သျှမ်းပြည် ကိုးကန့်ဒေသမှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းကို အဓိက လုပ်ကိုင်ခဲ့သည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’မိသားစုဝင်များ အပါအဝင် (၁၁) ဦးတို့ကို တရုတ်နိုင်ငံ တရားရုံးတစ်ခုမှ သေဒဏ်ချမှတ်ပြီးနောက် စီရင်ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။
ယမန်နှစ် ၂၀၂၅ စက်တင်ဘာလအတွင်း အွန်လိုင်းငွေကြေး လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် အဓမ္မ ညှင်းပမ်းနှိပ်စက်မှု၊ လူသတ်မှုတို့ဖြင့် တရုတ်နိုင်ငံ တရားရုံးတစ်ခုတွင် သေဒဏ် ချမှတ်ခံထားရသည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’မိသားစုဝင်များ အပါအဝင် (၁၁) ဦးတို့ကို ယနေ့ (ဇန်နဝါရီလ ၂၉ ရက်) တွင် ပြစ်ဒဏ်စီရင် ကွပ်မျက်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြသည်။
တရုတ်နိုင်ငံမှ ဖမ်းဝရမ်းထုတ်ပြန်ထားစဉ် အဆုံးစီရင်ခဲ့သည့် ဦးမြီရှောက်ချန်း၏ သားဖြစ်သူ မြီကော်ဖျင် (Ming Guoping) နှင့် မြေးဖြစ်သူ မြီကျိန်းကျန်း (Ming ZhenZhen) အပါအဝင် (၁၁) ဦးတို့ကို သေဒဏ်စီရင်လိုက်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သော်လည်း မည်သည့်နေ့ရက်တွင် ကွပ်မျက်ခဲ့သည်ကို အတိအကျ မသိရပေ။
ပေကျင်းမြို့တော်ရှိ တရုတ်နိုင်ငံ တရားလွှတ်တော်ချုပ်က ပြစ်မှုများအတွက် တင်ပြထားသော သက်သေအထောက်အထားများ ခိုင်လုံမှုရှိသည်ဟု ဆိုကာ သေဒဏ်ချမှတ်မှုကို အတည်ပြုခဲ့ပြီး ၎င်းတို့ကို သေဒဏ်စီရင်ခြင်း မပြုမီ သက်ဆိုင်ရာ မိသားစုများနှင့် တွေ့ဆုံခွင့်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
တရုတ်အစိုးရ ရှေ့နေများက မြန်မာ-တရုတ်နယ်စပ်ရှိ ကိုးကန့်ဒေသ အခြေစိုက် ရာဇဝတ်ဂိုဏ်းကို ‘မြီ’မိသားစုဝင်များမှ “၎င်းတို့၏ ဩဇာနှင့် လက်နက်ကိုင်တပ်များကို အသုံးပြုကာ စက်မှုဇုန် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်၍ ငွေကြေးထောက်ပံ့သူများနှင့် ပူးပေါင်းကာ ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း” စွပ်စွဲထားသည်။ ၎င်းအကျိုးဆက်အဖြစ် တရုတ်နိုင်ငံသား (၁၄) ဦး အသတ်ခံရပြီး (၆) ဦး ဒဏ်ရာရကာ တရုတ်ယွမ်ငွေ ဘီလီယံ နှင့်ချီ၍ ဆုံးရှုံးခဲ့ရကြောင်း ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလ ၃၀ ရက်တွင် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’မိသားစုဝင်များ အပါအဝင် ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်သူ (၃၉) ဦးတို့ကို တရုတ်နိုင်ငံအရှေ့ပိုင်း ဝမ်ကျိုးမြို့ရှိ တရားရုံး၌ ရာဇဝတ်မှု သံသယဖြင့် စတင်တရားစွဲဆိုခဲ့သည်။

အွန်လိုင်းကျားဖြန့် ငွေလိမ်မှုများ အပါအဝင် ရာဇဝတ်မှုများဖြင့် ဆက်စပ်နေသော မြီရှောက်ချန်း၏ သားဖြစ်သူ မြီကော်ဖျင် Ming Guoping ၊ သမီးဖြစ်သူ မြီကျုလန် Ming Julan ၊ မြေးဖြစ်သူ မြီကျိန်းကျန်း Ming ZhenZhen တို့ကို ၂၀၂၃ နိုဝင်ဘာလ (၁၆) ရက်တွင် စစ်ကော်မရှင်က တရုတ်နိုင်ငံသို့ လွှဲပြောင်းခဲ့သည်။
တရုတ်နိုင်ငံတွင် သေဒဏ်စီရင်ခံရသည့် မြီကော်ဖျင် Ming Guoping သည် စစ်ကော်မရှင်တပ် ကွပ်ကဲမှုအောက်ရှိ ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင်ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများကို ကာကွယ်ရန်နှင့် အမြတ်ထုတ်ရန် ရာဇဝတ်ဂိုဏ်းတွင် တာဝန်ရှိသူဖြစ်ကြောင်း သိရသည်။
အလားတူ တရုတ်နိုင်ငံတွင် ကျားဖြန့်အမှုများဖြင့် တရားရင်ဆိုင်နေရသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန် (Bai Suo Cheng) နှင့် ၎င်း၏သားဖြစ်သူ ပယ်ရင်ချန် (Bai Yingcang) အပါအဝင် ၅ ဦးတို့ကို တရုတ် အစိုးရက ယမန်နှစ် ၂၀၂၅ နိုဝင်ဘာလဆန်းပိုင်းတွင် သေဒဏ်ချမှတ်ထားသည်။
ညီနောင်မဟာမိတ်တပ်များက ကျားဖြန့်တိုက်ဖျက်ရေး ကြွေးကြော်ကာ “၁၀၂၇ စစ်ဆင်ရေး” ကို ဆင်နွှဲခဲ့ပြီးနောက် စစ်ကော်မရှင်တပ်ထံ သြဇာခံခဲ့သည့် ကိုးကန့်ဒေသ ဦးသျှောင် ‘ပယ်’၊ ‘ဝေ’၊ ‘မြီ’ နှင့် ‘လျို’ မိသားစုဝင်များမှာ တရုတ်နိုင်ငံ အကျဉ်းထောင်များတွင် ရာဇဝတ်မှုဖြင့် တရားရင်ဆိုင်နေရသည်။







Leave a Comments