ထိုင်းနိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း အလျင်အမြန်ကျဆင်းလာနေပြီး နေထိုင်စရိတ်ကြီးမြင့်လာမှုများကြောင့် မိသားစုဘဝထူထောင်ခြင်းအပါအဝင် ဘဝ၏အရေးကြီးသော ဆုံးဖြတ်ချက်များကိုပါ ရပ်ဆိုင်းလာနေကြကြောင်း ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြသည်။
ယမန်နှစ်က မွေးဖွားသူဦးရေ ခန့်မှန်းခြေ ၄၁၆,၅၀၀ ဦးသာ ရှိခဲ့သော်လည်း သေဆုံးသူဦးရေမှာ ၅၅၉,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ရာ ထိုင်းနိုင်ငံ၏ စုစုပေါင်းလူဦးရေသည် သိသာစွာ နည်းလာစေပြီး လူဦးရေဆိုင်ရာအကျပ်အတည်းများဖြစ်ပေါ်လာနေလျက်ရှိသည်။
Deloitte ၏ စုံစမ်းစစ်ဆေးချက်အရ အသက် ၁၄ နှစ်မှ ၂၉ နှစ်ဝန်းကျင်ရှိသော ဂျန်ဇီ (Generation Z) နှင့် မီလင်နီရယ် (Millennials) လူငယ်အများစုသည် အိမ်ငှားခ၊ ကလေးထိန်းစရိတ်၊ အကြွေးနှင့် အလုပ်အကိုင် မသေချာမှု စသည့် ဘဏ္ဍာရေးဆိုင်ရာ ဖိအားများကြောင့် မိသားစုတည်ထောင်ခြင်း အပါအဝင် ဘဝ၏ အဓိက ဆုံးဖြတ်ချက်များကို ဆိုင်းငံ့ထားကြကြောင်း တွေ့ရှိရသည်။
ယနေ့ခေတ်လူငယ်များအတွက် မိဘဖြစ်လာခြင်းဆိုသည်မှာ ယခင်ကလို အချိန်တန်လျှင် အလိုအလျောက်ရောက်ရှိလာမည့် ခြေလှမ်းတစ်ခုအဖြစ် မရှုမြင်ကြတော့ဘဲ စုဆောင်းငွေ၊ အချိန်နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင် အမြောက်အမြား ရင်းနှီးရမည့် ဘဝ၏ ကြီးမားသည့် စီမံကိန်းတစ်ခုအဖြစ် ရှုမြင်လာကြသည်။
အထူးသဖြင့် ဘန်ကောက်ကဲ့သို့ မြို့ကြီးများတွင် အိမ်ရာပိုင်ဆိုင်နိုင်ရေးမှာ အလုပ်စဝင်ခါစ လူငယ်များအတွက် လက်တွေ့ဘဝနှင့် အလှမ်းဝေးကွာလွန်းသည့် စိတ်ကူးယဉ်အိမ်မက်တစ်ခု ဖြစ်နေပြီး၊ လူငယ် အများစုသည် ကလေးမွေးဖွားခြင်းထက် ကြောင်နှင့် ခွေးများကိုသာ မွေးမြူရန် ပိုမိုရွေးချယ်လာကြသည်။
ယခုကဲ့သို့ အိုမင်းလာသည့် လူဦးရေများပြားလာခြင်းနှင့် လုပ်သားအင်အား ကျုံ့သွား၊ နည်းပါးလာခြင်းသည် လက်ရှိ ထိုင်းနိုင်ငံ ရင်ဆိုင်နေရသော အိမ်ထောင်မှုဆိုင်ရာ အကြွေးများနှင့် မညီမျှသော ဝင်ငွေတိုးတက်မှု ဖိအားများကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။
ထိုင်းဗဟိုဘဏ် (Bank of Thailand) က စီးပွားရေးတိုးတက်မှုသည် အသင့်အတင့်သာ ရှိနေမည်ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်တွင် ၂.၃ ရာခိုင်နှုန်းနှင့် ၂၀၂၇ ခုနှစ်တွင် ၁.၈ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ခန့်မှန်းထားသည့်အတွက် စီးပွားရေး အခြေအနေသည်လည်း ပိုမိုအကျပ်ရိုက်လာနိုင်ချေရှိသည်။
နိုင်ငံရေးသမားများနှင့် အစိုးရမှ လူဦးရေဆိုင်ရာ ပြဿနာသည် ရိုးရှင်းသော လူမှုရေးကိစ္စတစ်ခု မဟုတ်တော့ဘဲ အခွန်ရရှိမှု၊ လူမှုဖူလုံရေး ကုန်ကျစရိတ်၊ လုပ်သားထောက်ပံ့မှုနှင့် နိုင်ငံတကာ ယှဉ်ပြိုင်နိုင်စွမ်းတို့နှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း သတိပြုလာသည်။
အစိုးရ၏ “မွေးဖွားမှုတိုင်းသည် အရေးကြီးသည်” (Every Birth Matters) ဆိုသော ဆောင်ပုဒ်များနှင့် လှုပ်ရှားမှုများသည် လက်တွေ့ကျသော ကလေးထိန်းစရိတ်နှင့် အိမ်ငှားခ ဖိအားများကို မကာမိနိုင်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။
Gen Z ခေါ် လူငယ်အသိုင်းအဝိုင်း၏ တောင်းဆိုချက်များအရ နိုင်ငံတော်အနေဖြင့် မွေးဖွားနှုန်း ပြန်လည်မြင့်တက်လာစေရန်အတွက် ပထမဦးစွာ ပိုမိုကောင်းမွန်သော လုပ်ခလစာ၊ ပိုမိုလုံခြုံသော အလုပ်အကိုင်၊ တန်ဖိုးသင့် အိမ်ရာ၊ ကလေးထိန်းပံ့ပိုးမှုနှင့် ကလေးပြုစုပျိုးထောင်ခြင်းကို ခေတ်သစ်လုပ်ငန်းခွင်ဘဝနှင့် ကိုက်ညီအောင် လုပ်ဆောင်ပေးနိုင်မည့် လက်တွေ့ကျသော မူဝါဒများကို အရေးတကြီး ချမှတ်ပေးရန် လိုအပ်နေကြောင်း သိရသည်။
ကိုးကား – Bangkok Post







Leave a Comments