ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက်မည့် ချစ်သူများနေ့ (Valentine’s Day) သည် ကမ္ဘာတစ်ဝန်းတွင် ချစ်ခြင်းမေတ္တာကို ဖော်ပြသည့်နေ့အဖြစ် ကျင်းပကြသည်။
သို့သော်လည်း ချစ်သူများနေ့၏ နောက်ကွယ်တွင် ရှည်လျားသော သမိုင်းကြောင်း၊ ကြီးမားသော စီးပွားရေးဈေးကွက်နှင့် လူငယ်များအတွက် အထူးသတိပြုရမည့် ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည်။
ချစ်သူများနေ့ သမိုင်းကြောင်း
နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက် ရောက်တိုင်း ကမ္ဘာတစ်ဝန်းတွင် ချစ်သူများနေ့ (Valentine”s Day) ကို ကျင်းပလေ့ရှိကြသော်လည်း အဆိုပါနေ့၏ အစစ်အမှန် ဇစ်မြစ်မှာ ပျော်ပွဲရွှင်ပွဲသက်သက် မဟုတ်ဘဲ လူငယ်များ၏ ဘဝတည်ဆောက်ခွင့်အတွက် အသက်နှင့်ရင်း၍ တော်လှန်ခဲ့သော သမိုင်းကြောင်းတစ်ခု ရှိနေသည်။
သမိုင်းမှတ်တမ်းများအရ တတိယရာစု ရောမအင်ပါယာ Claudius II ဘုရင်လက်ထက်တွင် စစ်သားစု ဆောင်းမှုကို အဟန့်အတား ဖြစ်စေသည်ဟု အကြောင်းပြကာ လူငယ်များကို လက်ထပ်ခွင့် ပိတ်ပင်ခဲ့သည်။

အိမ်ထောင်ကျသွားသော အမျိုးသားများသည် မိသားစုကို သံယောဇဉ်တွယ်ပြီး စစ်ထွက်ရန် ငြင်းဆိုမည်ကို ဘုရင်က စိုးရိမ်သောကြောင့် ဖြစ်သည်။
ထိုအမိန့်ကို ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်း (St. Valentine) က လက်မခံဘဲ ချစ်သူစုံတွဲများကို လျှို့ဝှက်လက်ထပ်ပေးခဲ့သည်။
နောက်ဆုံးတွင် ဘုန်းတော်ကြီးသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကွပ်မျက်ခံခဲ့ရသည်။ နှောင်းလူများက ချစ်ခြင်းမေတ္တာနှင့် တာဝန်ယူမှုအတွက် အနစ်နာခံခဲ့သော ဘုန်းတော်ကြီးကို အောက်မေ့ဂုဏ်ပြုရာမှ ချစ်သူများနေ့ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းသည် လူငယ်များ၏ ဘဝတည်ဆောက်ခွင့်နှင့် တာဝန်ယူမှုအတွက် တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ခတ် လူငယ်များအနေဖြင့်လည်း ထိုအနှစ်သာရကို အခြေခံ၍ ပျော်ရွှင်မှုနှင့်အတူ မိမိနှင့် မိမိလက်တွဲဖော်၏ အနာဂတ်ကို ကာကွယ်ရန် တာဝန်ရှိသည်ဟု ကျွမ်းကျင်သူများက ထောက်ပြကြသည်။
မဖြစ်ခင်က ကြိုတင်ကာကွယ်
ခေတ်ကာလပြောင်းလဲလာသည့်နှင့်အညီ ချစ်သူများနေ့ ရောက်လာတိုင်းမှာ မိဘတွေက စိုးရိမ်ပူပန်မှုများ ဖြစ်လာကြသည်။
ယနေ့အချိန် ချစ်သူများနေ့ ဆိုလျှင် ခေတ်ရေစီးကြောင်းအရလား၊ လူငယ်များကို မှားယွင်းပေးသည့် သတင်းအချက် ကြောင်းလားမသိ ထိုနေ့ကို ရောက်ရှိလာလျှင် လိင်မှုကိစ္စဘက်ကို အသားပေး တွေးခေါ်စဉ်းစားလာကြသည်ကို မြင်တွေ့လာရသည်။
ထို့ကြောင့် “ ချစ်သူများနေ့” တစ်ဉီးပေါ် တစ်ဉီး မေတ္တာမျှ ချစ်ကြသူတိုင်း ကိုယ်ချစ်သူကို တန်ဖိုးထားကြပြီး၊ အရွယ်မတိုင်ခင် မဖြစ်သင့်သည့် ကိုယ်ဝန်ရရှိမှုများ၊ ကျန်းမာရေးဆိုင်ရာ လိင်မှတဆင့် မကူးစက်ရန်အတွက်လည်း ကြိုတင် ပြင်ဆင်ထားကာ ကျန်းမာရေးဗဟုသုတများလည်း ရှိရန်လိုအပ်ပေသည်။
AI သုံး ချစ်ဟန်ဆောင်လိမ်ညာမှုများ
လိမ်လည်သူများသည် AI ကို အသုံးပြု၍ အလွန်နက်ရှိုင်းပြီး ယုံကြည်လောက်စရာကောင်းသည့် အချစ်စာလွှာများကို စက္ကန့်ပိုင်းအတွင်း ဖန်တီးကာ အွန်လိုင်းမှတစ်ဆင့် လူငယ်များကို ချဉ်းကပ်လာနေသည်။
လက်ရှိတွင် ဉာဏ်ရည်တု (AI) နည်းပညာ တိုးတက်လာမှုကြောင့် ယင်းလိမ်လည်မှုများမှာ ယခင်ကထက် ပိုမိုထိရောက်ပြီး ခွဲခြားရန် ခက်ခဲလာနေသည်။
အရေးကြီးဆုံး သတိပေးချက်မှာ မည်မျှပင် ချစ်သည်ဟု ဆိုစေကာမှု အွန်လိုင်းမှတစ်ဆင့် လက်ဆောင်ကတ်များ ဝယ်ခိုင်းခြင်း၊ ခရစ်တိုငွေကြေး ပေးပို့ခိုင်းခြင်းနှင့် ဘဏ်အချက်အလက် တောင်းခံခြင်းများသည် ၁၀၀ ရာခိုင်နှုန်း လိမ်လည်မှုသာ ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုများ၏ ၆၂ ရာခိုင်နှုန်းကျော်သည် ချစ်ဟန်ဆောင် လိမ်ညာသည့် ဆက်ဆံရေးများမှတစ်ဆင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းများ စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ (BBB) ၏အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
“ချစ်သူ (သို့မဟုတ်) ဘဝလက်တွဲဖော်ကို အွန်လိုင်းမှာ ရှာဖွေနေတဲ့အခါ သင်တွေ့ဆုံတဲ့သူတွေကို သတိထား ပါ” ဟု အရှေ့ပိုင်း ကာရိုလိုင်းနားဒေသ စီးပွားရေးလုပ်ငန်းများ စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မယ်လိုရီ ဝေါ့ဂျီဟောင်းစကီးက သတိပေးသည်။
လုံခြုံရေးကို သတိပြုပါ
ခဏတာ စိတ်လှုပ်ရှားမှုကြောင့် မိမိတို့၏ လိင်မှုရေးရာ လှုပ်ရှားမှုများကို ဖုန်းဖြင့်မှတ်တမ်းတင်ခြင်းသည် နောက်တစ်ချိန်တွင် လက်စားချေ ဗီဒီယိုဖြန့်ခြင်းအဖြစ် ပြောင်းလဲသွားနိုသည့် အန္တရာယ်ရှိသည်။
တစ်ခါရောက်ရှိသွားသည့် ဒေတာများသည် အင်တာနက်ပေါ်မှ ပြန်ဖျက်ရန် အလွန်ခက်ခဲသဖြင့် လူငယ်များအနေဖြင့် မိမိ၏ ဂုဏ်သိက္ခာနှင့် လုံခြုံရေးအတွက် ဒစ်ဂျစ်တယ်မှတ်တမ်းတင်မှုများကို အထူးဆင်ခြင်သင့်သည်။
ထို့အပြင် သဘောတူညီမှုသည် အဓိကဖြစ်သည်။ လက်ဆောင်ပေးထားရုံဖြင့် လိင်ဆက်ဆံရန် တာဝန်ရှိသည်ဟု မယူဆသင့်ဘဲ နှစ်ဦးသဘောတူ ဆန္ဒရှိမှသာ ရှေ့ဆက်သင့်သည်။
နှင်းဆီပန်းတစ်စည်း၏ နောက်ကွယ်တွင် ပေးဆပ်မှု၊ တာဝန်ယူမှုနှင့် အသိပညာရှိမှုဟူသော အနှစ်သာရများ ရှိနေသည်။ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်း၏ စွန့်လွှတ်မှုကို ဂုဏ်ပြုလိုလျှင် လူငယ်များအနေဖြင့် တစ်ဦးကိုတစ်ဦး လေးစားတန်ဖိုးထားပြီး ယခုနှစ် ချစ်သူများနေ့တွင် “အသိ” ဖြင့်ချစ်ပြီး “သတိ” ဖြင့် ပျော်ရွှင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။







Leave a Comments