ထိုင်းနိုင်ငံ၊ နိုင်ငံတော်ရေအရင်းအမြစ်ရုံး (Office of the National Water Resources) ၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတစ်ခုလုံးတွင် အသုံးပြုနိုင်သည့် ရေ ပမာဏ ၄၉ ရာခိုင်နှုန်းသာကျန်ရှိတော့သည့်အတွက် မိုးခေါင်ရေရှားမှုအန္တရာယ် ကြုံတွေ့လာနိုင်ကြောင်း Khaosod English တွင်ဖော်ပြထားသည်။
လက်ရှိတွင် ထိုင်းတနိုင်ငံလုံးအတိုင်းအတာဖြင့် ဆည်များအတွင်း ကျန်ရှိနေသည့် သိုလှောင်ထားသည့် ရေပမာဏ ၆၄ ရာခိုင်နှုန်းရှိနေသေးသော်လည်း အနည်အနှစ်များနှင့် အခြားအကြောင်းရင်းများကြောင့် အမှန်တကယ် ထုတ်ယူအသုံးပြုနိုင်သည့် ရေပမာဏမှာ သိသိသာသာ လျော့နည်းနေခြင်းဖြစ်သည်။ ယင်းအခြေအနေကြောင့် ယခုနွေရာသီအတွင်း ရေပေးဝေနိုင်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်နေသည်။
အထူးသဖြင့် ထိုင်းနိုင်ငံအလယ်ပိုင်းဒေသတွင် အသုံးပြုနိုင်သည့် ရေပမာဏ ၄၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားကာ အစိုးရိမ်ရဆုံး အခြေအနေတွင် ရှိနေကြောင်း သိရသည်။
ထို့အပြင် စိုက်ပျိုးရေးကဏ္ဍတွင်လည်း နွေစပါးစိုက်ပျိုးမှုမှာ မူလလျာထားချက်ထက် ၁၁၄ ရာခိုင်နှုန်းအထိ ကျော်လွန်နေပြီး၊ စိုက်ပျိုးဧရိယာမှာလည်း ၁၁၂ ရာခိုင်နှုန်းအထိ ရှိနေသည်။ ထိုသို့ လျာထားချက်ထက် ပိုမိုစိုက်ပျိုးလာခြင်းက ရှိရင်းစွဲ ရေအရင်းအမြစ်များအပေါ် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ရေပြတ်လပ်မှု အကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။







Leave a Comments