ထိုင်းနိုင်ငံ၏ လက်ရွေးစင် တင်းနစ်ကစားသမားဟောင်း ဖြစ်သူ အသက် ၆၄ နှစ်အရွယ် မစ္စတာ နတ်သဝီး နေအိမ်အတွင်း သံသယဖြစ်ဖွယ် သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် သေဆုံးသူ၏ iPad မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ ဘဏ်အကောင့်ထဲသို့ ဘတ် ၃၀,၀၀၀ မသင်္ကာဖွယ် လွှဲပြောင်းထားသည်ကို စုံစမ်းတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
စုံစမ်းစစ်ဆေးမှုများမှတဆင့် ဇူလိုင်လ ၂၆ ရက် မနက် ၄ နာရီခွဲခန့်တွင် သေဆုံးသူ၏ iPad ရှိ မိုဘိုင်းဘဏ် အပလီကေးရှင်းမှတစ်ဆင့် ထိုင်းဘတ်ငွေ ၃၀,၀၀၀ ကို လွှဲပြောင်းထားကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ထို့အပြင် ငွေလက်ခံရရှိသည့် အကောင့်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ အကောင့်ဖြစ်နေပြီး၊ သေဆုံးသူ ပိုင်ဆိုင်သည့် ကြက်တောင်ရိုက်ကွင်းတွင် မကြာသေးမီက အလုပ်ထွက်သွားသည့် မြန်မာလုပ်သားတစ်ဦးရှိခဲ့ကြောင်း စုံစမ်းချက်များအရ တိုက်ရိုက်ဆက်စပ်မှုရှိနေကြောင်း သိရသည်။
ရဲမှူးချုပ်၏ ပြောကြားချက်အရ စုံစမ်းစစ်ဆေးမှုများတွင် အရေးပါသည့်အချက်အလက်များကို စုဆောင်းထားပြီးဖြစ်သော်လည်း လုပ်ငန်းစဉ်များ မပေါက်ကြားစေရန် အသေးစိတ် အချက်အလက်အချို့ကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ဆေးမေးမြန်းရန် ခေါ်ယူထားသူများကို “သက်သေ” အဖြစ်သာ ထိန်းသိမ်းထားပြီး တရားရုံးသို့ တရားဝင် ဖမ်းဝရမ်း လျှောက်ထားနိုင်ရန်အတွက် မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားများကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်းသိရသည်။
အာဏာပိုင်များအနေဖြင့် ယခုဖြစ်စဉ်သည် ကိုယ်ရေးကိုယ်တာ အငြင်းပွားမှု၊ လုယက်မှု သို့မဟုတ် အခြားဖြစ်နိုင်ခြေရှိသည့် အကြောင်းအရင်းမျိုးစုံတို့အား စုံစမ်းစစ်ဆေးနေပြီး ငွေလွှဲပြောင်းခံရသည့်် မြန်မာရွှေ့ပြောင်းအလုပ်သမားသည် လူသတ်မှုနှင့် တိုက်ရိုက်ဆက်စပ် ပါဝင်ခြင်း ရှိမရှိအား စစ်ဆေးနိုင်ရန် ခြေရာခံလုပ်ငန်းများဆောင်ရွက်နေကြောင်း သိရသည်။
ကိုးကား – Amarin News







Leave a Comments