စလော့ဂိမ်းကစားသူများကို သျှမ်းတောင်တွင် စတင်ဖမ်းဆီးလာ

သျှမ်းပြည်တောင်ပိုင်းတွင် စလော့ဂိမ်းကစားသူများကို စတင်ဖမ်းဆီးလာပြီး လမ်းသွားလမ်းလာများ၏ ဖုန်းများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှ စပြီး စလော့ဂိမ်းကစားသူများကို စစ်ကော်မရှင်တပ်က ဖမ်းဆီးအရေးယူမည်ဟု တရားဝင် ကြေညာခဲ့ပြီးနောက် သျှမ်းတောင်တွင် ဖမ်းဆီးမှုများ စတင်ပြုလုပ်လာခြင်းဖြစ်သည်။

သျှမ်းတောင်ဒေသရှိ လမ်းသွား လမ်းလာများနှင့် ခရီးသွားများ၏ ဖုန်းများကို စစ်ဆေးပြီး စလော့ဂိမ်း အက်ပလီကေးရှင်း တွေ့လျှင် ဖမ်းဆီးခြင်းနှင့် ငွေကြေးဒဏ်ရိုက်မှုများ လုပ်ဆောင်နေကြောင်း တောင်ကြီးမြို့ခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုလက်ရှိ စလော့ဂိမ်းကစားတဲ့သူကို တောင်ကြီးမှာ ဖမ်းမိသူ နှစ်ဦး ရှိတယ်လို့ သိရတယ်။ များများဖမ်းဆီးသင့်တယ်၊ ဆော့တဲ့သူပဲ မဖမ်းစေချင်ဘူး ဂိမ်းကြော်ငြာတဲ့သူကိုရော အက်ပလီကေးရှင်းကိုရော ထိထိရောက်ရောက် အရေးယူသင့်တယ်။”ဟု ၎င်းအမျိုးသားက ပြောသည်။

ထို့အပြင် စလော့ဂိမ်းကစားသူများသည် လမ်းသွားလာချိန်တွင် အက်ပလီကေးရှင်းများကို ဖျက်သွားပြီး နေအိမ်ရောက်မှ ပြန်လည် Login ဝင်ရောက်ကာ ဆက်လက်ဆော့ကစားနေကြသဖြင့် ကျေးရွာ နေအိမ်အထိ စစ်ဆေးသင့်ကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

အွန်လိုင်း စလော့ဂိမ်းကစားသည့် သျှမ်းတောင် ဒေသ မြန်မာတစ်နိုင်ငံလုံးပျံ့နှံ့လျှက်ရှိပြီး အသက်အရွယ် ကျား၊မ မရွေး‌ဆော့ကစားနေကြသည်။

အများအားဖြင့် နေ့စားလုပ်သူများ ၊ဈေးသည်များနှင့် အိမ်နေ သက်ကြီးများ ကစားကြပြီး စလော့ဂိမ်းများကို နေ့စားလုပ်အားခ ထက် ဝင်ငွေပိုရနိုင်သည်ဟု ယုံကြည်ကာ ကစားလာကြခြင်းဖြစ်သည်။

“နေ့စားက တစ်နေ့ကို တစ်သောင်းနှစ်ထောင်ရတယ်။ ညနေဆို KPZ pay ဆိုင်သွားပြီး တစ်သောင်းကို ထည့်ဆော့တယ် တစ်ခါတစ်လေတော့ ငါးသောင်းလောက်ရတယ်။ တစ်ခါတလေတော့ အကုန်ရှုံးတယ်၊ အခုဆို အကြွေးတွေပါ များနေပြီ၊ အစမလုပ်မိရင် အကောင်းဆုံး ကျနော်ဆို ဖြတ်လို့ မရတော့ဘူး။”ဟု စလော့ဂိမ်းကစားသူ အမျိုးသားတစ်ဦးက ပြောသည်။

အွန်လိုင်းစလော့ဂိမ်း အများစုကို ဖေ့စ်ဘွတ်၊ ယူကျူ့ (Youtube) ၊ တယ်လီဂရမ်၊ တစ်တော့ (TikTok)နှင့် Viber အက်ပလီကေးရှင်းတို့တွင် ကြော်ငြာနေပြီး Play Store မှလည်း အလွယ်တကူ ဒေါင်းလုဒ်ရယူပြီး ကစားနိုင်ကြောင်း သိရသည်။

ကျေးရွာ အများစုတွင် တစ်ဦးနှင့်တစ်ဦး အက်ပလီကေးရှင်းများကို ကူးယူ၍ ဆော့ကစားနည်းကိုပင် သင်ပေးနေကြကြောင်း

“စလော့ဂိမ်း မဆော့တတ်တဲ့သူကိုဆို ဆော့နည်းပါ သင်ပေးတယ်၊ သူတို့က ဘယ်လောက်ဆော့ရင် ဘယ်လောက်ထိ ရတယ်ဆိုတာကိုလည်း မက်လုံးပေးတယ်၊ တစ်စနဲ့ တစ်စ ဆော့ရင်းနဲ့ အကြွေးနွံနစ်နေကြတယ်၊ ပိုင်ဆိုင်တာတွေလည်း အကုန်ရောင်းချကြတယ်၊ စီးပွားရေး အကွက်မြင်တဲ့ သူက ခြံတွေကို စျေးပေါပေါနဲ့ လာဝယ်ထားကြတယ်။”လို့ ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စလော့ဂိမ်းကြောင့် မိသားစုကြား ပြဿနာများခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုများ ပို၍ ဖြစ်လာစေကြောင်း သိရသည်။

“မိဘအမွေပေးထားတဲ့ ခြံကွက်လေးလည်း ကုန်ပြီ၊ ဆိုင်ကယ်လည်း မရှိတော့ဘူး ၊ အမျိုးသားက တစ်နေ့တစ်နေ့ အရက်သောက်လိုက် စလော့ဂိမ်းဆော့လိုက်နဲ့ ဘာအလုပ်မှ မလုပ်ဘူး၊ သူဂိမ်းရှုံးရင် ကျမတို့ သားမိကို ရိုက်နှက်သေးတယ်၊ ပိုင်ဆိုင်သမျှလည်း ကုန်ပြီ ကြာရင် ရူးဖို့ပဲ ကျန်တယ်။”ဟု ရွာငံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ကြောင့် စလော့ဂိမ်းများကို ထိထိရောက်ရောက် အရေးယူပေးစေချင်ပြီး ဆော့ကစားသူများနှင့် ကြော်ငြာသူများကိုပါ ဖမ်းဆီးပေးသင့်ကြောင်း အဆိုပါ အမျိုးသမီးက ကြံပြုပြောထားသည်။

ပြီးခဲ့သည့် မေလ (၂၁)ရက်တွင် ပင်းတယမြို့နယ် မြင်းမူး ကျေးရွာမှ မူလတန်းပြ ကျောင်းဆရာမ တစ်ဦးသည် အွန်လိုင်းစလော့ဂိမ်းကြောင့် အကြွေးများသောကြောင့် ဓားပြတိုက် ပစ္စည်းလုယက်၍ သားအမိနှစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင်လည်း ကလောမြို့နယ်မှ အွန်လိုင်း လောင်းကစား ဆော့ကစားသူ အမျိုးသား (၂)ဦးကို စစ်ကော်မရှင်လက်အောက်ခံ ရဲများက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News