သေနတ်ကိုင်ခွင့်ရရေး ပြည်သူ့စစ်ဝင်ရန် ကျိုင်းတုံ လုပ်ငန်းရှင်များ ဖိအားပေးခံရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဒုစရိုက်သမားများလာသဖြင့် စီးပွားရေးလုပ်ငန်းရှင်များ မိမိကိုယ်ကိုယ် ကာကွယ်ရန် အတွက် လက်နက်ကိုင်ဆောင်ခွင့်ရရှိရေး အစိုးရလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များအတွင်းသို့ ဝင်ရောက်ရန် အာဏာပိုင်များက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။

ကျိုင်းတုံမြို့တွင် နေ့ခင်းလူသွား၊ လူလာများသည့်အချိန်တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့က ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် လူသတ်ခြင်းများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် မြို့ခံလုပ်ငန်းရှင်များအကြား ထိတ်လန့်မှုများ မြင့်တက်လျက်ရှိကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။ 

အဆိုပါ လုံခြုံရေးအန္တရယ်များကြောင့် ရွှေဆိုင်ပိုင်ရှင်များနှင့် စီးပွားရေးသမားအချို့က ကိုယ်ပိုင်လုံခြုံရေးအတွက် လက်နက်ကိုင်ဆောင်ခွင့်ရရှိရန် အာဏာပိုင်များကို တောင်းခံခဲ့ကြောင်း ကျိုင်းတုံမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရွှေရောင်းတဲ့သူတွေက အရမ်းစိတ်ပူနေလို့ သေနတ်ကိုင်ဆောင်ခွင့်ရဖို့ မနေ့တနေ့က သွားတင်ပြကြတယ်။ ဒါပေမယ့် ရဲတွေက ဒီအတိုင်း ပေးမကိုင်ဘူး။ တကယ်လို့ သေနတ်ကိုင်ချင်ရင် ပြည်သူ့စစ်အရင်လုပ်မှ ရမယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။ 

ကျိုင်းတုံမြို့တွင် ဇူလိုင်လ ၂ ရက်နေ့က ရဲစခန်းအနီးတွင် ပရိဘောဂဆိုင်မှ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရမှုနှင့် မေလ ၁၃ ရက်နေ့က ရွှေဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ရွှေ ၃ ပိဿာ လုယက်ခံရမှုတို့မှာ ယနေ့ထက်တိုင် တရားခံများ ဖမ်းဆီးရမိခြင်း မရှိသေးပေ။ 

ဒေသခံများ၏ ပြောပြချက်အရ ရဲတပ်ဖွဲ့သည် မြို့တွင်း၌ ကင်းစောင့်မှုများ ရှိနေသော်လည်း ထိရောက်သော ကာကွယ်မှု မပေးနိုင်ဟု ပြောကြသည်။ 

“နေ့ဘက်မှာတော့ ရဲတွေ လုံခြုံရေးလုပ်ပေးသလိုလို ရှိပေမယ့် သူတို့ပြန်သွားပြီဆိုမှ သူခိုးဓားပြတွေ လာကြတာ။ ဖြစ်လာရင်လည်း တစ်ခါမှ မဖမ်းမိဘူး။ ဆိုင်ကယ်လုခံရကာကတော့ အနည်းဆုံး တစ်ပတ်တစ်ခါ ကြားနေရတယ်” ဟု အထက်ပါ အမျိုးသားတစ်ဦးက ၎င်းတို့ ကြုံတွေ့နေရသည့် အခြေအနေကို ရှင်းပြသည်။ 

ကျိုင်းတုံမြို့တွင်း၌ တရားဥပဒေစိုးမိုးမှု လစ်ဟာနေချိန်တွင် အာဏာပိုင်များက အုပ်ချုပ်ရေးမှူးကို ဥပဒေသင်တန်းများ ပေးအပ်လျက်ရှိကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၃၈ ဦးအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းတစ်ခုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေနှင့် ခရိုင်ဥပဒေအရာရှိ ဒေါ်တင်မိုးဝင်းတို့က ကြီးမှူးဖွင့်လှစ်ခဲ့သည်။ 

သို့သော် မြေပြင်တွင်မူ ဥပဒေစိုးမိုးရေးထက် လက်နက်ကိုင်ရာဇဝတ်မှုများက မြို့ကို စိုးမိုးထားကြောင့် မြို့ခံများက ဝေဖန်ကြသည်။ 

လက်ရှိတွင် ကျိုင်းတုံမြို့၌ ညနေပိုင်းတွင် လူသူကင်းမဲ့လာပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေလဲလှယ်သူများသည် သူစိမ်းများကို အိမ်ထဲသို့ ပေးမဝင်ရဲတော့သည့်အထိ အချင်းချင်း ယုံကြည်မှု ပျက်ပြားနေကြောင်း မြို့ခံများက ပြောသည်။ 

နေ့စဉ်နှင့်အမျှ မြင့်တက်လာသော ရာဇဝတ်ဘေးနှင့် စစ်မှုထမ်းရမည့် အန္တရာယ်ရှိသော ပြည်သူ့စစ်အဖွဲ့ထဲဝင်ရန် ဖိအားပေးမှုတို့ကြားတွင် ကျိုင်းတုံမြို့ခံများမှာ အကြပ်ရိုက်လျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News