ထိုင်းအမျိုးသမီးတစ်ဦးသည် နေ့စဉ်ခြင်ရိုက်ရသည့် အလုပ်ကို စိတ်ကူးသစ်ဖြင့် ပေါင်းစပ်ပြီး ခြင်အသေကောင်များဖြင့် ပြုလုပ်ထားသည့် အမှောင်ထဲတွင် အရောင်တောက်သည့် သော့ချိတ်များကို တီထွင်ရောင်းချရာမှ ဝင်ငွေအမြောက်အမြား ရရှိနေကြောင်း Khaosod သတင်းတွင် ဖော်ပြထားသည်။
“လီ” ဟု အမည်ရသည့် အမျိုးသမီးသည် TikTok တွင် ခြင်အသေကောင်များကို စုဆောင်းကာ ပလတ်စတစ်လောင်းပြီး သော့ချိတ်များအဖြစ် ပြုလုပ်ရောင်းချနေခြင်းဖြစ်သည်။
၎င်းသော့ချိတ်များတွင် ထူးဆန်းသည့် အမှတ်တရပစ္စည်းများ စုဆောင်းလိုသူများနှင့် နိုင်ငံခြားသားများအကြား အထူးရေပန်းစားနေပြီး လက်ရှိတွင် တစ်ခုလျှင် ၁၄၉ ဘတ် (မြန်မာကျပ် ၁၉,၀၀၀ ခန့်) ဖြင့် ရောင်းချလျက်ရှိသည်။
“နေ့တိုင်း ခြင်ရိုက်ရုံနဲ့တင် ကျွန်မ ပိုက်ဆံရှာနိုင်ပါတယ်” ဟုပြောသည်။ “လီ” က အမှောင်ထဲတွင် အရောင်တောက်သည့် သော့ချိတ်များအဖြစ် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ထိုသော့ချိတ်များက အခြားခြင်များကိုပင် ခြောက်လှန့်နိုင်သည်ဟု နောက်ပြောင်ပြောဆိုသည်။
၎င်းသော့ချိတ်များ ပြုလုပ်ရာတွင် ခြင်များကို ပုံမပျက်စေရန် ဂရုတစိုက်ဖမ်းယူရခြင်း၊ ဆေးစိမ်ခြင်းနှင့် စနစ်တကျ အခြောက်ခံခြင်းတို့ အပါအဝင် လုပ်ငန်းစဉ်များစွာ လိုအပ်သဖြင့် ပစ္စည်းတစ်ခုရရန် ရက်ပေါင်းများစွာ အချိန်ပေးရကြောင်း သိရသည်။
“ခြင်နမူနာတွေက အရမ်းနုနယ်တော့ ပျက်စီးသွားတာမျိုးတွေ ခဏခဏဖြစ်တတ်ပါတယ်” ဟု “လီ”က ၎င်း၏ အခက်အခဲကို ရှင်းပြသည်။
လက်ရှိတွင် ပစ္စည်းမှာယူမှု များပြားလာသဖြင့် လီသည် အခြားသူများထံမှလည်း ခြင်အသေကောင်များကို တစ်ကောင်လျှင် ၁ ဘတ်မှ ၂ ဘတ်အထိ ပေးကာ ပြန်လည်ဝယ်ယူနေရသည်။
သို့သော် မွေးမြူထားသည့်ခြင်များကို ဝယ်ယူခြင်းမရှိဘဲ သဘာဝအတိုင်း ရိုက်နှက်ဖမ်းယူထားသည့် ခြင်များကိုသာ ဝယ်ယူခြင်းဖြစ်သည်။
ဤကဲ့သို့ ထူးခြားသော စီးပွားရေးလုပ်ငန်းကြောင့် လူမှုကွန်ရက်ပေါ်တွင် လူပြောများနေပြီး၊ အခြားသူများအတွက် မိမိဝါသနာမှာ ထူးဆန်းသည်ဟု မြင်နိုင်သော်လည်း ထိုဝါသနာမှ စီးပွားဖြစ်လုပ်ကိုင်နိုင်ကြောင်း “လီ”က ပြောသည်။
ကိုးကား – Khaosod English







Leave a Comments