မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ သားတော် စဝ်စန်ယောင်းဟွေ၏ ဘဝဖြတ်သန်းမှုနှင့် သျှမ်းတော်လှန်ရေး သမိုင်းကြောင်းကို ဖော်ပြထားသည့် “Young Tigers” စာအုပ် မိတ်ဆက်ပွဲကို ယနေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) မွန်းလွှဲပိုင်းက ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံဌာန (RCSD) တွင် ကျင်းပခဲ့သည်။
အဆိုပါစာအုပ်ကို ဝါရင့်သတင်းစာဆရာ Bertil Lintner နှင့် Hseng Noung Lintner တို့ ပူးတွဲရေးသားထားသည်။
Young Tigers စာအုပ်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် မင်းဆွေမင်းမျိုးဘဝမှ တောတွင်းတော်လှန်ရေးသမား ဖြစ်လာခဲ့ရသည့် စဝ်စန်ယောင်းဟွေ၏ ဘဝကို အခြေခံကာ မြန်မာ့နိုင်ငံရေး၏ အလှည့်အပြောင်းများကို သုတေသနပြု ရေးသားထားခြင်း ဖြစ်သည်။
စာအုပ်မိတ်ဆက်ပွဲအတွင်း စာရေးဆရာ Bertil Lintner က ၁၉၄၇ ပင်လုံစာချုပ်ပါ ကတိကဝတ်များ ပျက်ပြားသွားခြင်းသည် မြန်မာနိုင်ငံ ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်အတွင်း နစ်မွန်းရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ်၏ ဆိုးကျိုးများကို ဆွေးနွေးခဲ့သည်။

ထို့အပြင် စဝ်စန်ယောင်းဟွေ၏ ဖက်ဒရယ်ပြည်ထောင်စုအပေါ် ထားရှိသော မျှော်မှန်းချက်များနှင့် ယနေ့လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးကြားက ဆက်စပ်မှုများကိုလည်း တက်ရောက်လာသူများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
Bertil Lintner သည် မြန်မာ့အရေးနှင့် ပတ်သက်၍ ဆယ်စုနှစ်ပေါင်းများစွာ အနီးကပ် စောင့်ကြည့်လေ့လာခဲ့သူ ဖြစ်ပြီး အဆိုပါစာအုပ်သည် သူ၏ (၂၁) အုပ်မြောက် စာအုပ်ဖြစ်သည်။
ဓာတ်ပုံ – စိုင်းဟန်လင်း / သျှမ်းသံတော်ဆင့်

Bertil Lintner နှင့် Hseng Noung Lintner ပူးတွဲရေးသားသည့် “Young Tigers” စာအုပ်မိတ်ဆက်ပွဲ



















Leave a Comments