“၁၀၂၇ စစ်ဆင်ရေး”ပြီးနောက် နယ်မြေထိန်းချုပ်မှုအောက်မှ ဆိုင်းဘုတ်ဖျက်ဆီးမှု

“၁၀၂၇ စစ်ဆင်ရေး”ပြီးနောက် ညီနောင်မဟာမိတ်တပ်များ၏ နယ်မြေထိန်းချုပ်မှုအောက်တွင် သက်ဆိုင်ရာ ဌာနေ တိုင်းရင်းဘာသာစကားဖြင့် ရေးသားထားသည့် မြို့ရွာဆိုင်းဘုတ်များ ဖျက်ဆီးခံနေရကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာများတွင် တအာင်း(ပလောင်)စာဖြင့် ရေးသားပြီး နောက်ခံတွင် တအာင်း(ပလောင်)အလံအတိုင်း ခြယ်သထားသော ရွာအဝင်ဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ (MNDAA) မှ ဆေးရောင်ပြောင်းလဲလိုက်ကြောင်း ဒေသခံ ပြောဆိုချက်အရ သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA အလုံးစုံ ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် ဧပြီလ ပထမပတ်မှ စတင်ပြီး ကျေးရွာများရှိ တအာင်း(ပလောင်)စာဖြင့် ရေးသားပြီး နောက်ခံတွင် တအာင်း(ပလောင်) အလံအတိုင်း ခြယ်သထားသော ရွာအဝင်ဆိုင်းဘုတ်များကို ကိုးကန့်တပ်သားများမှ အဖြူရောင်ဖြင့် လိုက်လံဆေးခြယ် ပြောင်းလဲလိုက်ကြောင်း ဒေသခံများက ပြောသည်။

“ရှေ့နှစ်ရက် သုံးရက်က ပလောင်အလံ ဆေးသုတ်ထားတဲ့ ဆိုင်းဘုတ်တွေကို ကိုးကန့်ဘက်က လူတွေ ဆေးလာသုတ်သွားတယ်၊ တချို့လည်း ထုံးနဲ့ပဲ သုတ်သွားတယ် ပြောတယ်။ အရင်လ အစည်းအဝေးမှာတုန်းက သူတို့(MNDAA)ပြောတာ နောက်ခံအဖြူရောင်ပေါ်မှာ ပလောင်စာတော့ ရေးလို့ရတယ်ပြောလို့ ချန်ထားတာ၊ အခုက အဲ့စာလုံးတွေကိုပါ ဆေးဖြူသုတ်သွားတာ” ဟု ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း တအာင်း(ပလောင်)လူမျိုး အများစု နေထိုင်သည့် ပန်ကူ၊ အင်မိန်းဟိုကျန့်၊ လွယ်ကန် စသည့် အနီးအနား ကျေးရွာအုပ်စုများရှိ ရွာအဝင်ဆိုင်းဘုတ်များကို ကိုးကန့်တပ်သားများမှ အဖြူရောင် လိုက်လံဆေးခြယ်ခဲ့သော်လည်း ကချင်ရိုးရာ အမှတ်အသားနှင့် ဆိုင်းဘုတ်များမှာ မူလအတိုင်း ရှိနေကြောင်း ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA ထိန်းချုပ်နိုင်ခဲ့သည့် နယ်မြေများတွင်လည်း ဒေသခံများ၏ သဘောဆန္ဒ မပါဘဲ မြို့ရွာဆိုင်းဘုတ်များကို အရောင်ပြောင်း ဆေးခြယ်ခြင်း၊ တအာင်း(ပလောင်) ဘာသာဖြင့် အစားထိုးရေးသားခြင်းများကို သီပေါမြို့၊ မိုင်းငေါ့မြို့၊ ကွတ်ခိုင်မြို့နှင့် မိုင်းယုကျေးရွာတို့တွင် လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အဓိကတော့ အမြင်မမှားဖို့ လိုတာပေါ့၊ လက်နက်ကိုင်တပ်ရဲ့ လုပ်ရပ်ဟာ သူတို့ လူမျိုးတစ်ခုလုံးကို ကိုယ်စားပြုတာ မဟုတ်ဘူးလေ။ ဒါကို လူမျိုးရေး ပဋိပက္ခလို့ မြင်သွားရင် သျှမ်းမြောက်ရဲ့ ပြဿနာက ဘယ်တော့မှ မပြီးနိုင်ဘူး။ အခုက မြို့အဝင် ရွာအဝင် ဆိုင်းဘုတ်ကအစ လိုက်ပြောင်းနေလို့ ပြဿနာ တက်နေတာ၊ လူမျိုးတစ်မျိုးရဲ့ သရုပ်လက္ခဏာဆိုတာက ဘယ်သူအစိုးရဖြစ်ဖြစ် မဖိနှိပ်ကောင်းဘူး” ဟု သျှမ်းပြည်မြောက်ပိုင်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အလုံးစုံ ထိန်းချုပ်ရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် MNDAA ဗဟိုခေါင်းဆောင်များကြား လောက်ကိုင်မြို့တွင် မတ်လ တတိယပတ်အတွင်း ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သဘောတူနိုင်ခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးမှ မီဒီယာများသို့ မတ်လ ၂၀ ရက်တွင် ဖြေကြားထားသည်။

ထို့နောက် မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ အုပ်ချုပ်ရေးလုပ်ငန်းစဉ် ချမှတ်နိုင်ရန် ဒေသခံများကို အစည်းအဝေး ခေါ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများ MNDAA ထံ လက်နက်အပ်နှံရန်နှင့် ဆေးဝါးကုသမှု ခံယူရန် ပြောဆိုစည်းရုံးခဲ့သည့်အပြင် ကျေးရွာဆိုင်းဘုတ်များကိုလည်း အောက်ခံ အဖြူရောင်ပေါ်တွင် လူမျိုးအလိုက် သက်ဆိုင်ရာ စာပေနှင့် မြန်မာစာဖြင့် ရေးသားရန် MNDAA တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများထံမှ သိရသည်။

“လောလောဆယ်တော့ အဲ့ပြဿနာက ဖြေရှင်းပြီးသွားပြီ ပြောတယ်။ ရွာဘေးမှာ မိုင်းထောင်ထားတာ ရှိလို့ အဲဒါတွေ လာရှင်းလင်းပေးဖို့လည်း တောင်းဆိုထားတယ်။ ကျွဲနွားတွေ အထိအခိုက် များလို့ သူတို့လည်း အပြင် မထွက်ရဲလို့ လောလောဆယ်တော့ အဲဒါ မိုင်းရှင်းလင်း စစ်ဆေးရေး အရင်ဝင်ပေးဖို့လည်း သူတို့ ပြောထားတယ်၊ ပလောင်ပြည်သူတွေက ကိုးကန့်တပ်ကို ပြောထားတာ” ဟု ကွတ်ခိုင်ဒေသခံ အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

MNDAA တာဝန်ရှိသူများမှ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းကာ လူထုတွေ့ဆုံပွဲများတွင် တရုတ်၊ မြန်မာနှင့် တအာင်း(ပလောင်) ဘာသာစကား ၃ မျိုးဖြင့် ပြောကြားခဲ့ကြောင်း မတ်လ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သော်လည်း ဒေသခံများမှာ တရုတ်စကားပြန်ဖြင့်သာ တဆင့်ခံ ဆက်သွယ်ပြောဆိုနေရကြောင်း သိရသည်။

“သျှမ်းပြည်ထဲက လက်နက်ကိုင်တွေအနေနဲ့ လူမျိုးပေါင်းစုံကို ကိုယ့်ဘက်ပါအောင် စည်းရုံးဖို့ဆိုတာက တော်တော်လေး ခက်တယ်။ အဲ့လို မစည်းရုံးနိုင်ရင်တော့ စစ်တိုက်လို့ ရထားတဲ့ နယ်မြေတွေကို တစ်ချိန်မှာ ပြန်လက်လွတ်ရမယ်ဆိုတာ TNLA ကို နမူနာ ကြည့်လို့ရတယ်။ နောက်ပြီးတော့ ဒေသခံတွေရဲ့ ယဉ်ကျေးမှုတွေ အထိမ်းအမှတ်တွေကို လေးစားဖို့ လိုတယ်”ဟု အဆိုပါ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသားက ထပ်လောင်းပြောသည်။

မတ်လအတွင်း ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့နယ်များတွင် ညီနောင်မဟာမိတ်တပ်များ ဖြစ်ကြသည့် TNLA နှင့် MNDAA အကြား စစ်ရေးပဋိပက္ခ ပြင်းထန်နေစဉ် လူမျိုးရေးပဋိပက္ခသို့ ဦးတည်သည့် လုပ်ရပ်များကို ချက်ချင်းရပ်တန့်ပေးရန် တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများ ကွန်ရက်မှ တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“MNDAA က တရုတ်ကို အာဏာဖီဆန်မှာလား။ နောက်ဆုတ်မှာလား”

0
"၁၀၂၇ စစ်ဆင်ရေး" တစ်နှစ်ကာလအတွင်း ကိုးကန့်တပ်ဖွဲ့တွေ ဘယ်လိုမျိုးပြောင်းလဲသွားလဲ။ တရုတ်ကရော ဘယ်လိုအခြေအနေရှိလဲ။ စစ်ကောင်စီကရော ဘယ်ခြေလှမ်းတွေ လှမ်းနေလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန်က သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းနှင့် တွေ့ဆုံဆွေးနွေး မေးမြန်းထားပါတယ်။ မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်တော့မယ့် ကာလအတွင်းမှာ...