Wednesday, January 28, 2026

ရွာငံ-သာစည်ကြား နေအိမ်များ ရေနစ်မြှုပ်၊ ပြောင်းရွှေ့နေထိုင်ရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် နှင့် သာစည်မြို့နယ် ကြားရှိ ကျွဲတပ်ရွာတွင် ရွာအလယ်ပိုင်းရှိ နေအိမ် (၁၅)လုံး ရေနစ်မြှုပ်နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမ ပတ်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကျေးရွာအတွင်း ရေများစိမ့်ထွက်ကာ နေအိမ် ၁၅ လုံး နစ်မြှုပ်မှုကြောင့် ဒေသခံများ ရွှေ့ပြောင်းနေထိုင်ရကြောင်း အသက် ၃၀ကျော်ရှိ ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတာ်ဆင့်ကိုပြောသည်။

“ဟိုးရက်က မိုးများပြီး မြေအောက်ကနေ ရေတွေ စိမ့်ထွက်လာတာပဲ။ ချောင်းတော့ မရှိဘူး။ ဒီတိုင်း ရွာလယ်မှာ ရေတွေစိမ့်ထွက်လာတာ။ နေအိမ်က ၁၅ လုံးလောက် မြှုပ်နေပြီ။ ရေက အတက်လိုက်ဆိုတော့ နောက်ထပ် ဘယ်နှအိမ် ထပ်မြုပ်အုံးမလဲ မသိဘူး။ တောင်ယာ တချို့လည်း မြှုပ်ကုန်တာ။”ဟု ၎င်းဒေသခံအမျိုးသားက ဆိုသည်။

ထိုသို့ နေအိမ်များ ရေနစ်မြုပ်လာခြင်းကြောင့် ရွာခံအချို့မှာ အနီးနားရှိ ဆွေမျိုးအိမ်တွင် သွားရောက်ခိုလှုံနေရကြောင်း ၎င်းက ဆက်ပြောသည်။

ကျွဲတပ်ရွာသည် ရွာငံမြို့နယ် နန်းခုံ ကျေးရွာအနောက်ဖက် သာစည်မြို့နယ်အတွင်း တည်ရှိပြီး အိမ်ခြေ ၃၀၀ နီးပါးရှိသည့် ဓနုရွာလေး ဖြစ်ကာ စိုက်ပျိုးရေးလုပ်ကိုင်ကြသည်။

“ကြာရင်တော့ နေလို့မရလောက်ဘူး။ ချောင်းပုံစံ ဖြစ်လာနိုင်တယ်။ မနှစ်ကလည်း မြှုပ်သေးတယ်.။ သုံးလ ကြာတယ် ရေကျဖို့။ ဒီနှစ်လည်း ဘယ်နှလ ကြာမယ်မသိဘူး။ မိုးရာသီ မိုးများလာပြီဆို ပြောင်းပြီး နေထိုင်ရတာ မလွယ်ဘူး။ ရွာထဲ သွားရလာရလည်း ခက်တယ်။” ဟု ၎င်းကထပ်လောင်းပြောသည်။

အလားတူ ရွာငံမြို့နယ် တပ်ပုတ်ကျေးရွာနှင့် မြင်းဝန်းကျေးရွာ ဆက်ထားသည့် လမ်းပိုင်းသည်လည်း ရေနစ်မြှုပ်နေသည်မှာ တစ်လကျော်ကြာပြီဖြစ်ပြီး ယနေ့အထိ ရေမကျသေးသောကြောင့် ဒေသခံများ သွားလာရေး အခက်တွေ့နေကြောင်း သိရသည်။

“လမ်းက ရေကျော်နေတာ သွားလာမရဘူး။ မြင်းဝန်းနဲ့ တပ်ပုတ်ရွာနဲ့က ဒီတစ်လမ်းတည်းရှိတာ။ ဒီလမ်းက ဖြတ်မရတော့ ဟိုး မြင်းကျဒိုးဖက်ကနေ အဝေးကြီး ပတ်ပြီးသွားရတယ်။ သွားရလာရ ခက်ခဲတယ်။ လမ်းက မြေလမ်းဆိုတော့ ရွှံတွေ ဗွက်တွေနဲ့။ ရေကလည်း ကျော်နေတော့ ဖြတ်မရဘူး။”ဟု မြင်းဝန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရွာငံမြို့ ယကြီးကျေးရွာတွင်လည်း လမ်းမကြီး ရေတိုက်စားသောကြောင့် လမ်းများပျက်စီးသွားပြီး ဆက်သွယ် သွားလာရန် ခက်ခဲသွားကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွာငံ-အောင်ပန်းလမ်းပိုင်း ရေတိုက်စားကာ ပျက်စီးသွားခဲ့ပြီး ယနေ့အထိ အနည်းငယ်သာ ပြုပြင်ရသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News