Miss World Thailand 2026 အလှမယ် သျှမ်းတိုင်းရင်းသူ နမ့်ဖွန့် (Namphueng Kanteera Techaphatthanakun) သည် ယနေ့ မေလ ၂၂ ရက် မွန်းလွဲ ၃ နာရီတွင် ချင်းမိုင်မြို့သို့ ရောက်ရှိလာခဲ့သည်။
ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော အသက် ၂၅ နှစ်အရွယ် အလှမယ် နမ့်ဖွန့်အား မြောက်ပိုင်းထိုင်းရိုးရာ လန့်နားကချေသည်များက ကပြဖျော်ဖြေ ကြိုဆိုခဲ့ကြသည်။




ယခုခရီးစဉ်အတွင်း နမ့်ဖင့်သည် Moose Hotel Chiang Mai ၏ ဧည့်သည်တော်အဖြစ် တည်းခိုမည်ဖြစ်ပြီး ယနေ့ မေလ ၂၂ ရက် ညနေပိုင်းတွင် Moose Bar & Restaurant ၌ ကျင်းပမည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
သူမသည် ချင်းမိုင်မြို့တွင် ရှိနေစဉ်အတွင်း လူမှုရေးလုပ်ငန်းများအပြင် မြောက်ပိုင်းထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဖင့်သည် ထိုင်းနိုင်ငံရောက် တိုင်းယိုင်ခေါ်သျှမ်းတိုင်းရင်းသား (Tai Yai) မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး ငယ်စဉ်က နိုင်ငံမဲ့ (Stateless) ကလေးငယ်တစ်ဦးအဖြစ် ခါးသီးသော ဘဝအခက်အခဲများကို ရင်ဆိုင်ခဲ့ရသူဖြစ်သည်။
နမ့်ဖင့်သည် ပညာရေးတွင်လည်း ထူးချွန်သူဖြစ်ပြီး ချင်းမိုင်တက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာဌာန (Faculty of Medical Technology) မှ ဘွဲ့ရရှိခဲ့သည်။
၂၀၂၁ ခုနှစ်တွင် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။
လက်ရှိတွင် သူမသည် ချင်းမိုင်တက္ကသိုလ်တွင် ဆေးဘက်ဆိုင်ရာ နည်းပညာရှင် (Medical Technologist) အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး တစ်ဖက်တွင်လည်း နိုင်ငံမဲ့ကလေးငယ်များ၏ အခွင့်အရေးနှင့် အိပ်မက်များကို အကောင်အထည်ဖော်ပေးသည့် “Dare Your Dream” စီမံကိန်းကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။

ဓာတ်ပုံ – စိုင်းဟန်လင်း/ သျှမ်းသံတော်ဆင့်








Leave a Comments