“ သင်္ဘောသီးထောင်း” နိုင်ငံဟု လူသိများပြီး ထိုင်းနိုင်ငံတွင် သင်္ဘောသီးထောင်းထဲထည့်သော ငါးပိစိမ်းကြောင့် အသည်းကင်းဆာကိုဖြစ်စေနိုင်သည့် ကပ်ပါးပိုးကို ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါ အသည်းကင်ဆာဖြစ်စေနိုင်သည့် ကပ်ပါးပိုးများသည် ထိုင်းနိုင်ငံ၏ နာမည်ကြီး သင်္ဘောသီးထောင်း ထဲထည့်စားသော ငါးပိစိမ်း (Pla ra) ကိုအသုံးပြုမှုကြောင့် ဖြစ်ပေါ်လာကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မဟာစာရခမ်း တက္ကသိုလ် (Mahasarakham University) မှ ပထမနှစ်ကျောင်းသား ၁၂,၇၃၃ ဦးအနက် ၄,၂၃၃ ဦး နှင့် ရာချပတ် တက္ကသိုလ်မှ ကျောင်းသား ၁,၉၂၂ ဦးအနက် ၃၈၀ ဦး တို့တွင် အသည်းကင်ဆာဖြစ်စေနိုင်သည့် အသည်းတွင်းကပ်းပါးကောင် (Liver fluke) ကူးစက်ခံရမှုများ စိုးရိမ်ဖွယ်ရာတွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။
ထိုစစ်ဆေးမှုသည် မကြာသေးမီနှစ်များအတွင်းက တီထွင်ထုတ်လုပ်ထားသည့် ရောဂါစစ်ဆေးမှု နည်းလမ်းတစ်ခု ဖြစ်သည့် ဆီးအတွင်းမှတစ်ဆင့် ပဋိပစ္စည်း ရှာဖွေသည့်စစ်ဆေးမှု ကိရိယာများ (Urinary antigen test kits – UATs) ကို အသုံးပြုခြင်းကြောင့် ကူးစက်ရောဂါအားရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိ ပိုးတွေ့ရှိမှုနှုန်းသည် အဆိုပါခရိုင်အတွင်းရှိ လူထုအကြား ပျမ်းမျှကူးစက်မှုနှုန်း ၁၁ ရာခိုင်နှုန်းထက် များစွာမြင့်မားနေသဖြင့် ကျန်းမာရေးအရာရှိများက စိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။
ယခုဖြစ်စဉ်ကြောင့် ထိုတက္ကသိုလ်နှစ်ခုအနီးရှိ သင်္ဘောသီးထောင်းဆိုင်များနှင့် အီဆန်ရိုးရာငါးပိကောင် (ပလရော်) အသုံးပြုသည့် ဆိုင်များအားလုံးကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။
ဘေးကင်းလုံခြုံမှု အတွက် စစ်ဆေးပြီးသော စားသောက်ဆိုင်များအား “ဘေးကင်းသည်” ဟု အတည်ပြုထားသည့် ဆိုင်းဘုတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) ၏ ဆေးပညာဆိုင်ရာ လမ်းညွှန်ချက်များအရ အသည်းတွင်း ကပ်ပါးကောင် ကူးစက်မှု (Opisthorchiasis) သည် ကပ်ပါးကောင် သားလောင်းများပါရှိသော ငါးသိုင်းမျိုးရင်းဝင် အကြေးခွံဖြူ ရေချိုငါးများကို အစိမ်း သို့မဟုတ် မကျက်တကျက် စားသုံးခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။
၎င်းကပ်ပါးကောင်သည် ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားလျှင် သည်းခြေပြွန်များအတွင်း၌ ရှင်သန်နေထိုင်ပြီး နာတာရှည်ရောင်ရမ်းမှုများကို ဖြစ်ပေါ်စေကာ (Cholangiocarcinoma) ဟုခေါ်သည့် သည်းခြေပြွန်ကင်ဆာ ဖြစ်ပွားမှုအန္တရာယ်ကို မြင့်တက်စေသည်။

ယခုရောဂါသည် ချက်ချင်း မသိသာသော်လည်း နောင် ၁၅ နှစ် သို့မဟုတ် အနှစ် ၂၀ ကြာသည့်အခါတွင် ကုသရန်ခက်ခဲပြီး သေဆုံးမှုနှုန်းမြင့်မားသည့် သည်းခြေပြွန်ကင်ဆာအသွင်ဖြင့် ပေါ်ထွက်လာတတ်ကြောင်း မဟာရတ် နခွန်ရာချာသီမာ ဆေးရုံ၏ ဒုတိယညွှန်ကြားရေးမှူးက သတိပေးထားသည်။
ထို့ပြင် အများစု နားလည်လွဲမှားနေကြသကဲ့သို့ ငါးစိမ်းကို သံပရာရည်ညှစ်ခြင်း၊ ဆားနယ်ခြင်း၊ အချဉ်ဖောက်ခြင်း သို့မဟုတ် ငံပြာရည်တွင် စိမ်ထားခြင်းတို့သည် ကပ်ပါးကောင်များကို မသေစေနိုင်ကြောင်း ကျန်းမာရေး ပညာရှင်များက ထောက်ပြကြသည်။
သို့သော်လည်း ပိုးကူးစက်မှုနှုန်း မြင့်မားနေခြင်းအတွက် ငါးပိကောင်ကို စနစ်တကျ သန့်ရှင်းသော စံနှုန်းများနှင့် ထုတ်လုပ်ပြီး မစားသုံးမီ ဆူအောင်ပြုတ်ထားမည်ဆိုပါက ကူးစက်နိုင်ခြေ အန္တရာယ် အလွန်နည်းပါးကြောင်း အကြံပြုထားသည်။
ပြည်သူများအနေဖြင့် ရေချိုငါးအစိမ်းများကို ရှောင်ရှားရန်၊ ငါးဖြင့်လုပ်သော ဟင်းလျာများကို သေချာစွာ ကျက်အောင်ချက်ရန်နှင့် ငါးစိမ်းများကို ခဏခဏစားဖူးသည့် ရာဇဝင်ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် စစ်ဆေးမှုခံယူကြရန် တိုက်တွန်းထားသည်။
ကိုးကား – Bangkok Post, The Nation Thailand







Leave a Comments