လာမည့် သီတင်းပတ်အနည်းငယ်အတွင်း အယ်လ်နီညို (El Niño) ရာသီဥတုဖြစ်စဉ် ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ကမ္ဘာ့အပူချိန် စံချိန်တင်မြင့်တက်မှုများနှင့်အတူ ပြင်းထန်သည့် မိုးလေဝသဖြစ်စဉ်များ ကြုံတွေ့ရနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က အရေးပေါ် သတိပေးချက် ထုတ်ပြန်သည်။
ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းတွင် ရေမျက်နှာပြင် အပူချိန်များ ထူးခြားစွာ မြင့်တက်နေသဖြင့် မေလမှ ဇူလိုင်လအတွင်း အယ်လ်နီညိုဖြစ်စဉ် စတင်ရန် သေချာသလောက် ရှိနေပြီဖြစ်ကြောင်း ဧပြီလ ၂၁ ရက်ထုတ် WMO ၏ အစီရင်ခံစာအရ သိရသည်။
ယခုဖြစ်ပေါ်လာမည့် အယ်လ်နီညိုသည် “ပြင်းထန်သော အဆင့်” သို့ ရောက်ရှိနိုင်သဖြင့် ၂၀၂၆ ခုနှစ်သည် ကမ္ဘာ့သမိုင်းတွင် အပူဆုံးနှစ်တစ်နှစ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
အယ်လ်နီညိုဆိုသည်မှာ အီကွေတာအနီးရှိ ပစိဖိတ်သမုသဒ္ဒရာ အရှေ့အလယ်ပိုင်းတွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်များ ပုံမှန်ထက်သိသိသာသာ မြင့်တက်လာပြီး ကမ္ဘာတစ်ဝန်းရှိ မိုးလေဝသနှင့် ရာသီဥတုများ ပြောင်းလဲဖောက်ပြန်စေသော သဘာဝဖြစ်စဉ်တစ်ခုဖြစ်သည်။
WMO ၏ ရာသီဥတုခန့်မှန်းရေးဆိုင်ရာ အရာရှိချုပ် ဝီလ်ဖရန် (Wilfran Moufouma-Okia) က ထိုဖြစ်စဉ်သည် လာမည့်လများတွင် ပိုမိုအားကောင်းလာမည်ဖြစ်ရာ နိုင်ငံတကာအစိုးရများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍများတွင် ထိခိုက်မှု၊ ရေရှားပါးမှုနှင့် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များကို လျှော့ချနိုင်ရန် ကြိုတင်ကာကွယ်ရေး အစီအမံများကို အမြန်ဆုံး အကောင်အထည်ဖော်ကြရန် ကျွမ်းကျင်သူများက တိုက်တွန်းထားသည်။
အယ်လ်နီညို၏ ရိုက်ခတ်မှုကြောင့် ကမ္ဘာ့ဒေသအများစုတွင် ပုံမှန်ထက် ပိုမိုပူပြင်းမည်ဖြစ်ပြီး အထူးသဖြင့် ဥရောပ၊ မြောက်အာဖရိကနှင့် အမေရိကတိုက် အချို့ဒေသများတွင် ပြင်းထန်သော အပူလှိုင်းများ၊ ကာလရှည် မိုးခေါင်မှုများနှင့် တောမီးဘေးအန္တရာယ်များကို ရင်ဆိုင်ရနိုင်ဖွယ် ရှိသည်။ တစ်ချိန်တည်းမှာပင် အချို့သော ဒေသများ၌ မိုးရွာသွန်းမှုပုံစံ မမှန်ခြင်းကြောင့် ကပ်ဘေးဖြစ်နိုင်သည့် ရေကြီးရေလျှံမှုများလည်း ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။
ဧပြီလအတွင်း ၎င်းလက္ခဏာရပ်များကို ဖော်ထုတ်နိုင်ခြင်းကြောင့် နိုင်ငံတကာ အစိုးရများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ရေရှားပါးမှု၊ စိုက်ပျိုးရေးကဏ္ဍများတွင် ထိခိုက်မှုနှင့် အပူရှိန် အလွန်အမင်းပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
ယခုဖြစ်ပေါ်လာမည့် အယ်လ်နီညိုသည် ယခုဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံး ရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်လာနိုင်သဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အထူးသတိပြု စောင့်ကြည့်ကြရန်လည်း တိုက်တွန်းထားသည််။
ကိုးကား – Thai PBS / WMO







Leave a Comments