိပ်ရာထချိန် မျက်လုံးပွင့်လာတဲ့အခါ အသက်ရှူသံကို ခဏလောက် နားထောင်ကြည့်ပါ။

ညအိပ်ရာမဝင်ခင် မျက်လုံးမပိတ်ခင်မှာလည်း ကိုယ့်အသက်ရှူသံလေးကို ခဏလောက် နားထောင်ကြည့်ပါ။

အသက်ရှူသံကို နားထောင်ခြင်း ကောင်းကျိုး

ကိုယ့်အသက်ရှူသံကို ပြန်နားထောင်တယ်ဆိုတာ အထူးအဆန်း လုပ်ရမယ့်အရာတစ်ခု မဟုတ်ပါဘူး။

အချိန်အများကြီး ပေးဖို့လည်း မလိုပါဘူး။ မနက် အိပ်ရာထတဲ့အချိန် မိနစ်အနည်းငယ်၊ ညအိပ်ရာမဝင်ခင် မိနစ်အနည်းငယ်လောက် ကိုယ့်အသက်ရှူပုံကို သတိထားကြည့်ရုံနဲ့ စတင်လို့ရပါတယ်။

အသက်ရှူသံကို နားထောင်တဲ့အခါ အဓိကကတော့ အသက်ရှူပုံကို အတင်းအကျပ် ပြောင်းလဲဖို့ မဟုတ်ပါဘူး။ ကိုယ် ဘယ်လို အသက်ရှူနေသလဲဆိုတာကို သတိထားမိဖို့ ဖြစ်ပါတယ်။

• အသက်ရှူသွင်းတဲ့အခါ ဘယ်လိုခံစားရလဲ။

• အသက်ရှူထုတ်တဲ့အခါ ဘယ်လိုဖြစ်သွားလဲ။

• အသက်ရှူတာ မြန်နေလား၊ နှေးနေလား။

ဒီလိုလေးတွေကို အာရုံစိုက်ကြည့်နိုင်ပါတယ်။ ဒီလို အာရုံစိုက်နေတုန်းမှာ စိတ်က တခြားကို ရောက်သွားရင်လည်း စိတ်မပူပါနဲ့။ အပြစ်မတင်ပါနဲ့။

စိတ်လွင့်သွားတာကို သိလိုက်တဲ့ ခဏမှာပဲ အသက်ရှူသံဆီကို ဖြည်းဖြည်းချင်း ပြန်ခေါ်လာပေးရုံပါပဲ။

ကိုယ့်အသက်ရှူမှုအပေါ် အာရုံစိုက်ပေးခြင်းက လက်ရှိအချိန်မှာ ကိုယ်ဘာဖြစ်နေသလဲဆိုတာ ပြန်သတိထားမိစေပြီး၊ စိတ်ကို ခဏတာ အလုပ်တွေထဲကနေ ဆွဲထုတ်ဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ကျနော်တို့တွေဟာ တစ်နေ့တာလုံး ဖုန်း၊ ကွန်ပျူတာ၊ အလုပ်စားပွဲတွေပေါ်မှာ အလုပ်အပေါ် တဂျုံးဂျုံးနဲ့ အာရုံစိုက်နေရတဲ့ဘဝမှာ ကိုယ့်အသက်ရှူသံကို ပြန်နားထောင်တဲ့ မိနစ်အနည်းငယ်ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့ဖို့အတွက် ခဏတာ ရပ်နားချိန်လေး ဖြစ်ပါတယ်။

ဒါကြောင့် မနက် အိပ်ရာထတဲ့အခါ ဖုန်းကို ချက်ချင်းမကိုင်ခင် – “အခု ငါ အသက်ရှူနေတယ်” လို့ သတိထားလိုက်ပါ။

ညအိပ်ရာမဝင်ခင်မှာလည်း တစ်နေ့တာ ဖြစ်ခဲ့သမျှတွေကို ခဏဘေးဖယ်ထားပြီး ကိုယ့်အသက်ရှူသံကို နားထောင်ရင်း “အသက်ရှူသွင်းနေတယ်၊ အသက်ရှူထုတ်နေတယ်” ဆိုတာကို သတိထားကြည့်ပါ။ ဒီလောက်ပါပဲ။

အသက်ရှူခြင်းက ကျနော်တို့ မိခင်ဝမ်းဗိုက်ထဲ သန္ဓေတည်ကတည်းက လုပ်လာတဲ့အလုပ်၊ အခြေခံအကျဆုံး လုပ်ဆောင်ချက်တွေထဲက တစ်ခုပါ။

ဒါပေမဲ့ တစ်ခါတလေ ကိုယ်အလိုအလျောက် လုပ်နေတဲ့ အဲဒီအသက်ရှူမှုကို ကိုယ်တိုင် ပြန်သတိထား နားထောင်ဖို့တော့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အသက်ရှူခြင်းဟာ အတိတ်မှာ မရှိဘူး၊ အနာဂတ်မှာလည်း မရှိဘူး၊ “လက်ရှိ” မှာပဲ ရှိနေလို့ပါ။ အသက်ရှူသံကို နားထောင်တာဟာ လက်ရှိဘဝကို တန်ဖိုးထားတာပါပဲ။

သုတေသနတွေမှာလည်း အသက်ရှူနှုန်းကို နှေးကွေးစွာ ထိန်းညှိပေးခြင်းဟာ ခန္ဓာကိုယ်ရဲ့ အလိုအလျောက် အာရုံကြောစနစ်နဲ့ ဆက်စပ်ပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို လျော့ကျစေနိုင်တဲ့ အလားအလာတွေ တွေ့ရှိထားပါတယ်။

ညအိပ်ရာမဝင်ခင်မှာ ကိုယ့်အသက်ရှူသံကို ခဏတာ အာရုံစိုက်ပေးခြင်းက တစ်နေ့တာလုံး ရှုပ်ထွေးနေတဲ့ စိတ်ကို အနည်းငယ် ငြိမ်သက်စေပြီး အိပ်စက်မှုအတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအကျိုးကျေးဇူးတွေကို လူတိုင်းမှာ တူညီစွာ ရနိုင်မယ်လို့တော့ မဆိုလိုပါဘူး။

ဒါကြောင့် ကျနော်တို့အားလုံး –


• မနက်ခင်းအချိန်၊


• နေ့လယ် ထမင်းစားနားချိန်၊


• ညအိပ်ရာမဝင်ခင်အချိန်…

ဒီအချိန်လေးတွေမှာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့အနေနဲ့ ကိုယ့်အသက်ရှူသံကို ပြန်နားထောင်ဖို့ မမေ့ကြပါနဲ့။ တစ်နေ့တာလုံး အလုပ်တွေအတွက်၊ မိသားစုအတွက်၊ အခြားသူတွေအတွက် အချိန်ပေးကြပေမဲ့ ကိုယ့်အတွက်တော့ အချိန်အနည်းငယ်တောင် မပေးဖြစ်ကြတာ များပါတယ်။

တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ဆိုတာ အချိန်အများကြီး မလိုပါဘူး။ တစ်ခါတလေ ကိုယ့်အသက်ရှူသံကို ကိုယ်ပြန်နားထောင်ပေးနိုင်တဲ့ မိနစ်အနည်းငယ်လောက်နဲ့ စတင်လို့ရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ “ကျနော်တို့ အသက်ရှူနေတာကို သတိထားမိတဲ့ အချိန်တိုင်း၊ ကိုယ့်ဘဝထဲကို ကျနော်တို့ ပြန်ရောက်လာတာ ဖြစ်နိုင်လို့ပါ”။

ဒီလိုနဲ့ ကျနော်တို့ရဲ့ “ကိုယ့်အသက်ရှူသံကို ပြန်နားထောင်ကြပါ” ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် သတိပေးစကားလေးနဲ့ပဲ ဒီမှာပဲ ရပ်နားပါရစေ။ ကဲ… မနက်ဖြန် မျက်လုံးပွင့်တဲ့အခါ ဖုန်းကို အရင်မကိုင်ခင် အသက်ကို တချက်လောက် ရှူလိုက်ပါ။ ပြီးတော့ ကိုယ့်အသက်ရှူသံကို ခဏလောက် နားထောင်ကြည့်ပါ။

ရှူသွင်းနေတယ်…… ရှူထုတ်နေတယ်။

ဒီလောက်ဆိုရင် ရပါပြီ။

အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်အသက်ရှူသံကို မမေ့ဘဲ ပြန်နားထောင်ကြပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ရှေ့တစ်ပတ်မှာလည်း ပြန်ဆုံကြရအောင်။

မိုးတိမ်ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News