တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ “နှိုးစက်ကြီး” က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။

သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ “အိုက်တမ်” ဆိုတဲ့ ကြောင်လေးပေါ့။ “အိုက်တမ်” ဆိုတာ မြန်မာလိုဆိုရင်တော့ “အမဲလေး” ပေါ့။ သူ့နာမည်ပေးဖို့ စဉ်းစားခဲ့ရတာလည်း တကယ်ကို အခက်တွေ့ခဲ့ရပါတယ်။ ဒါကိုတော့ ကြောင်မွေးဖူးသူတိုင်း ကိုယ်ချင်းစာနိုင်ကြမှာပါ။

သူ့မှာ နာမည်တွေလည်း အများသား။ အရင်တုန်းကတော့ သူ့အမြီးလေးက ကောက်နေလို့ “ကောက်ကောက်” လို့ ခေါ်ခဲ့ဖူးသလို၊ မှတ်ပုံတင်ထဲမှာတော့ “ကိကိ” လို့ ရေးထားပေမဲ့ အဲဒီနာမည်နဲ့ ခေါ်တဲ့လူကတော့ မရှိသလောက်ပါပဲ။ အားလုံးရဲ့ ပါးစပ်ဖျားမှာတော့ “အိုက်တမ်” ဆိုတဲ့ နာမည်လေးကပဲ စွဲမြဲနေခဲ့တာပါ။

သျှမ်းဘာသာမှာ “အိုက်” ဆိုတာ ကောင်လေး၊ “တမ်” ဆိုတာ အမဲလို့ အဓိပ္ပာယ်ရပါတယ်။ သူ့ရဲ့ ခြေထောက်က ခြေအိတ်ဝတ်ထားသလို အဖြူရောင်လေးတွေနဲ့ နှုတ်ခမ်းမွှေးနေရာကလွှဲရင် ကျန်ခန္ဓာကိုယ်တစ်ခုလုံးက အမဲရောင်ဖြစ်နေလို့ ဒီနာမည်လေးနဲ့ သူနဲ့က အလိုက်ဖက်ဆုံးပါပဲ။

ထိုင်းနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ လူမှုစီးပွားပုံရိပ်တွေကြားမှာ အိုက်တမ်ဟာ ကျနော်အတွက်တော့ စကားမပြောတတ်ပေမဲ့ အားကိုးရတဲ့ သူငယ်ချင်းတစ်ယောက်လို ဖြစ်နေပါတယ်။

အိုက်တမ်ဟာ သိပ္ပံနည်းကျပြောရရင် Bicolor Cat အမျိုးအစားပါ။ သူ့ရဲ့ အမည်းရောင်ကိုယ်ထည်ပေါ်မှာ အဖြူရောင် အမှတ်အသားလေးတွေ ပါတာကြောင့် တုက္ကစီဒို (Tuxedo) ဝတ်စုံ ဝတ်ထားတဲ့ သခင်လေးတပါးနဲ့ တူနေတတ်ပါတယ်။

မျိုးရိုးဗီဇအရ White Spotting Gene ကြောင့် အခုလို အရောင်စပ်နေတာဖြစ်ပြီး အခုဆိုရင် သူဟာ ဖွံ့ဖြိုးထွားကျိုင်းတဲ့ ခုနစ်ကီလိုဂရမ်ရှိ ကြောင်ကြီးတစ်ကောင် ဖြစ်နေပါပြီ။

လူတော်တော်များများက ကြောင်တွေကို အေးစက်စက်နိုင်တယ်လို့ ထင်ကြပေမဲ့ ၂၀၁၉ ခုနှစ်က Oregon State University ရဲ့ လေ့လာမှုအရ ကြောင်တွေဟာ သူတို့ပိုင်ရှင်တွေအပေါ် တကယ်ပဲ သံယောဇဉ်တွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူတွေက အဖော်မရှိရင် မနေနိုင်တဲ့ “Hypersocial” မျိုးစိတ်ဖြစ်ပေမဲ့ ကြောင်တွေကတော့ တစ်ဦးတည်း ရပ်တည်နိုင်တဲ့ “Flexibly Social” မျိုးစိတ်တွေပါ။ ဒါကြောင့် အိုက်တမ်က ကျနော်ကို ချစ်တယ်ဆိုတာဟာ သူ “ရှင်သန်ဖို့ လိုအပ်လို့” မဟုတ်ဘဲ သူ့ရဲ့ လွတ်လပ်တဲ့ ဆန္ဒအရ ကျနော့်ကို “ချစ်ဖို့ ရွေးချယ်လိုက်တာ” ဖြစ်ပါတယ်။

ဒီနေ့ခေတ် ထိုင်းနိုင်ငံရဲ့ မြို့ပြနေထိုင်မှုပုံစံမှာ အိုက်တမ်တို့လို ကြောင်လေးတွေဟာ ကလေးငယ်တွေရဲ့ နေရာကို အစားထိုး နေရာယူလာကြပါတယ်။ ဘန်ကောက်ပို့စ် သတင်းစာရဲ့ အဆိုအရ ကလေးမွေးဖွားနှုန်းဟာ စံချိန်တင် ကျဆင်းနေပြီး၊ Deloitte ရဲ့ စစ်တမ်းတွေအရ Gen Z နဲ့ Millennials လူငယ်တွေဟာ စီးပွားရေးဖိအား တွေကြောင့် မိသားစုထူထောင်ဖို့ထက် အိမ်မွေးတိရစ္ဆာန်လေးတွေကိုပဲ ပိုမိုအားကိုးလာကြတာပါ။

တကယ်တော့ ကြောင်မွေးတာဟာ စိတ်အပန်းဖြေရုံသက်သက် မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ သိသိသာသာ အထောက်အကူပြုပါတယ်။ အလုပ်ကပြန်လာလို့ မွန်းကြပ်နေချိန်မှာ အိုက်တမ်နဲ့ ၁၅ မိနစ်ကနေ နာရီဝက်လောက် ဆော့ကစားလိုက်ရုံနဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ကော်တီစော (Cortisol) ဟော်မုန်းတွေ ကျဆင်းသွားပြီး ပျော်ရွှင်မှုကိုပေးတဲ့ စီရိုတိုနင် (Serotonin) ဟော်မုန်းတွေကို မြင့်တက်လာစေပါတယ်။

လေ့လာမှုတွေအရ ကြောင်မွေးထားသူတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ အိုက်တမ်က ကျနော့်ကို အသက်ရှည်ရှည်နေနိုင်အောင် ပြုစုပေးနေတာလို့တောင် ပြောလို့ရပါတယ်။

ကျနော်နဲ့ အိုက်တမ်ဟာ တစ်ခါတလေ အိပ်ရာထဲမှာ အတူတူ ဖက်အိပ်တတ်ကြပါတယ်။ ယူကေမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရလည်း ကြောင်ပိုင်ရှင်တွေဟာ ညဘက်မှာ ပိုပြီး နှစ်ခြိုက်စွာ အိပ်ပျော်တတ်ကြတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အိုက်တမ်ရဲ့ Purring လို့ခေါ်တဲ့ “ဂျိုးဂျိုး” တုန်ခါသံလေးဟာ တကယ်ကို ထူးခြားပါတယ်။ သိပ္ပံနည်းကျ လေ့လာချက်အရ ကြောင်တွေရဲ့ အသံဟာ ကြိမ်နှုန်း ၂၀ ကနေ ၁၄၀ Hz အတွင်း ရှိတတ်ပြီး၊ ဒီလို ကြိမ်နှုန်းမျိုးဟာ လူတွေရဲ့ အရိုးနဲ့ အဆစ်အမြစ် ထိခိုက်ဒဏ်ရာရတာတွေကို မြန်မြန်သက်သာစေဖို့ အထောက်အကူပြုပေးပါတယ်။

အိုက်တမ်ရဲ့ အသံလေးဟာ ကျနော့်အတွက်တော့ စိတ်ကို အေးချမ်းစေတဲ့ တေးဂီတတစ်ခုလိုတင်မကဘဲ ခန္ဓာကိုယ်ကိုပါ ပြန်လည်ကျန်းမာစေတဲ့ ကုထုံးတစ်ခုပါပဲ။

ဒါ့အပြင် အိုက်တမ်ရှိနေလို့ အိမ်မှာ ကြွက်နဲ့ တခြားပိုးမွှားတွေကြောင့်ဖြစ်တဲ့ ရောဂါဘေးကနေလည်း ကင်းဝေးရပါတယ်။ ကျနော်အမေကတော့ အိုက်တမ်ကို ကြည့်ပြီး အမြဲစစနောက်နောက် ပြောတတ်ပါတယ်။

“အိုက်တမ်… မင်းကတော့ ကံကောင်းတာပဲ။ အလုပ်လည်း မလုပ်ရဘူး။ စားလိုက် အိပ်လိုက်ပဲ။ အီးတောင် သူများက ကျုံးပေးရသေးတယ်” တဲ့။

အမေပြောတာလည်း မှန်ပါတယ်။ နေ့စဉ်ဘဝမှာ ရုန်းကန်နေရတဲ့ လူသားတွေထက်စာရင် အချစ်ကို ခံစားနေရပြီး တစ်နေ့ကို ၁၆ နာရီလောက် ဇိမ်နဲ့ အိပ်စက်နေတဲ့ အိုက်တမ်က ပိုပြီး ကံကောင်းနေတာ အမှန်ပါပဲ။

ဒါပေမဲ့ အိုက်တမ်က ကျနော့်ကို ပြန်ပေးတဲ့ ကျန်းမာရေးဆိုင်ရာ လက်ဆောင်တွေနဲ့ စိတ်ဓာတ်ခွန်အားတွေကို နှိုင်းယှဉ်ကြည့်ရင်တော့ ကျနော်ကသာ ပိုပြီး ကံကောင်းသူလို့ ဆိုရမှာပါ။

အချုပ်အားဖြင့် ပြောရရင်တော့ “အိုက်တမ်” ဆိုတဲ့ တုက္ကစီဒိုသခင်လေးဟာ ကျနော့်အတွက် ကြောင်တစ်ကောင်ထက် ပိုပါတယ်။ သူဟာ ကျနော့်အပေါ် တကယ်ပဲ သံယောဇဉ်ကြီးတဲ့ အဖော်မွန်ဖြစ်သလို ခေတ်သစ်မြို့ပြဘဝရဲ့ ကျန်းမာရေးနဲ့ အေးချမ်းမှု သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။

တနေ့မှာ ခွဲခွာရမှာကို သိပေမဲ့ အတူရှိနေတဲ့ အချိန်လေးမှာတော့ သူ့ကို အကောင်းဆုံး ပြုစုသွားမှာပါ။ ဘာလို့လဲဆိုတော့ သူရှိနေရုံနဲ့တင် ကျနော်ရဲ့ အိမ်လေးဟာ ပိုပြီး ပြည့်စုံနွေးထွေးနေလို့ပါပဲ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News