ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ရှိ လိင်လုပ်ငန်းတစ်ခုတွင် အသက် ၁၅ နှစ်အရွယ် မြန်မာကလေးတစ်ဦးအပါအဝင် မိန်းကလေး ၃ ဦးကို ထိုင်းအာဏာပိုင်များက ကယ်ထိုင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။
ချင်းရိုင်တွင် ကလေးငယ်များကို လိင်လုပ်ငန်းများတွင် အတင်းအဓမ္မခိုင်းစေနေကြောင်း လူထုက သတင်းပေးပို့ခဲ့ပြီးနောက် ချင်းရိုင်မြို့တော်ဝန်မှ အောက်တိုဘာလ ၂ ရက်တွင် တရားမဝင် လူကုန်ကူးမှုတိုက်ဖျက်ရေး အစီအစဉ်ကို စတင်အကောက်ထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ကျူးလွန်သူများကို အတည်ပြုနိုင်ရန် အာဏာပိုင်များက အသွင်ယူထားသူတစ်ဦးကို စေလွှတ်ခဲ့ပြီး အတည်ပြုပြီးသည်နှင့် အာဏာပိုင်အဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဝင်ရောက်ဖမ်းဆီးခဲ့သော လိင်လုပ်ငန်းတွင် စုစုပေါင်း မိန်းကလေး ၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါမိန်းကလေးများကို လိင်လုပ်ငန်းတွင် စေခိုင်းသူကိုပါ ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။

အာဏာပိုင်များ၏ ကနဦး မေးမြန်းချက်များအရ အသက် ၁၅ နှစ်အရွယ် မြန်မာကလေးတစ်ဦးသည် စားသောက်စရိတ်နှင့် အိမ်ကို ပြန်ပို့နိုင်ရန် ယခုလိုလိင်လုပ်ငန်းများကို ဆက်သွယ်ခဲ့ကြောင်း ဆိုသည်။
မိန်ကလေးကို ငှားရမ်း ခေါ်ချင်သည့် သူများသည် ထိုလုပ်ငန်းများကို Line အက်ပလီကေးရှင်းမှတစ်ဆင့် ဆက်သွယ်ရပြီး လိင်လုပ်ငန်းဦးဆောင်သူက မိန်းကလေးများ၏ ဓာတ်ပုံကိုပို့ပြီး ကြိုက်သည့်သူကို ရွေးခိုင်းကြောင်း၊ ထို့နောက် သဘောတူညီမှုရလျှင် မိန်းကလေးငယ်များကို ခေါ်ယူသည့် နေရာအထိ အရောက်ပို့ပေးရကြောင်း သိရသည်။

ထိုမိန်းကလေးငယ်များသည် ထိုင်းဘတ်ငွေ ၁,၈၀၀ မှ ၃,၀၀၀ အကြား ဈေးနှုန်းရှိပြီး အသက်နှင့် ရှပ်ရည်ပေါ် မူတည်ကာ ကွဲပြားကြောင်း ဆိုသည်။ သို့သော် ထိုလုပ်ငန်းအတွင်းရှိ မိန်းကလေးများမှာ ထိုင်းဘတ်ငွေ ၁,၀၀၀ သာရရှိပြီး ကျန်ငွေများအားလုံးကို ပွဲစားထံ ပေးရကြောင်း သိရသည်။
လက်ရှိတွင် လူကုန်ကူးသူဟု သံသယရှိသူ တစ်ဦးကို မိန်းကလေးငယ်များကို ပြည့်တန်ဆာအဖြစ် ဝယ်ယူရန်နှင့် အရွယ်မရောက်သေးသူကို မဖွယ်မရာပြုမှုရန် အားပေးမှုတို့ဖြင့် ကနဦး တရားစွဲဆိုထားကြောင်း သိရသည်။
ဆက်လက်ပြီး ထိုင်းအာဏာပိုင်းများက လူကုန်ကူးခံထားရသူများကို စုံစမ်းစစ်ဆေးသွားမည်ဟု ပြောဆိုထားသည်။







Leave a Comments